Welcome to Tenasserim Peninsula

Saturday, November 28, 2009

ဒီမိုပန်းတွေဝေတော့မှပြန်ခဲ့မယ် တနင်္သာရီရယ်....


ယနေ့ကျင်းပသော စာဆိုတော်နေ့အခမ်းအနားမှ ကျနော့်ရဲ့ကဗျာလေးပါ

အိန္ဒိယရောက် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်သူ စာပေးဝါသနာရှင်များ၏ စားပေများကို ထပ်မံဖတ်ရူလို့ပါက အောက်ဖော်ပြပါ ဘလော့တွင်ထပ်မံဖတ်ရူနိုင်ပါသည်။
www.sasodaw.blogspot.com

အပြည့်အစုံသို့...

Thursday, November 19, 2009

ကွန်ဖက်ရှင်အော့ဖ် သ ပေသီး (ချပ်ပတာ သရီး)

ကျွန်ုပ်သည် ခါးကြားတွင် ညှပ်လာခဲ့သော သားရေပိုက်ဆံအိတ်ကလေးကို ဟန်ပါပါထုတ်ပြီးသကာလ ဆင်ရုပ်ပါသည့် ငါးထောင်တန်အသစ်စက်စက်ကို ထုတ်ပေးလိုက်၏။

ညှက်စိသည် ခေတ်၏ သရုပ်ကို ထင်ဟပ်စေသော အနာဂတ်ခေါင်းဆောင်တယောက် ဖြစ်ပေသည်မဟုတ်လော။ ညှက်စိသည် လူငယ့်ဘာဝ ခေတ်ရေစီးကြောင်းတွင် တုံကင်းပေါ်မှ စွန့်သွားသော မစင်တုံးကဲ့သို့ မျောနေသော အားကိုးဖွယ် အလားအလာရှိသည့် လူငယ်တဦး မဟုတ်လော။

ကျွန်ုပ် ကိုပေသီးတို့ငယ်စဉ်တုန်းကလည်း ပိုလီယိုဝေဒနာရှင် ဓါတ်လိုက်သလို က,လိုက်မှ လူရာဝင်သည်၊ အရသာရှိသည်၊ လူဖြစ်ကျိုးနပ်သည်ဟု ခံစားကာ အုန်းသီးကက်ဆက်ဟု ခေါ်သော ကက်ဆက်ကို ဘက်ထရီအိုးချိတ်၍ ဈေးထောင့် ဗာဒံပင်အောက်တွင် အကပြိုင်ခဲ့ကြသည်မှာ အမောမဟုတ်ပါလော။

ညှက်စိသည်ကား လိုအပ်သော ငွေအသပြာ ရရှိပြီးသည်နှင့် နောက်ဖေးပေါက်မှ လာဘ်လာဘများ ရွှင်နေသော ပုလိပ်စခန်းမှူးတယောက်၏ မျက်နှာပေးဖြင့် ဆူညံပူညံ မလုပ်တော့ဘဲ ပြုံးဖြဲဖြဲ တရွေ့ရွေ့ကွတကွတ ထွက်ခွာသွားတော့၏။

ထိုအချိန်တွင် ညာဘက်ဝိုင်းတွင်ထိုင်နေသောအုပ်မှ ရခိုင်ပြည်မှ ပြောင်းလာသည့် ကျောင်းဆရာသည် ချဲဒိုင်တယောက်နှင့် စကားလက်စသတ်ပြီးနောက် ကျွန်ုပ်တို့ဝိုင်းဖက်သို့ ကူးလာ၏။

ထိုကျောင်းဆရာကား ကျွန်ုပ် ကိုပေသီးလောက် မတော်သော်လည်း နေရာတကာ သူသိသူတတ်အားကြီး လုပ်၏။ ကျွန်ုပ် ကိုပေသီးက မိမိ၏ ခန့်ညားသော ကျောက်ကျောရေပက်ထားသည်နှင့်တူသည့် ဥပဓိရုပ်ကို အတတ်နိုင်ဆုံးတည်လိုက်ပြီး ရေနွေးကြမ်းတခွက် ငှဲ့လိုက်ချိန်တွင် ကျောင်းဆရာ၏ အင်တာဗျူး ဆန်ဆန် စကားဝိုင်း စတင်ပါတော့၏။ …

“ဒီနေ့တော့ ကိုနောက်တိုးကို စပြီးမေးရဦးမယ်ဗျ...
ဒီလိုဗျာ လက်ရှိ ဆောင်းရာသီရဲ့အနေအထားကို ဘယ်လိုသုံးသပ်ပါသလဲ”

နောက်တိုးက ခွေးခြေပုပေါ်တွင် တင်ပါးကို ပြောင်းထိုင်ကာ တင်ပလွှဲဟန်ဖြင့် မေးစိကို ဘယ်လက်ဖြင့် ထောက်ပြီး မပွင့်တပွင့်ဟန် ဆွေးနွေးလှာသည်မှာ....
“ဒီလိုဗျ ဆရာရဲ့ … မက်ဆိုပိုတေးမီးယားစစ်မြေပြင်မှာတုန်းက ကဒါဖီက ဘာမှမဟုတ်သေးဘူးဗျ။
တပြိုင်နက်ထဲမှာ တရုတ်ပြည်က မော်တို့ကလည်း ချန်ကေရှိတ်နဲ့ ပေါက်စီလုပ်နည်းအပေါ်မှာ သဘောထားမတိုက်ဆိုင်လို့ သူ့အင်အားသူ စုနေတုန်းကာလလည်း ဖြစ်တယ်ဗျ။ အဲ..... လူ ပြိန်းစကားနဲ့ပြောရရရင်တော့ဗျာ ကျုပ်တို့ မြို့မှာတော့ ချဲဒိုင်တွေရှိဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ ဘာမှမရှိတာထက်စာရင်တော့ တခုခုရှိနေတာ ကောင်းတာပေါ့ဗျာ ”

နိုင်ငံခြားပြန်၊ တိုင်းပြည်ခေါင်းဆောင်အလောင်းအလျာ၊ အဖိနှိပ်ခံများ၏ အားကိုးရာ၊ တယ်လီဗွီးရှင်း ဆယ်လစ်ဘရစ်တီ ဆရာသမားက လက်ဘက်ရည်ဆိုင်မှ ဓါတ်စက်သံကိုလွှမ်းသည့် ကျယ်လောင်မှုဖြင့် နောက်တိုး၏ ဆွေးနွေးချက်ကို ဤသို့ထောက်ခံလိုက်ပြန်၏။…
“အမှန်ပဲဗျ၊ ချဲဒိုင်တွေ ရှိနေသင့်တာပေါ့။ ကျုပ် နိုင်ငံခြားရောက်တုန်းကဆို တရားဝင်ပဲ ရေဒီယိုတွေ ရုပ်မြင်သံကြားတွေက ထီဖွင့်ရက်ကို ကြေငြာတာပဲ။ ဥပမာဗျာ… အိုင်ယာလန်ကိစ္စကြည့်ပါလား။ အိုင်းရစ်တွေဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အရက်ကောင်းကောင်းတော့ သောက်နိုင်နေတာက ဘယ်သူမှ ငြင်းမရတဲ့ကိစ္စပဲလေ” ဟု ဖြစ်၏။

ကျောင်းဆရာက နောက်တိုး ဆက်လက်၍ လေလုံးတွေ လွှတ်တော့မည်ကို ကြိုသိသည့်အလား စကားကိုဖြတ်ကာ… ‘ဘေထုတ်အရေး လေ့လာသူ’ ကိုဟန်မောင်ကို အောက်ပါအတိုင်း မေးလိုက်ပြန်၏။
“ကိုဟန်မောင်ရေ ဆရာ့အနေနဲ့ကရော အခုဖြစ်နေတဲ့ ရာသီဥတုအပေါ်မှာ ဘာတွေဖြစ်သင့်သလဲ၊ ဘာတွေလုပ်သင့်သလဲဆိုတာ နည်းနည်း ဆွေးနွေးပေးပါခင်ဗျ”

ကိုဟန်မောင်သည် သောက်လက်စ ရေနွေးခွက်ကို အသာချလိုက်ပြီး သူ၏ ခါးပိုက်ထောင်ထဲမှ ကွမ်းယာထုတ်ကို ထုတ်၏။ ဖြေ၏။ ပါးစောင်သို့ သွင်းလိုက်ပြီး တချက်နှစ်ချက် ဝါးလိုက်၏။ ဝါးနေရင်းက မျက်ကြောက လိုက်သွားသေး၏။ ထို့နောက် စောင်းငန်းစောင်းငန်းဖြင့် ဖြေလိုက်သည်မှာ....
“ ဒီလိုရှိတယ်ဗျ။ ခင်ဗျားတို့ သိထားတဲ့အတိုင်း သမိုင်းဆိုင်ရာသင်္ခန်းစာတွေလည်း ကျနော်တို့မြို့သားတွေမှာ ရှိသင့်သလောက်ရှိပြီးသားပဲ။ အခြေအနေတခုကို လက်ခံပြီး အခွင့်အရေးတခုကို ဖန်တီးယူနိုင်ရမယ်ဗျ။ ဥပမာဗျာ… ကိုလိုနီခေတ် အိန္ဒိယပြည်က ဂန္ဓီရဲ့အတွေးအခေါ်ကိုသာ ကျနော်တို့က ခုချိန်မှာ လက်ကိုင်ထားမယ်ဆိုရင် ဘေထုတ်ဆိုတာ ရှိလာနိုင်ဖို့ မခက်ပေဘူးလားဗျ။ အဲသလိုပဲ အီရတ်ကို အမေရိကန် ဝင်တိုက်ခဲ့သလိုသာ ကျနော်တို့က ရေနံဆီကို အကြောင်းပြုပြီး ဆီဆိုင်ကို ဝင်သိမ်းပြီဆိုပါတော့ဗျာ။ ကျနော်တို့မျှော်မှန်းထားသလို ဘေထုတ်တွေရမယ်လို့ ဘယ်သူက အာမခံနိုင်သလဲဆိုတာပဲ ကျနော့်အနေနဲ့ ပြန်မေးခွန်းထုတ်ချင်ပါတယ်” ဟု ဖြစ်ပေတော့၏။

“ဒါဆိုရင် ဆရာတို့ ဆွေးနွေးချက်အရ တခုတွေးလို့ရတာကတော့ ရေနံဆီဆိုင်မှာ ဘေထုတ်တွေရှိဖို့ မကျိန်းသေဘူး။ ချဲဒိုင်တွေ မရှိတာထက် ရှိနေတာကပိုကောင်းတယ်လို့ပဲ သုံးသပ်ရမှာပေါ့ဗျာ…” ဟု ကျောင်းဆရာက လေသံကိုမြှင့်ကာ စကားဝိုင်းတခုလုံးကို အတင်းအဓမ္မလွှမ်းမိုးဖို့ ကြိုးစားသောအားဖြင့် သူလိုရာသူဆွဲ နိဂုန်းချုပ်ပြန်၏။

ဤသို့ဖြင့် မေးသူကလည်း မေးလိုရာမေး၊ ဖြေသူကလည်း ဖြေလိုရာဖြေရာ၌ ဘာမှ ဆက်စပ်မရသော နိုင်ငံတကာအကိုးအကားများဖြင့် ဖွယ်ဖွယ်ရာရာ သူ့ထက်ငါ အလုအယက်ဖြေရင်း လက်ဖက်ရည်ဆိုင်မှ ခေတ်ပေါ်သီချင်းသံတို့က ပြန်လည်လွှမ်းမိုးသွားပြန်တော့၏။ ။

အန်ထော်နီပေသီး

အပြည့်အစုံသို့...

Tuesday, November 17, 2009

ဆန်စင်ရာ ကျည်ပွေ့လိုက်နေကြသူများ

ဘွဲ့ဖြူ ၁၆ နိုဝင်ဘာ ၂၀၀၉ ခေတ်ပြိုင်

ကမ္ဘာ့ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်နိုင်ငံက အဖိနှိပ်ခံပြည်သူတွေမှာမဆို အရေအတွက်မနည်းလှတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းအားနည်းချက်တွေ ရှိတတ်ကြတာ ဓမ္မတာဖြစ်တယ်။ အဲဒါတွေထဲက တခုကတော့ အခြေအမြစ်မရှိ၊ ယုတ္တိယုတ္တာကင်းမဲ့၊ သမိုင်းရဲ့ပေးထားချက်တွေ၊ လက်ရှိမှာ အမှန်တကယ်တည်ရှိနေတဲ့ အချက်အလက်တွေနဲ့ ကင်းလွတ်တဲ့၊ကျိုးကြောင်း ဆီလျော်မှုနတ္ထိဖြစ်တဲ့ ကောလာဟလနဲ့ သမ္ဖပ္ပလာပဝါစာတွေအပေါ် အခြေပြုပြီး မျှော်လင့်ချက်တွေကို တည်ဆောက်တဲ့ ဓလေ့ဖြစ်တယ်။ အထူးသဖြင့် အဲဒီအခြင်းအရာမျိုးဟာ ကိုယ်ကျိုးအတ္တကြီးတဲ့ အုပ်စိုးသူတွေရဲ့ဖိနှိပ်မှု အထူးပြင်းထန်နက်ရှိုင်းတဲ့ အခြေအနေမှာ ပေါ်ပေါက်လေ့ရှိတယ်။


အဖိနှိပ်ခံပြည်သူတွေမှာလို့ ယေဘုယျခြုံပြီး ပြောလိုက်ရပေမယ့် တကယ်တော့ အဲဒီလိုမျိုး မျှော်လင့်ချက်တွေ စတင်ပေါက်ဖွားရာနယ်ပယ်က ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အာရုံခံစား နိုင်စွမ်း (Sensitivity) အမြင့်ဆုံး လူပုဂ္ဂိုလ်တွေ စုဝေးရာ နိုင်ငံရေးနယ်ပယ်ဖြစ်တယ်။ ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အာရုံခံစားနိုင်စွမ်း အမြင့်ဆုံးဖြစ်မှုရဲ့ သဘာဝကျတဲ့ အကျိုးဆက်အဖြစ် သူတို့ဟာ ဖိနှိပ်မှုကို တွန်းလှန်ဖယ်ရှားပစ်နိုင်မှ လွတ်လပ်လုံခြုံ ငြိမ်းချမ်းတရားမျှတတဲ့ လူမှုဘ၀တွေ တည်ဆောက်နိုင်မှာ ဖြစ်တယ်ဆိုတဲ့အချက်ကို သဘောပေါက်နားလည်ထားကြသူတွေဖြစ်တယ်။ အဲသလို နားလည်သဘောပေါက်မှုကို အခြေခံပြီး သူတို့ဟာ ဖိနှိပ်အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဖယ်ရှားရေးလုပ်ငန်းကို မိမိတို့မှာရှိတဲ့ စွမ်းအားအလျောက် အကောင်အထည်ဖော် လုပ်ဆောင်ကြတယ်။ အဲဒီလိုလုပ်ဆောင်မှုရဲ့ အကျိုးဆက်အဖြစ် သူတို့ဟာ အဖိနှိပ်ခံပြည်သူတွေရဲ့ အဆင့်ဆင့်သော ခေါင်းဆောင်များဖြစ်လာကြတယ်။ အဖိနှိပ်ခံပြည်သူလူထုကြီးရဲ့ တပ်ဦးနေရာကို ရောက်ရှိလာကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ ကံသုံးပါးအမူအရာတွေဟာ အရေးပါလာတယ်။ ပြည်သူတွေက သူတို့ပြောတဲ့ စကားမှန်သမျှကို အရေးတယူ အလေးမူပြီး နားထောင်လာကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ သြဇာဟာ လူထုကြားမှာ ပျံ့နှံ့နေတယ်။

အဖိနှိပ်ခံပြည်သူလူထုရဲ့ တပ်ဦးမှာရှိနေကြတဲ့ အဲဒီလူတွေ (သူတို့ကို အတိုက်အခံနိုင်ငံရေးသမားလို့ ခေါ်ချင်ခေါ်၊ နိုင်ငံရေးစိတ်ဝင်စားတဲ့သူလို့ ခေါ်ချင်ခေါ်၊ နိုင်ငံရေးနဲ့ နီးစပ်သူလို့ ခေါ်ချင်ခေါ် ကြိုက်သလိုခေါ်ပါ) ဟာ ဖိနှိပ်မှုနဲ့ ပတ်သက်လို့ သာမန်ပြည်သူတွေထက်ပိုပြီး ခံစားချက် ထက်မြက်စူးရှကြသူတွေ ဖြစ်တယ်ဆိုပေမယ့် အဲဒီအဆိုက သူတို့အားလုံးဟာ ဖိနှိပ်သူတွေနဲ့ အဖိနှိပ်ခံတွေကြားမှာရှိနေတဲ့ ပဋိပက္ခရဲ့သမိုင်း၊ ဖိနှိပ်မှုကို ဆန့်ကျင်ခုခံတွန်းလှန်ရာမှာ အထိရောက်ဆုံး

နည်းလမ်း … စတဲ့ အခြင်းအရာတွေနဲ့ ပတ်သက်လို့ ခြေခြေမြစ်မြစ် ပတ်ပတ်နပ်နပ် နှံ့စပ်သိမြင်သဘောပေါက် နားလည်ထားကြပြီးသားဖြစ်တယ်လို့တော့ အဓိပ္ပာယ်မရဘူး။

ဒါကြောင့်လည်း အဲဒီလူတွေထဲကတချို့ (မကြာခဏဆိုသလိုပဲ အဲဒီတချို့ဆိုတဲ့ ပမာဏဟာ အများစုဖြစ်နေတတ်တာကို တွေ့ရလေ့ရှိတယ်။) ဟာ ဒီဆောင်းပါးအစမှာ ဆိုခဲ့သလို ပကတိအရှိတရားနဲ့ ကင်းလွတ်တဲ့ ကောလာဟလတွေနဲ့ ပြည်သူ့အကျိုးစီးပွားအတွက် အကျိုးမဲ့အချည်းနှီးဖြစ်တဲ့ သတင်းစကားတွေအပေါ် အခြေပြုပြီး ပြည်သူတွေအတွက် တံလျှပ်လို မျှော်လင့်ချက်တွေကို တည်ဆောက်ပေးမိတတ်ကြတယ်။ တံလျှပ်ဟာ အတိတ်ဘယ်တုန်းကမှ ရေမဟုတ်ခဲ့ဖူး၊ အခုလက်ရှိ ပစ္စုပ္ပန်မှာလည်း ရေမဟုတ်၊ နောင်လာမယ့် အနာဂတ်မှာလည်း ဘယ်တော့မှ ရေဖြစ်လာမှာ မဟုတ်သလို အဲဒီတံလျှပ်လို မျှော်လင့်ချက်တွေဟာလည်း ဘယ်တုန်းကမှ အကောင်အထည်ပေါ်လာခဲ့ဖူးတာ မရှိတဲ့အတွက် အဲဒီမျှော်လင့်ချက်တွေအပေါ် ရောယောင်မျှော်ကိုးခဲ့ကြတဲ့ အဖိနှိပ်ခံပြည်သူတွေဟာ ကြာတော့ ဘယ်လိုမျှော်လင့်ချက်မျိုးမှ မထားရဲကြတော့ဘဲ စိတ်ပျက်လက်ပျက် မှိုင်တွေချကာ အနာဂတ်ဆိုတာကို မယုံကြည်တော့တဲ့ အနေအထားကို ရောက်ရှိသွားတတ်တယ်။ အဲဒီအနေအထားဟာ အဖိနှိပ်ခံပြည်သူတွေအတွက် ‘တွင်းနက်ကြီး’ ဖြစ်ပြီး ဖိနှိပ်သူတွေအတွက်တော့ ‘ကောင်းကင်ဘုံ’ ဖြစ်တယ်။

မြန်မာ့နိုင်ငံရေးလောကမှာလည်း သမိုင်းတခေတ်ကို အဲဒီလိုအနေအထားမျိုးနဲ့ တခန်းရပ်သွားအောင် ဖိနှိပ်အုပ်စိုးသူတွေက ရည်ရွယ်ချက်ရှိရှိ၊ အစီအစဉ်ရှိရှိ စနစ်တကျ ကြိုးပမ်းလုပ်ဆောင်နေခဲ့ကြပြီး နိုင်ငံရေးသမားတချို့ကလည်း အဲဒီဆိုင်းချက်အတိုင်း သိစိတ်မဲ့ (unwittingly) လိုက်ကမိခဲ့ကြတာကို တွေ့ရတယ်။ အဲဒီအနေအထားကို ထင်ရှားအောင် သာဓကပြရမယ်ဆိုရင် ပြည်တွင်းပြည်ပက အတိုက်အခံ မြန်မာ့နိုင်ငံရေးသမားတချို့ဟာ စစ်အာဏာရှင်ခေတ်တလျှောက်လုံး (အထူးသဖြင့် န၀တ၊ နအဖခေတ်) စစ်ဗိုလ်ချုပ်တွေ ဟိုနေရာ ဒီနေရာမှာ ပြောကြတဲ့စကားတွေကို အဟုတ်ကြီးထင် အတိတ်နိမိတ်ကောက်ပြီး မျှော်လင့်ချက်တွေ တည်ဆောက်လေ့ရှိကြတဲ့ကိစ္စပဲ။

အထူးသဖြင့် အဲဒီနိုင်ငံရေးသမားတွေဟာ နေ့ကြီးရက်ကြီးတွေမှာ နအဖအကြီးအကဲ ဗိုလ်သန်းရွှေပြောဆိုတဲ့ မိန့်ခွန်း၊ ဒါမှမဟုတ် ပေးပို့တဲ့ သ၀ဏ်လွှာထဲမှာပါတတ်တဲ့ (သူတို့အထင်) ထူးထူးခြားခြား စကားလုံးအသုံးအနှုန်းတွေကို ဗေဒင်လေးပုံနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မနက်ဖြန်သဘက်ခါပဲ မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကားလာတော့မယောင် ဟောကိန်းထုတ်လေ့ ရှိကြတယ်။ သူတို့ဟာ အတိတ်ကို မေ့တတ်သူများ (ဒါမှမဟုတ် သမိုင်းကို လိုအပ်သလောက်ကလေးတောင် မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ နားမလည် သဘောမပေါက်သူများလည်း ဖြစ်ချင်ဖြစ်မယ်) ပီပီ မြန်မာ့နိုင်ငံရေးအနာဂတ်ကို ဟောကိန်းထုတ်တဲ့အခါ မြန်မာစစ်အာဏာရှင်စနစ်ရဲ့ တကယ့်အတွင်းသရုပ်မှန်ကို လုံးလုံးထည့်မတွက်တော့ဘဲ စစ်ဗိုလ်ချုပ်တွေရဲ့ အပေါ်ယံပြောစကားတွေအပေါ်မှာသာ လုံးလုံးလျားလျား အာရုံထားပြီး လိုရာဆွဲတွေး ပြောဆိုသုံးသပ် ကောက်ချက်ချလိုက်ကြလေ့ရှိတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံမှာ ဗိုလ်သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး “ရင့်ကျက်သည့် ပါတီစည်းရုံးရေးမူများကို လိုက်နာကျင့်သုံး ထိန်းသိမ်းသူမှန်သမျှ အစိုးရက စောင့်ရှောက်သွားမည်” လို့ ပြောကြားခဲ့တယ်။ အဲဒီစကားကိုပဲ ဆိုခဲ့ပါ အတိတ်ကောက်သူတွေက ၂၀၁၀ ရွေးကောက်ပွဲဟာ တကယ်ပဲ လွတ်လပ်သန့်ရှင်းတရားမျှတတဲ့ ရွေးကောက်ပွဲ သေချာပေါက်ဖြစ်လာတော့မယ့်ပုံမျိုး အူမြူးချိုကြွ ကြိုဆိုကြတာတွေ လုပ်ခဲ့ကြတယ်။

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း နအဖ၀န်ကြီးချုပ် ဗိုလ်သိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး (NLD အပါအ၀င် အတိုက်အခံနဲ့ တော်လှန်ရေးအင်အားစုတွေ သုံးနှုန်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အသုံးအနှုန်းကို တမင်တကာ သတိထားရှောင်ရှားပြီး သုံးစွဲထားတဲ့ အသုံးအနှုန်း) လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရှိပါလိမ့်မယ်လို့ ပြောဆိုခဲ့ပြန်တယ်။ အဲဒီစကားလုံးအသုံးအနှုန်းနဲ့ ပတ်သက်လို့လည်း (မြန်မာပြည် နိုင်ငံရေးအကြောင်း ဂဃနဏ ရေရေရာရာ မသိကြတဲ့ အာဆီယံခေါင်းဆောင်တွေကဆို ထားပါတော့) ပြည်တွင်းပြည်ပက အတိုက်အခံမြန်မာ့နိုင်ငံရေးသမားတချို့က ၀င်ပြီး ‘ယောင်’ ကြပြန်တယ်။ နအဖနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြိတ်ဝိုင်းဆွေးနွေးပွဲလုပ်ပြီး သဘောတူညီမှုတခုပဲ ရထားသယောင်ယောင်၊ ဒါမှမဟုတ် မကြာခင်ရက်ပိုင်းအတွင်း နအဖနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခု မြေကြီးလက်ခတ်မလွဲ ပေါ်ပေါက်လာတော့မယောင်ယောင် အတိတ်ကောက် နိမိတ်ကောက်ပြီး ဟောကြပြောကြပြန်တယ်။

နောက်တမျိုးရှိသေးတယ်။ အဲဒါကတော့ အဖိနှိပ်ခံပြည်သူတွေ အမြဲတမ်း ထိုင်းမှိုင်းငေးငိုင်တွေဝေနေစေဖို့ ရည်ရွယ်ပြီး စစ်အာဏာရှင်တွေရဲ့ ထောက်လှမ်းရေးဝန်ထမ်းတွေ အခါအားလျော်စွာ ထုတ်လွှတ်တတ်တဲ့ ‘ဖန်လုံအိမ်ဓာတ်ငွေ့’ နဲ့တူတဲ့ ကောလာဟလသတင်းတွေဖြစ်တယ်။ ဥပမာ - ဗိုလ်သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြိတ်ဝိုင်းဆွေးနွေးပွဲ လုပ်နေပြီဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်လွှတ်ပေးတော့မယ်ဆိုတာမျိုး၊ လက်ရှိအစိုးရနဲ့ အတိုက်အခံတွေပေါင်းပြီး ကြားဖြတ်အစိုးရဖွဲ့တော့မယ် ဆိုတာမျိုးတွေပေါ့။ အဲဒါမျိုးတွေကိုလည်း ဆိုခဲ့ပါ အတိတ်ကောက်ဆရာတွေက အမှန်ထင် အဟုတ်မှတ်ပြီး လေထဲတိုက်အိမ်ဆောက်တတ်ကြသေးတယ်။

‘ခက်တော့တာပဲ’ လို့ပဲ ဆိုရတော့မယ်။ တကယ်တော့ ပြည်သူကို အကျိုးပြုလိုတဲ့စိတ်နဲ့ မြန်မာ့နိုင်ငံရေးသမိုင်းကို စူးစူးနစ်နစ် နက်နက်ရှိုင်းရှိုင်း လေ့လာကြသူတွေရဲ့ မျက်စိအောက်မှာ မြန်မာစစ်အာဏာရှင်စနစ်ဟာ အဖုံးအကာအောက်မှာ တိမ်းရှောင်ပုန်းလျှိုးနေနိုင်စွမ်းရှိတဲ့ အရာတခုမဟုတ်ဘူး။ နောက်ပြီး ဒီကနေ့လက်ရှိအချိန်မှာ မြန်မာစစ်အာဏာရှင်စနစ်ဟာ ညီအစ်ကိုမသိတသိအချိန်ရောက်နေတဲ့ အခြေအနေလည်းမဟုတ်ဘူး။ ‘ရှစ်လေးလုံး’ ဂါထာစုပ်ပြီး ‘ရွှေဝါရောင်တော်လှန်ရေး’ ဆေးကြိမ်လုံးနဲ့ သုတ်လိုက်လို့ အယောင်ဆောင်ထားတဲ့ လူသားအသွင်ပျောက်ပြီး အစွယ်ဖွေးဖွေး ဘီလူးရုပ်နဲ့ ငုတ်တုတ်ပေါ်လာရတဲ့အချိန်ဖြစ်တယ်။

မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်တွေက မြန်မာနိုင်ငံရေးသမားတွေဟာ ကလိမ်ကကျစ်တွေ၊ ယုံကြည်လို့မရတဲ့သူတွေဖြစ်တယ်၊ သူတို့သာလျှင် နိုင်ငံ့သစ္စာကို ဖြောင့်မတ်တည်ကြည်စွာ စောင့်ထိန်းတဲ့သူတွေဖြစ်တယ်လို့ ပြောတတ်ကြတယ်။ ဗိုလ်နေ၀င်းအစ၊ ဗိုလ်စောမောင်အလယ်၊ ဗိုလ်သန်းရွှေအဆုံး မြန်မာစစ်အာဏာရှင်အားလုံးဟာ ဘယ်လိုလူမျိုးတွေ ဖြစ်တယ်ဆိုတာ သမိုင်းမှာ အကြိမ်ကြိမ် ပေါ်ထွက်လာခဲ့ပြီးဖြစ်လို့ ဒီနေရာမှာ အသေးစိတ် ဖွင့်ဆိုရှင်းပြဖို့ လိုတော့မယ်မထင်ဘူး။ ဗိုလ်နေ၀င်းက ပါးစပ်ကနေ နိုင်ငံကို ဆိုရှယ်လစ်စနစ်နဲ့ လောကနိဗ္ဗာန်အရောက် ဦးဆောင်ခေါ်ယူသွားမယ်လို့ ပြောပြီး အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအကောင်းဆုံးနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတခုအဖြစ်သို့ ကျရောက်သွားစေခဲ့ပြီးပြီ။ အခုတခါ ဗိုလ်သန်းရွှေကလည်း စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးရင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်အောင် ထူထောင်ပေးမယ်လို့ပြောပြီး ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ လူ့အခွင့်အရေးအဖွဲ့ အပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့ပေါင်းစုံရဲ့ နှစ်စဉ်ပြစ်တင်ရှုတ်ချမှုကို ခံနေရတဲ့၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေ အပါအ၀င် ကမ္ဘာ့ခေါင်းဆောင် အဟောင်းအသစ်များစွာတို့ရဲ့ မကျေနပ် မနှစ်သက်မှုကို ခံယူနေရတဲ့၊ မိမိနိုင်ငံပြည်သူတွေ ကမ္ဘာလှည့်ပြီး ကျွန်ခံနေကြရတဲ့၊ ဘက်ပေါင်းစုံမှာ ချွတ်ခြုံကျပြီး ပျက်သုန်းနေတဲ့နိုင်ငံ (Failed State) တခုဖြစ်သွားအောင် လုပ်ခဲ့ပြီးပြီ။

တကယ်တော့ အဲဒါတွေသာလျှင် ပကတိအရှိတရား (Reality) ဖြစ်တယ်။ အမှန်တကယ်ရှိနေတဲ့ အချက်အလက် (Fact) တွေဖြစ်တယ်။ ဒါတွေသာ သမိုင်းရဲ့ပေးထားချက် (given data) တွေဖြစ်တယ်။ အဲဒါတွေကို လျစ်လျူရှုမျက်ကွယ်ပြုပြီး၊ စစ်ဗိုလ်ချုပ်တွေပြောတဲ့ စကားတွေကိုပဲ ကိုယ်လိုချင်သလို အနက်ကောက် အဓိပ္ပာယ်ဖွင့်ပြီး အနာဂတ်ကို ဟောကိန်းထုတ်နေမယ်ဆိုရင် အဖိနှိပ်ခံပြည်သူတွေဟာ တွင်းနက်ထဲရောက်သွားကြမှာမလွဲဘူး။


သေသေချာချာ ဆန်းစစ်လေ့လာကြည့်မယ်ဆိုရင် ဗိုလ်သန်းရွှေမှသာမဟုတ် စစ်အာဏာရှင်စနစ်ကို ရာသက်ပန် တည်တံ့ခိုင်မြဲစေလိုတဲ့ ဘယ်ဗိုလ်ချုပ်ရဲ့စကားမှ အသစ်အဆန်း မဟုတ်ဘူးဆိုတာကို တွေ့ကြရလိမ့်မယ်။ ဗိုလ်သန်းရွှေ စစ်မှုထမ်းဟောင်းညီလာခံမှာ ပြောတဲ့စကားဟာ သူ အရင့်အရင်နှစ်တွေက ဟိုအခမ်းအနား၊ ဒီအခမ်းအနားတွေမှာပြောတဲ့ စကားတွေနဲ့ အနှစ်သာရအရ တဆံခြည်မှမကွဲဘူးဆိုတာကို သတင်းစာဟောင်းတွေ ပြန်ဖတ်ကြည့်ရင် တွေ့လိမ့်မယ်။ သူ့စကားထဲက ရင့်ကျက်တဲ့ပါတီဆိုတာ သူတို့အလိုကျ ဗောင်းတော်ညိတ် စိတ်တော်သိတဲ့ ပါတီတွေကိုသာ ဆိုလိုတာဖြစ်တယ်။ ပြောရရင် အဲဒီထဲမှာ လွှတ်တော်ထဲရောက်အောင်သွားပြီး ပြည်သူ့အကျိုးအတွက်ဆောင်ရွက်ဖို့ စိတ်ကူးယဉ်နေကြတဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ ပါတီတွေတောင် ပါမှာမဟုတ်ဘူး။ ရင့်ကျက်တဲ့ပါတီဆိုတဲ့ အသုံးအနှုန်းကို ကြည့်ပြီး ဒါမှမဟုတ် စစ်တပ်အလိုကျလုပ်ထားမှ ‘အမျိုးသားနိုင်ငံရေး’ ဆိုတဲ့ အသုံးအနှုန်းကို ပြေးမြင်မိတယ်။ စစ်အာဏာရှင်တွေအလိုအရ စစ်တပ်လုပ်တာမှ အမျိုးသားနိုင်ငံရေး၊ တခြားသူတွေလုပ်တာက ပါတီနိုင်ငံရေး သို့မဟုတ် အာဏာနိုင်ငံရေးမဟုတ်လား။

ဗိုလ်သိန်းစိန်ရဲ့ စကားဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ပေးမယ်ဆိုတာ “ပြည်သူလူထုရဲ့ ထောက်ခံဆန္ဒမဲ (၉၂) ရာခိုင်နှုန်းကျော်နဲ့ တခဲနက် အတည်ပြုထားတဲ့၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ရှေးရှုဦးတည်ရေးဆွဲထားတဲ့ အခြေခံဥပဒေအရ ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ မဲထည့်ခွင့်ပြုမယ်” လို့ ဆိုလိုတာသာဖြစ်တယ်။ ဗိုလ်သိန်းစိန်ရဲ့ စကားမျိုးကို န၀တ၊ နအဖခေတ်မှာ စစ်ဗိုလ်ချုပ်တွေ ဖန်တရာတေအောင် ပြောဖူးခဲ့ကြတယ်။ သုံးဖန်များလွန်းလို့ ဆီသည်မလက်သုတ်ဖတ်လို မည်းညစ်ဟောင်းနွမ်းလှပြီဖြစ်တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပြည်သူတွေ တခဲနက်ဖော်ပြခဲ့ကြတဲ့ ဆန္ဒတွေ၊ လိုလားချက်တွေကို မမေ့မလျော့ရှိနေကြသူတွေအဖို့တော့ ဘာတခုမှ လွမ်းလောက်စရာမရှိတဲ့ စကားတွေသာဖြစ်တယ်။

အဲဒီတော့ သမားကောင်းတို့မည်သည် အခိုင်အမာ အမြစ်တွယ်နေတဲ့ ရောဂါတခုကို ကုသတဲ့နေရာမှာ ရံဖန်ရံခါ ပေါ်လာတတ်တဲ့ လူနာရဲ့မျက်နှာပေါ်က သွင်ပြင်လက္ခဏာတွေအပေါ် အလေးမထားဘဲ ရောဂါရင်းရဲ့ အတွင်းသရုပ်ကိုသာ အသေအချာ လေ့လာစိစစ်ခွဲခြမ်းစိတ်ဖြာပြီး အနာနဲ့ဆေး တည့်အောင်ပေးပြီး ကုသသလိုပဲ မြန်မာပြည်မှာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ်ကင်ဆာရောဂါဆိုးကို ပျောက်ကင်းအောင်ကုသပြီး လောကအကျိုးဆောင်ဖို့ ပိုင်းဖြတ်ထားသူတွေဟာ စစ်ဗိုလ်ချုပ်တွေရဲ့ ရောက်တတ်ရာရာ စကားတွေမှာ ‘နတ်ကရာ ကြည့်မော’ လုပ်မနေကြဘဲ စစ်အာဏာရှင်စနစ်ရဲ့ သဘာဝနဲ့ မျှော်မှန်းချက်ကို ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ်သိအောင် လုပ်ခြင်းဖြင့်သာ အဲဒီရောဂါကို ကုသနိုင်မယ့် ဆေးဝါးကို ရှာဖွေဖော် ထုတ်နိုင်ကြမှာဖြစ်တယ်။

ဆန်ထောင်းတဲ့ ကျည်ပွေ့ဆိုတာ ဆုံထဲရှိတဲ့ ဆန်ကိုသာ ထောင်းရတာဖြစ်တယ်။ ဒီလိုလုပ်မှလည်း ဆန်ထောင်းတဲ့ လုပ်ငန်းဟာ မှန်ကန်ထိရောက်ပြီး အလုပ်တွင်မှာဖြစ်တယ်။ အဲသလိုမှမဟုတ်ဘဲ ဆုံထဲက စင်ထွက်သွားတဲ့ ဆန်တွေနောက်ကို ကျည်ပွေ့က လျှောက်လိုက်ပြီး ထောင်းနေလို့ကတော့ ဆန်ထောင်းတဲ့ အလုပ်ဟာ ဘယ်တော့မှ ပြီးမှာမဟုတ်သလို ဆန်လည်း ဟုတ္တိပတ္တိ ဖြူထွက်လာမှာမဟုတ်ဘူး။


အဲသလိုပဲ ‘ဆန်စင်ရာ ကျည်ပွေ့လိုက်နိုင်ငံရေး’ က ပြည်သူတွေကို ‘တွင်းနက်ကြီး’ ထဲကလွဲပြီး တခြားဘယ်ကိုမှ ဦးဆောင်ခေါ်ယူသွားနိုင်မှာ မဟုတ်ဘူးဆိုတာကို ပမာဒလေခနေကြတဲ့ မြန်မာ့နိုင်ငံရေးသမားတွေ သဘောပေါက်ကြဖို့လိုပြီ။

အပြည့်အစုံသို့...

အရေးတော်ပုံ ရင်ခုန်သူများ (အပိုင်း - ၆)

အောင်ဝေး နိုဝင်ဘာ ၁၅၊ ၂ဝဝ၉ မိုးမခ

ကျွန်တော် ကဗျာဆရာ တစ်ယောက်ပါ။ “မဆလ ခေတ်တုန်းက ကဗျာဆရာ တစ်ယောက်ဟာ စင်ပြိုင်အစိုးရ တစ်ရပ် ဖြစ်တယ်” ဆိုတဲ့ ရုရှားကဗျာဆရာ ယက်ဖ်တူရှင်ကိုရဲ့ စကားနဲ့ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြတယ်။



ရှစ်လေးလုံး အရေးတော်ပုံခေတ်၊ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲခေတ်ကို ရောက်လာတဲ့အခါ ကျတော့ “နိုင်ငံမှာ အရေးရယ်လို့ ကြုံလာရင် ကဗျာဆရာတွေဟာ ဘယ်တော့မဆို ရှေ့ကရောက်လာပြီး ပါဝင် ဆင်နွှဲကြလေ့ရှိပါတယ်။ အဲဒါဟာ ကဗျာဆရာတွေရဲ့ ထူးခြားချက်လို့ ကျွန်မတော့ ထင်မိတယ်” ဆိုတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် စကားဟာ ကျွန်တော်တို့ ကဗျာဆရာတွေ အတွက် အားပါ။

ဒီလိုပါပဲ။ စစ်သားဟောင်းကြီး တစ်ဦးရဲ့ အမြင်ကလည်း “ကဗျာဆရာ စတဲ့ အနုပညာရှင်တွေဟာ အမှန်တရားကို ရှာဖွေသူတွေ အမှန်တရား၊ သစ္စာတရားကို ယုံကြည်ကိုးကွယ်သူတွေ ဖြစ်ကြပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အရေးအခင်း တစ်ခုကြုံရရင် အမှားဘက်၊ အမှန်ဘက်ဆိုတာ ရှိစမြဲပါပဲ။ ဒီအခါမှာ အမှန်တရားဘက်ကနေပြီး ကဗျာဆရာတွေက ရှေ့ဆုံးက ပါဝင်လာကြတယ်လို့ ကျွန်တော်ထင်ပါတယ်” တဲ့။ အဲဒီ မှတ်ချက်ပေးခဲ့သူကတော့ ဗိုလ်ချုပ်ကြီး (ဟောင်း) သူရဦးတင်ဦးပါ။

ရှစ်လေးလုံး အရေးတော်ပုံအတွင်းက ဆရာမောင်သော်က၊ ဆရာဦးဝင်တင်၊ ဆရာမောင်မိုးသူ၊ ဆရာဦးဝင်းခက်တို့ ဦးဆောင် စာနယ်ဇင်း သမဂ္ဂဖွဲ့ခဲ့ကြပါတယ်။ အဲဒီ စာနယ်ဇင်း သမဂ္ဂထဲမှာ ဆရာမောင်ဝံသ တို့ရဲ့ သတင်းစာဆရာများ အဖွဲ့နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ကဗျာဆရာများ အဖွဲ့တွေဟာ အခြား ကာတွန်းဆရာ၊ ပန်းချီဆရာ၊ ဓာတ်ပုံဆရာတွေနဲ့ အတူ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာပဲပေါ့။

ရန်ုကုန်မြို့မှာ ဒီမိုကရေစီဟောပြောပွဲ စင်မြင့်တွေ ဟိုကဒီက အလျှိုအလျှို ထွက်ပေါ်လာပြီ ဆိုတာနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ကဗျာဆရာများ အဖွဲ့ကလည်း ၃၃လမ်း ထိပ်မှာ ဒီမိုကရေစီ ဟောပြောပွဲ စင်တစ်ခု ထိုးလိုက်ကြပါတယ်။

၃၃လမ်းဟာ ကဗျာဆရာတွေရဲ့လမ်းပါ။ ၃၃ လမ်းက လမ်းတိုကလေးပါ။ ဒါပေမဲ့ ကဗျာဆရာတွေရဲ့ ဒုက္ခကတော့ ရှည်လျားလှပါတယ်။ ၃၃လမ်းထိပ်မှာ ရွှေကြည်အေး လက်ဖက်ရည်ဆိုင်ရှိတယ်။ ရွှေကြည်အေးမှာ ထိုင်တဲ့ ကဗျာဆရာတွေအားလုံး ပြည်သူလူထုကြီးနဲ့ အတူ ဒီမိုကရေစီ တိုက်ပွဲထဲရောက်နေကြပြီ။

လေသာ မိုးသာထဲနေ့ တစ်နေ့မှာ ကျွန်တော်တို့ ကဗျာဆရာတွေရဲ့ ပထမဦးဆုံး ၃၃လမ်း ဒီမိုကရေစီ ဟောပြောပွဲကို စတင်လိုက်ကြပါတယ်။ အဲဒီပွဲမှာ ကဗျာဆရာ အစစ်တွေနဲ့အတူ ပါဝင်ဟောပြောသူတစ်ဦးကတော့ ရုပ်ရှင်ထဲက ကဗျာဆရာပါပဲ။


အဲဒီနေ့က နေရောင် ပြည့်ပြည့် မရတဲ့နေ့ပါပဲ။ ၃၃လမ်း ထိပ် ခရေပင်ရိပ်မှာ ချွေးသိပ် အမောဖြေနေတဲ့ တိုက်ပွဲဝင် ကဗျာဆရာတွေနဲ့ အတူ ဒီမိုကရေစီ လူထုပရိသတ်ကြီး။

ကဗျာဆရာ ဇောင်းထက်က စင်ပေါ်ကနေ ဂျာမန်ကဗျာဆရာ ဗားတော့ဘရက်ရဲ့ “အကုန် ရရင်ရ၊ မရရင် ဘာမှ မလိုချင်ဘူး။ အကုန်လွတ်ရင်လွတ်၊ မလွတ်ရင် တစ်ယောက်မှ မလွတ်ချင်ဘူး။ တစ်ယောက်တည်း လွတ်သွားလည်း၊ သူရပ်တည်နိုင်မှာ မဟုတ်ဘူး။ သေနတ်လား၊ အချုပ်အနှောင် သံကြိုးလား၊ ရွေးကြစို့” ဆိုတဲ့ ကဗျာကို ရွတ်တော့ စင်အောက်က ပရိသတ်ကြီးက သံပြိုင် လိုက်ရွတ်ဆိုကြပါတယ်။

အဲဒီတုန်းက ကဗျာဆရာ ဇောင်းထက်က ဆရာတက္ကသိုလ် ဘုန်းနိုင်တို့ နာယက အဖြစ် ပါဝင်တဲ့ တက္ကသိုလ်ဆရာများသမဂ္ဂကိုလည်း သူက ကိုယ်စားပြုထားပါတယ်။ အရေးအခင်း ပြီးတော့ ဇောင်းထက် မြန်မာပြည်မြောက်ဖျား ဖြစ်ကြီးနားတက္ကသိုလ် အပြောင်းခံရပြီး မကြာခင် ငှက်ဖျားရောဂါနဲ့ ကွယ်လွန်သွားခဲ့ရပါတယ်။

အဲဒီနေ့က ဇောင်းထက်ပြီးတော့ စင်ပေါ်ကို တက်လာသူကတော့ ရုပ်ရှင်ဇာတ်ကားထဲက ကဗျာဆရာပါပဲ။ အပြင်မှာတော့ ကဗျာဆရာ မဟုတ်ပါဘူး။ ဗန်းမော်တင်အောင်ရဲ့ ၀တ္ထုကို ရိုက်ကူးတဲ့ “၀မ်းနည်းဝမ်းသာ” ရုပ်ရှင်ထဲမှာ သူက ကဗျာဆရာ ကိုသစ္စာအဖြစ် မြင့်မြင့်ခင်နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့တာပါ။


အခု ကိုသစ္စာက ဟောပြောဖို့ စင်မြင့်ပေါ်ကို ရောက်နေပါပြီ။ သူ မျက်ခုံးတစ်ချက် ပင့်၊ ပခုံးတစ်ချက် တွန့်လိုက်ပါတယ်။ လူထု ပရိတ်သတ်ကြီးဆီက လက်ခုပ်ဩဘာသံတွေ ဆိုတာ တော်တော်နဲ့ မစဲတော့ပါဘူး။ သူဆိုတာ တခြားသူမှ မဟုတ်ဘဲ။ လုထုချစ်တဲ့၊ ပရိသတ်က လေးစားတဲ့ မင်းသားကြီး ဦးမြတ်လေးပါပဲ။ ကျွန်တော်တို့ အားလုံး ဦးမြတ်လေးရဲ့ ဟောပြောမှု ရေအလျဉ်ထဲမှာ တသိမ့်သိမ့် စီးမျောပါသွားကြပါပြီ။

ဦးမြတ်လေး။ ဆရာမြတ်လေး။ ရုပ်ရှင်မှာ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေး။ နိုင်ငံရေးမှာ ထွန်းဝေ၊ မြတ်လေး။ တက္ကသိုလ်မှာ စန္ဒရား ချစ်ဆွေ၊ မြတ်လေး။ ဒီအစဉ်အလာတွေကို ကျွန်တော် ပြန်အမှတ်ရလာပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ် တုန်းက ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး ကြိုးပမ်းမှုထဲမှာ ဆရာမြတ်လေး ရေးခဲ့တဲ့ “စစ်ကိုမလိုပါ၊ ငြိမ်းချမ်းရေးသာ ပေးကြပါ။ စစ်ဆိုသည်မှာ အနုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးသာ အပေါင်းလက္ခဏာ” ဆိုတဲ့ သီချင်းသံကို ပြန်ကြားလာရပါတယ်။

၁၉၆ ၀ အောက်တိုဘာလမှာ ဗကသများအဖွဲချုပ်ရဲ့ ဆဋ္ဌမအကြိမ်မြောက် ညီလာခံကို ကျင်းပပါတယ်။ ဗကသ ဥက္ကဋ္ဌက ကိုခင်မောင်အုန်း။ (အခုကွယ်လွန်သွားပြီ ဖြစ်တဲ့ စာရေးဆရာ မိုးဟိန်းကိုပါ) အဲဒီညီလာခံမှာ “အောင်ပွဲ အဆက်ဆက်ခံဦးမည်” ဆိုတဲ့ ဗကသများအဖွဲချုပ် သီချင်းကို အတည်ပြု ပြဌာန်းလိုက်ကြပါတယ်။ ဒီသီချင်းကို ရေးစပ် သီကုံးသူကတော့ ဆရာမြတ်လေးပါပဲ။ ဆရာစန္ဒရားချစ်ဆွေနဲ့အတူ ပူးတွဲပြီး ကေသီပန်တီးဝိုင်းနဲ့ အသံသွင်းပေးခဲ့တဲ့ သီချင်းပါ။

ဒါဟာ မြတ်လေးပါပဲ။ ကျောင်းသားတွေရဲ့ မြတ်လေး၊ ခွပ်ဒေါင်းတွေရဲ့မြတ်လေး၊ ပြည်သူတွေရဲ့ မြတ်လေးပါပဲ။ အခု ကျောင်းသားတွေရဲ့ မြတ်လေးဟာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီး မှာ ပြည်သူတွေနဲ့အတူ ခွပ်ခေါင်းအလံတော်အောက်မှာ ချီတက်နေပါပြီ။ ဒီမိုကရေစီ ဟောပြောပွဲ စင်မြင့်ပေါ်မှာ ရဲရဲတောက် ဟောပြောနေပါတယ်။

အဲဒီနေ့က ၃၃ လမ်းထိပ် ခရေပင်ရိပ်မှာ နေရောင်ပြည့်ပြည့် မရပေမဲ့၊ ပွဲဖျက်မယ့် ပဉ္စမံမိုးတွေကတော့ တစ်စက်မှ မရွာခဲ့ပါဘူး။

မြန်မာနိုင်ငံ ကဗျာဆရာများ အားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ။


[ မူရင်း - လွတ်လပ်တဲ့ အာရှအသံ / Radio Free Asia ]

အပြည့်အစုံသို့...

ကျနော်နှင့် နိုင်ဘလိ

ဆောင်းပါး ရွှေအိမ်စည် တနင်္လာနေ့၊ နိုဝင်ဘာလ 16 မဇ္ဈိမ

(က)

ဝင်းယော်ချောင်းက ရေတက်ရေကျရှိသည်။ ‘လ’ ၏ ဆုတ်၊ ဆန်း ရက်များအပေါ်တွင် မူတည်၍ ရေတက်သည့် အချိန်သည်လည်း အတိုး၊ အလျော့ရှိ၏။ အပြောင်းအလဲ ရှိတတ်၏။ ရေးတက်ချိန်တွင် ချောင်းရေသည် ကမ်းလုံးပြည့် ဖိတ်လျှံတတ်လာပြီး၊ မိုးမခပင်တို့က တိုးရေအောက်၌ ခေါင်းဖော်ရုံသာ ရှိနေတတ်၏။ ထိုသို့သော အချိန်မျိုးတွင် ဝင်းယော်ချောင်း၏ ရေပြင်သည် …. ဘောလုံးကွင်းတကွင်းစာမျှ ကျယ်၏။ လူသွားလမ်းငယ်သည် ချောင်းရိုးနှင့်ယှဉ်လျက် …. ကမ်းပါးထက် ကပ်၍နေသည်။ တဖက်တွင်က …. နှမ်းခင်းများ၊ ဆေးရွက်ကြီးခင်းများ …..။ ဆေးရွက်ကြီးနှင့် နှမ်းခင်းများ၏ တဖက်တွင်မူ ….. ကြက်ပေါင်းစေးပင်များ တွေ့ရ၏။ အုပ်အုပ်ဆိုင်းဆိုင်း …. မှိုင်းမှိုင်းညို့ညို့ ….။ ရွာကိုက မတွေ့ရသေး….။


ကျနော်တို့က …. ဝင်းယော်ချောင်းကို စုန်၍ လျှောက်၏။ ဝင်းယော်ချောင်းရေက တိုးရေကြောင့် ကျနော်တို့နှင့် ဆန်၍စီးနေ၏။ ရေစီးသည် ခဏငယ်အတွင်း၌ပင် စီးအားသန်၍ အရှိန်အဟုန်နှင့် ဖြစ်လာသည်။ ဒီရေ … တိုးသည်က ချောင်းရိုးငယ်လေးအတွင်း၌ပင် ….. ပြင်းအားထန်၍ နေ၏။ လိမ့်၍ …. လိမ့်၍ တက်လာသည့် လှိုင်းလုံးများ၏ ရိုက်ပုတ်မှုအောက်၌ မိုးမခပင်တို့က ယိမ်းနွဲ့၍ နေသည်။

ရေစီးသည် ပြေးလမ်းထက်၌ ပြေးနေသည့် လေယာဉ်တစီးအလား ….။ တိုး၍၊ တိုး၍ အရှိန်မြင့်ကာ စီး၏။ လေယာဉ်က ပြေးလမ်းအဆုံး …. အမြင့်ဆုံး အရှိန်သို့ ရောက်သည်နှင့် ဦးမော့၍ ဝေဟင်သို့ ကြွကာပျံတက်၏။ ဝင်းယော်ချောင်း၏ တိုးရေကမူ …. ထိုသို့မဟုတ် … အမြင့်ဆုံး အရှိန်နှင့် စီးဆင်းပြီးသည်နှင့် ဦးမော့၍ ခရီးဆက်မနှင်….။ တန့်၍ ရပ်သွား၏။ အီနေ၏။ ရေသေ….။ ပြီးလျှင် …. ပြန်ဆုတ်လေ၏။

ကျနော်တို့ လျှောက်လာခဲ့သည်က ဝင်းယော်ချောင်း၏ အနောက်ဘက်ကမ်းမှ ဖြစ်သည်။ ကျနော်တို့ ဝင်းယော်ချောင်းကို ကူးကြရမည်။ ကူးပြီးမှသာလျှင် …. တောင်ပေါက် နှစ်ဆယ့်လေးရွာသို့ ရောက်မည်။ တောင်ပေါက် နှစ်ဆယ့်လေးရွာက ….. မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်နှင့် KNU ဒူးပလာယား ခရိုင်တို့ …. ပူးတွဲအုပ်ချုပ်သည့်ဒေသ ….။ မွန်၊ ကရင်၊ ဗမာ၊ ရှမ်း လူမျိုးများ နေထိုင်ကြသည်။ နအဖ ၏ ဖွဲ့စည်းအုပ်ချုပ်မှုအရက … ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်များအတွင်း ရှိမည်။


ဝင်းယော်ချောင်းကို ….. မြိုင်ကုန်းရွာအောက်နားမှ ကျနော်တို့ ဖြတ်ကူးကြ၏။ မြိုင်ကုန်းရွာက ဝင်းယော်ချောင်း၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည့် ရွာဖြစ်သည်။ အိမ်ခြေ ၃ဝ မျှသာရှိသည့် ကရင်ရွာငယ်လေး….။ မြိုင်ကုန်းရွာ၏ တဖက် ဝင်းယော်ချောင်း၏ အရှေ့ဘက်ကမ်းတွင်မူ …. လက်ဝါးဆိပ်ရွာ ရှိသည်။ လက်ဝါးဆိပ်ရွာက မြိုင်ကုန်းရွာနှင့် ဓားလွယ်ခုတ်ခန့်တွင် ရှိ၏။ ချောင်း၏ အောက်ဘက်သို့ နည်းနည်းကျမည်။ လက်ဝါးဆိပ်ရွာက ကမ်းနားပိုင်းနှင့် ရွာလယ်ပိုင်းဟူ၍ ၂ ပိုင်း ရှိသည်။ လက်ဝါးဆိပ်ရွာသို့ ကျနော်တို့ ရောက်၏။ ဆက်သွယ်ရမည့် အဆက်အသွယ်နှင့် ဆက်သွယ်သည်။ ဒေသခံအဆက်အသွယ်က …. ကျနော်တို့နေရမည့် နေရာသို့ လိုက်ပို့သည်။ ရွာ၏ အရှေ့ဘက်တွင်က …. တောင်မြောက်တန်းနေသည့် ကျောက်တောင်ကြီး ရှိသည်။ ကျောက်တောင်ကြီးက …. ပျဉ်ပြားတချပ်ကို ထောင်ထားသကဲ့သို့ ပြားပြားမတ်မတ် ….။ ရွာက တောင်မြောက်တန်းနေသည့် ရွာတန်းရှည်။ ရွာနှင့် ကျောက်တောင်က မျဉ်းပြိုင်အလား ပြိုင်၍ တန်းနေသည်။ ကျောက်တောင်တန်း၊ ရွာနှင့် ဝင်းယော်ချောင်းက ….. မျဉ်းပြိုင် ၃ ကြောင်း ဆွဲထားသကဲ့သို့ ….။ ကျနော်တို့က ရွာကို ခါးလယ်မှ ကန့်လန့်ဖောက်ထွက်ကြ၏။ ရွာလွန်သည်နှင့် ကြက်ပေါင်စေးခြံများက …. အုပ်အုပ်ဆိုင်းဆိုင်း….။ ဖြောင့်တန်းစွာ စိုက်ထားသည့် ကြက်ပေါင်စေးပင်များက စီစီရီရီနှင့် အမြင်တွင် လှ၏။ ရွက်ချင်းယှက်နေ၍၊ နေပြောက်ပင် မထိုးနိုင်..။ အေးစိမ့်သော အပွေ့အဖက်က တိုးဝင်လာသည်။ ကျောက်တောင်ခြေရင်းဆီသို့ တရွေ့ရွေ့….။

ကြက်ပေါင်းစေးခြံများ ဆုံးလျှင် …. မြစ်ကျိုးအင်းတခုက …. တောင်ခြေအစပ်နှင့် ကြက်ပေါင်းစေးခြံများအကြား၌ တားဆီး၍ထား၏။ မြစ်ကျိုးအင်းက ကိုက် ၅ဝ ခန့် ကျယ်မည်။ ရေက စိမ်း၍ကြည်သည်။ ရေသားကို ကြည့်ရသည်မှာ ရေစူးနက်မည့်အသွင် …..။ မြစ်ကျိုးအင်း၏ တဖက်တွင် …. တဲငယ်စုစုကို တွေ့ရ၏။ မြစ်ကျိုးအင်း၏ တဖက်ကမ်းရှိ တဲစုစုမှ လူတယောက် … ထွင်းလှေတစီးနှင့် ကျနော်တို့ဘက်ဆီသို့ လှော်လာ၏။ အင်္ကျီမပါ။ လုံချည်ကွင်းကို ခါးတောင်းမျောင်အောင် ကျိုက်ထား၏။ ညိုမောင်းသော အသားအရေသည် နေလောင်ထားသည့်အတွက် ကြေးနီရောင်တောက်၍နေသည်။ ဒူးဆစ်မှ ပေါင်းရင်းအထိ ထိုးကွင်းမင်ကြောင်တို့က အပြည့်…။ ကျနော်တို့ … ထိုလောင်းလှေနှင့် တဖက်ကမ်းသို့ ကူးခဲ့ကြ၏။

(ခ)

“ဒါ … နိုင်ဘလိလေ …”

“မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင်က ထောင်မှူးကြီး ….”

ကျနော်တို့အထဲမှ အရင်ရောက်နှင့်နေသည့် သူတဦးက မိတ်ဆက်ပေး၏။ ဤတွင် …. ကျနော်တို့ကို မြစ်ကျိုးအင်း၏ တဖက်ကမ်းမှ လှေနှင့် လာကြိုခဲ့သည့် သူမှာ …. ထောင်မှူး နိုင်ဘလိမှန်း သိရလေ၏။

နိုင်ဘလိက …. အသက် ၆ဝ ကျော်၍ ၇ဝ ပင် ပြည့်တော့မည်။ သန်မာဆဲ …..။ ကြွက်သားဆိုင်များနှင့် ပြည့်ပြည့်တင်းတင်းပင် …..။ ညိုညိုမောင်းမောင်းအသား….၊ ပုပုပြတ်ပြတ် အရပ်အမောင်းကြောင့် အရွယ်တင်သည်ဟု ပိုထင်ရ၏။ ဆေးတံအိုးက ပါးစပ်တွင် အမြဲခဲထားလျက် ….။ ကွမ်းစားဆေး၊ ဆေးတံဆေးတို့ကြောင့် နိုင်ဘလိ၏ သွားတို့က ညိုညိုညစ်ညစ်…..။


နိုင်ဘလိက မွန်တပ်ဦးခေတ်၊ မွန်လက်နက်ကိုင် တော်လှန်ရေး စတင်ကတည်းက …. လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့သည့် မွန်တော်လှန်ရေး တပ်သားကြီး …..။ ယခု သူနှင့် မြစ်ကျိုးအင်း၏ တဖက် …. တဲစုစုတွင် အတူနေထိုင်ရင်း ….. သူ၏ ရင်ခုန်သံကို နားစွင့်နေမိ၏။

(ဂ)

နိုင်ဘလိ၏ ထောင်က …. ထောင်နှင့်တူသည့် အဆောက်အဦးဟူ၍ …. '၄' '၂' လက်မများနှင့် စိတ်စိတ်ကာရံထားသည့် အဆောက်အဦးတခုသာလျှင် ရှိ၏။ ၁ဝ ပေ၊ ၁၂ ပေ၊ နှစ်ခန်းကို ရင်ကွဲဆောက်ထား၏။ အကျဉ်းသား ၁ဝ ဦးခန့်ထား၍ရမည့် အဆောက်အဦး…..။ အကျဉ်းကျနေကြသည့် အကျဉ်းသားတို့က မွန်ပြည်သစ်ပါတီ၏ တရားစီရင်မှုဖြင့် ပြစ်ဒဏ်ကျခံနေကြရသည့် သူများဖြစ်သည်။ နွားခိုးမှု၊ ဓားမြမှုတို့က များ၏။ လူသတ်မှုနှင့် ပြစ်ဒဏ်ကျခံနေရသည့် နှစ်ကြီးသမားတဦးလည်း ရှိသည်။ နှစ်ကြီးသမားတို့ကိုမူ ….. သံကြိုးနှင့် ခြေကျင်းခတ်ထား၏။


နေ့ဖက်တွင်မူ … မြစ်ကျိုးအင်းနှင့် ကျောက်ကမ်းပါးယံအကြား မြစ်ကျိုးကျွန်းပေါ်တွင် အကျဉ်းသားတို့ လွတ်လွတ်လပ်လပ်ပင် နေထိုင်ခွင့်ရ၏။ အကျဉ်းသားတို့၏ အလုပ်က ….မွန်ပြည်သစ်ပါတီခရိုင် ပညာရေးဌာနလက်အောက်ရှိ အလယ်တန်းကျောင်းဝင်းအတွင်း၌ သီဟိုဋ်ပင်စိုက်ခြင်းနှင့် ပြုစုရခြင်းပင်…။ ပြီးလျှင် …. ကျောင်း၏ ဘော်ဒါဆောင်စားဖိုအတွက် တနှစ်စာ ထပ်စုပေးရ၏။

ညတွင်မူ …. အကျဉ်းသားတို့ကို သစ်သားအချုပ်ဆောင်အတွင်းသို့ သွင်း၏။ အချုပ်သားများက အလှည့်ကျနှင့် ထမင်းချက်ရ၏။ ရိက္ခာကိုမူ နေ့စဉ် နိုင်ဘလိက ထုတ်ပေး၏။ ဆန်နှင့် ငပိ ….။ အပြင်ထွက် အလုပ်လုပ်ရန် အလုပ်ခွဲရာတွင်လည်း နိုင်ဘလိပင် ခွဲပေးရသည်။

ဤအတွက် ….. အချုပ်ထောင်၌ နိုင်ဘလိကား … သူသည်ပင် ထောင်ပိုင်၊ သူသည်ပင် ….ထောင်မှူးကြီး၊ သူသည်ပင် …. ထောင်မှူး၊ သူသည်ပင် ….. ထောင်ကြပ်၊ သူသည်ပင် …. ဝါဒါ ဟူ၍ တာဝန်များ ထမ်းဆောင်နေရသည်။ ဤမျှနှင့် မပြီးသေး …. လောင်းလှေတစီး၊ ပိုက်ကွန်တလက်နှင့် နိုင်ဘလိသည် မြစ်ကျိုးအင်းအတွင်း ငါးရှာပြီး ထောင်သားတွေကို အသားငါးရှာကျွေးသေး၏။

(ဃ)

နိုင်ဘလိ၏ ဇာတိက …. ကတိုး၊ ကော့နှပ်ဘက်က ဖြစ်သည်။ ၁၉၅၅ ခုနှစ်တွင် မွန်လက်နက်ကိုင် တော်လှန်ရေးအတွင်းသို့ နိုင်ဘလိ ဝင်ရောက်ခဲ့၏။ ထိုစဉ်က နိုင်ဘလိ၏ အသက်သည် ၁၇ နှစ်ခန့်မျှသာ ရှိမည်။ “မွန်အမျိုးသားတပ်ဦး” အဖွဲ့က မွန်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်၍ နေသည်။ “မွန်အမျိုးသားတပ်ဦး” ၏ ဥက္ကဋ္ဌက နိုင်အောင်ထွန်းဖြစ်ပြီး၊ အတွင်းရေးမှူးက နိုင်ကွန်ဒစ် ဖြစ်သည်။ နိုင်ရွှေကျင် (ယခုကွယ်လွန်၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ) ၊ နိုင်ငွေသိမ်း (ယခု ဒု-ဥက္ကဋ္ဌ၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့) ၊ နိုင်ဆိတ်နို့ (၁၉၈၉ ခုနှစ် ဘုရားသုံးဆူးစခန်း၊ တနှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနားတွင် မိန့်ခွန်းစကားမြွက်ကြားရင်း ကွယ်လွန်ခဲ့။ မွန်ပြည်သစ်ပါတီတွင် ဒု-ဥက္ကဋ္ဌ)၊ နိုင်ဘိုးစိန်၊ နိုင်ချမ်းမွန်၊ နိုင်ပန်းသာနှင့် ဟင်္သာမယ်ဒေါ်အမာတို့က …. မွန်အမျိုးသားတပ်ဦး၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များဖြစ်၏။


နိုင်ဘလိ မွန်တပ်ဦးသို့ ဝင်ရောက်ခဲ့ပြီးနောက် … နိုင်ရွှေကျင်၏ အဖွဲ့တွင် ရဲဘော်သစ်တဦးအဖြစ် တာဝန်ထမ်းဆောင်ရ၏။ နိုင်ရွှေကျင်သည်လည်း ကော့နှပ်သားပင်ဖြစ်၍ ကတိုးကော့နှပ်သားဖြစ်သည့် သူ့ကို ခေါ်ထားခြင်းဖြစ်သည်။ ထိုစဉ်က …. နိုင်ရွှေကျင်သည် အိမ်ထောင်မကျသေး….။ လူပျိုဘဝနှင့်ပင် ဖြစ်သည်။ ၁၉၅၈ ခုနှစ်၊ ဇူလိုင်လတွင် ဥက္ကဋ္ဌ နိုင်အောင်ထွန်း ဦးဆောင်သည့် မွန်အမျိုးသားတပ်ဦး၊ ‘လက်နက်နှင့် ဒီမိုကရေစီ’ လဲလှယ်လိုက်ကြသည့် အချိန်တွင် နိုင်ဘလိသည် နိုင်ရွှေကျင်နှင့်အတူ ရှိနေခဲ့၏။ ထိုစဉ်က ….. သူတို့အင်အားသည် တစ်ရာမျှပင်မပြည့်ချင်….။ နိုင်အောင်ထွန်းနှင့်အတူ လက်နက်ချသွားခဲ့ကြသည်က …. အင်အား တထောင်ကျော်မည်။ နိုင်ရွှေကျင်နှင့်အတူ ကျန်ခဲ့သည့်အင်အားက နည်းနည်း….။ လက်နက်က မပြည့်မစုံ….။ ဤအခြေအနေများကြားမှပင် မွန်အမျိုးသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းသစ်တခုကို နိုင်ရွှေကျင်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းနိုင်ခဲ့၏။

“မွန်ပြည်သစ်ပါတီ”……။

မွန်ပြည်သစ်ပါတီ ဖွဲ့စည်းပြီးခဲ့သည့်နောက် …. ဗဟိုကို ‘အဖလုံရွာ’ နားတွင် တည်၏။ လှုပ်ရှားမှုနယ်မြေက …. ဇမိမြစ်နှင့် ဝင်းယော်ချောင်းအကြားရှိ တောင်ပေါက်နှစ်ဆယ့်လေးရွာ…..။ လမ်းစဉ်မှန်သည့်အတွက် …. ပါတီက တဖြည်းဖြည်းနှင့် အင်အားကြီးမားခဲ့၏။

နောက်ပိုင်းတွင်မူ …. ဗဟိုကို ‘အဖလုံ’ မှ ‘ကရိန်းကန်း’ ….။ ပြီးလျှင် …. ‘ရေးချောင်းဖျား’ …. အသီးသီး ရွှေ့ပြောင်းခဲ့ကြ၏။ နိုင်ဘလိက …. လက်ရှိ မွန်အမျိုးသားလွတ်မြောက်ရေး လက်နက်ကိုင်တော်လှန်ရေး၏ မှတ်တမ်းစာအုပ်တအုပ်ပမာ ….။ သူ့၏ ရင်ခုန်သံတွင် …. မွန်ပြည်သစ်ပါတီအတွင်း နိုင်ဆိတ်နို့နှင့် နိုင်ရွှေကျင်အုပ်စုအကွဲကိုလည်း ကြားရ၏။ ဘုရားသုံးဆူနှင့် တောင်ပေါက်နှစ်ဆယ့်လေးရွာအတွင်း ဖြစ်ပွားခဲ့ကြသည့် မွန်၊ ကရင် လက်နက်ကိုင် ပဋိပက္ခများကိုလည်း ကြားရ၏။

အပစ်အခတ် မရပ်စဲမီကာလ …. ပွင့်လင်းရာသီရောက်၍ ရန်သူ၏ ထိုးစစ်ဆင်လာပြီဆိုပါက …. နိုင်ဘလိ၏ ထောင်သည် ယခုကဲ့သို့ နေ၍မရတော့….။ မွန်ပြည်သစ်ပါတီ၏ စစ်ကြောင်းနှင့်အတူ လိုက်ရ၏။

“လှုပ်ရှားထောင်”……။

ထိုအခါမျိုးတွင် …. သူ၏ ထောင်သားများနှင့်အတူ မောင်းပြန်ရိုင်ဖယ် ကိုင်ရင်း ထောင်မှူးကြီး နိုင်ဘလိသည် စစ်ပွဲအတွင်း ရောက်၍နေပြန်သည်။ ယမ်းငွေ့များအကြား ဗုံးသံများအလယ်၌ … နိုင်ဘလိသည် ပုဆိုးတိုတို ….. အင်္ကျီဗလာနှင့် ဆေးတံအိုး ခဲလျက် ….။ ညိုမောင်းသော အသားအရည်နှင့် ထိုးကွင်းမင်ကြောင်တို့က နေရောင်အောက်တွင် ကြေးနီရောင်အသွေးဆင်လျက်……။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်

စစ်ကိုလည်း ကြုံ၊ ခြအုံလည်း ဖြစ်

ဓားထစ်လည်း ခံ၊ နေလျှံလည်း တိုက်

လေပြင်း ခိုက်လည်း၊ မငိုက် ဦးခေါင်း

နွေသစ်လောင်းသော်

ရွက်ဟောင်း ညှာကြွေ၊ ရွက်သစ်ဝေ၍

လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်

အသင် ယောက်ျားကောင်းတကား။ ။


(မင်းသုဝဏ်၏ 'ပျဉ်းမငုတ်တို' ကဗျာမှ)

အပြည့်အစုံသို့...

Monday, November 16, 2009

ကွန်ဖက်ရှင်အော့ဖ် သ ပေသီး (ချက်ပတာ-တူး)

ကျွနိုပ် ကိုပေသီးကလည်း အနောက်တိုင်းသားတို့ ယမကာ မှီဝဲစဉ် တဦးကိုတဦး အသိအမှတ်ပြု နှုတ်ဆက်သလို ပုံဟန်မျိုးဖြင့် ချိုရဲ ပျစ်နှစ်နေသော လက်ဖက်ရည်ခွက်ကို မြှောက်ကာ “ဟိုင်း ယူ ..လောင်းတိုင်း နိုးစီး”ဟု ခွပ်လက်ချပြီးကာစ တိုက်ကြက်ဖ ကဲ့သို့ ရင်ဘတ်ကို မောက်၍ အားကျမခံပြန်၍ နှုတ်ဆက်လိုက်၏။ ထို့နောက်တွင်ကား ရိုမီယိုမောင်မောင်က ခွေးခြေပုကလေးတလုံးကို ဆွဲယူပြီးသကာလ ကျွန်ုပ်တို့အပေါင်းအဖော်များထဲ၌ နှံ့နှံ့စပ်စပ်လည်းရှိ၊ စကားပြောလည်းကောင်း၊ အလုပ်မယ်မယ်ရရ မရှိသော်လည်း သူ့ဟာနှင့်သူ အဆင်ပြေ စိုပြေနေသည့် နောက်တိုး၏ ဘေးတွင် ထိုင်လိုက်၏။

အနှီ နောက်တိုးသည်ကား နှယ်နှယ်ရရ နောက်တိုးမဟုတ်။ ကျွန်ုပ်တို့တမြို့လုံးက ယခုလို မိုးအကုန်ဆောင်းအကူး ကာလဆိုလျှင် လော်စပီကာမှ အော်ဟစ်ပြောဆိုတတ်သော နောက်တိုး၏အသံကို အရေးတယူ လုပ်၍ နားထောင်ရမြဲဖြစ်၏။

အသို့နည်းဟူမူ နောက်တိုးသည်ကား ‘မီးကင်းရေးရာ ကျွမ်းကျင်သူ’ ဖြစ်သောကြောင့်ပေတည်း။ နောက်တိုးနှင့် မျက်နှာချင်းဆိုင်တွင် လက်ဖက်ရည်ကြမ်းပန်းကန်လုံးထဲ လက်ညှိုးထည့်လိုက်၊ စားပွဲပေါ်တွင် ထိုလက်ညှိုးဖြင့် စာရေးလိုက်ဖြင့် အလုပ်များနေသော မောင်လှပုသည်လည်း ခေသူတော့မဟုတ်။


မောင်လှပုတို့က ငွေနှင့်ကြေးနှင့် အလုပ်နှင့်အကိုင်နှင့် တမြို့လုံးတွင် တလုံးတည်းရှိသော စာပုံနှိပ်တိုက်ပိုင်ရှင်ဖြစ်၏။ သူ၏ဖခင်သည်လည်း အီစမန်ကျော်သူရ၏ ဖခင်ကဲ့သို့ပင် မွန်ပြည်နယ်တွင် တာဝန်ကျဖူးသော အရာရှိတဦးဖြစ်၍ ရဲစခန်းမှူးတယောက်ဖြစ်ပေ၏။ ထိုသို့ တာဝန်ကျနေစဉ်သကာလ တခုသော သင်္ကြန်အခါတွင် သူ၏မိခင်ဖြစ်သူက ဒုလ္လဘ ရဟန်းခံပွဲတွင် ရေးမြို့နယ်မှ တက္ကသိုလ်ကျောင်းတိုက်တွင် သာမဏေဘောင်သို့ သွပ်သွင်းပေးခဲ့ဖူးသည်ဟုဆို၏။

မောင်လှပုတို့က ကြုံလျှင်ကြုံသလို သူ၏ လိပ်စာကတ်ကိုလည်း စကားတခါနှစ်ခါ ပြောဖူးသူဖြစ်ယုံမျှနှင့် မရအရ ထိုးပေးလေ့ရှိ၏။ ထို လိပ်စာကတ်ကိုကြည့်လိုက်လျှင် ‘မောင်လှပု (ရေးတက္ကသိုလ်)’ ဟု အဘယ်အကြောင်းကြောင့်မသိ အမြဲထည့်သွင်းလေ့ရှိပြန်ပေ၏။


မောင်လှပု၏ ဘေးတွင် မေးစိကိုပွတ်လျက် ကောင်းကင်ကို မော့ကြည့်ပြီး လေးလေးနက်နက် စဉ်းစားနေဟန်ရှိသော ကိုဟန်မောင်ကတော့ ဆောင်းကာလရောက်လျှင် တမြို့လုံးက အားကိုးနားထောင်ရသော သူတယောက်ဖြစ်ပေ၏။ အဘယ်ကြောင့်ဆိုသော် ကိုဟန်မောင်က ဘေထုတ်အရေးနှင့်ပါတ်သက်လျှင် နှံ့စပ်သူ ဖြစ်သကဲ့သို့ တမြို့လုံးကလည်း ယခုအခါ ကိုဟန်မောင်ဟေ့...ဟု ပြောလိုက်လျှင် ‘သြော် ..ဘေထုတ်အရေးလေ့လာသူပေါ့...’ ဟု ချက်ချင်း သိနေကြတော့၏။


တကယ်တော့ ကိုဟန်မောင်နှင့် နောက်တိုးတို့နှစ်ယောက် ‘ကျွမ်းကျင်သူများ’၊ ‘လေ့လာသူများ’ဘဝသို့ အလိုအလျောက်ရောက်သွားရသည့် အရင်းခံသည်ကား မြို့ပေါ်မှ ထီဆိုင်များ၏ လက်ချက်ဖြစ်တော့ပေ၏။

မြို့နေလူထုကြီးတရပ်လုံး၏ သောတအာရုံကို နည်းပေါင်းစုံဖြင့် ဆွဲယူဖမ်းစားရန်အတွက် ထိုထီဆိုင်များတွင် အင်မတန်ကျယ်လောင်သော လော်စပီကာကြီးများ ရှိကြသည့်ကောင်းမှုဖြင့် ကျွန်ုပ်၏ ငယ်ပေါင်းကြီးဖော် နှစ်ယောက်မှာ မူလ အာဘောင်အာရင်းသန်မှုကလည်းရှိ၊ သူတို့ကိုယ်သူတို့ နှံ့စပ်နားလည်သူများဟုလည်း အတင်းရော အဓမ္မရော လက်ခံအသိအမှတ်ပြုထားသူများလည်းဖြစ်ကြပြန်ပေရာ ယောင်တောင်ပေါင်တောင်ဖြင့် မြို့နေလူထုကြီးတရပ်လုံးကလည်း လော်စပီကာသံကြားလျှင် ထိုနှစ်ယောက်၏ ဟောပြောတွက်ဆချက်များအား အပျင်းပြေ နားထောင်နေကျ ဖြစ်ပေတော့၏။


အနှီအချက်အလက်များအရ ဤလက်ဖက်ရည်ဝိုင်းကလေးကိုကြည့်လျှင်ပင် မြို့နေ ပြည်သူလူထုကြီးတရပ်လုံးက ကျွန်ုပ် ကိုပေသီးသည် မည်ကဲ့သို့သော အထင်ကရပုဂ္ဂိုလ်တဦး ဆိုသည်ကို အော်တိုမစ်တစ် ရိပ်မိလောက်ပြီဖြစ်ပေသည်။

ကျွန်ုပ်မောင်ပေသီး၏ မိမိ၏အဆင့်နေရာနှင့် လူရာဝင်မှုအပေါ် ပီတိအဖြာကြီးဖြစ်လျက် မိန့်မိန့်ကြီး ကျေနပ်နေစဉ်တွင် ကျွန်ုပ်၏ တူတော်မောင်ဖြစ်သော ဂျပ်စတင်ညှက်စိတယောက် လူနှစ်ယောက်ဝင်အိပ်လျှင်ပင် ချောင်ချိနေသေးမည်ဖြစ်သည့် တီရှပ်အကျီ င်္အပွကြီးနှင့် သိုးမွေးခေါင်းစွပ် နက်ပြာကြီး ခေါင်းပေါ်တစောင်းစွပ်ကာ ငယ်ငယ်ရွယ်ရွယ်နှင့် လေဖြတ်နေသောသူတယောက် မစင်ကိုင်မိလာသည့်ပုံစံဖြင့် စောင်းငန်းစောင်းငန်း ကျွန်ုပ်တို့လက်ဖက်ရည်ဝိုင်းသို့ ရောက်လာ၏။ လည်ပင်းတွင်လည်း သော့ခလောက်ကြီး ရွှေချဆွဲထားသေး၏။


ညှက်စိသည် ကျွန်ုပ်၏ ဘေးတွင် လာရပ်လျက် "မိုင်မားသားစ် ဘရားသား ... အကြွေလေး ငါးထောင်လောက် ချွေတာစမ်းပါ" ဟု ပေါင်ရင်း ခါချဉ်ကိုက်သကဲ့သို့ ဟန်ပန်မူရာဖြင့် မုန့်ဖိုးတောင်းလေတော့၏။


၊အန်ထော်နီ ပေသီး၊

ဆက်ရန်

အပြည့်အစုံသို့...

Saturday, November 14, 2009

ကွန်ဖက်ရှင်အော့ဖ် သ ပေသီး (ချပ်ပတာ ဝမ်း)

ကျွန်ုပ်သည် ‘ပေသီး’ဟူသော အမည်သညာဖြင့် လူဖြစ်လာလင့်ကစား အကယ်တန္တုတွင်မူ ခပ်ပျော့ပျော့ လက်လွယ်လွယ် ဂျင်းလတဲမင်းဆိုသော ပုဂ္ဂိုလ်တဦးသာဖြစ်ပေ၏။

တနေ့သားတွင် ကျွန်ုပ် ကိုပေသီးသည် နိစ္စဓူဝ ပြုမူလေ့ရှိသည့်အတိုင်း မြို့လည် လက်ဖက်ရည်ဆိုင်သို့  ကျွန်ုပ်၏ ဘွားအေကို တဖက်သတ် မေတ္တာရှိခဲ့ဖူးသည့် မြို့အုပ်ဟောင်းကြီး မသေခင် သူ့မြေးမနှင့်ကျွန်ုပ် မောင်ပေသီး မေတ္တာမျှခဲ့ဖူးချိန်တွင် အမွေပေးခဲ့သော ဒုတိယကမ္ဘာစစ်လက်ကျန် စီးတော် ဘီအက်စ်အေကြီးကို ဟန်ပါပါခွလျက်

မီးခိုးလုံးများ တဘုန်းဘုန်း ထွက်လာအောင် ဟန်ရေးပြရင်း ကျွန်ုပ်တို့ဇာတိရပ်ရွာတွင် ကျွန်ုပ် ကိုပေသီးလောက် ပေါ်ပြူလာဖြစ်သူ လောကဓါတ်ပညာ တတ်သူ မရှိပါကလားဟု အမှန်ကိုအမှန်အတိုင်း ဆင်ခြင်မိသည့် စိတ်နေစိတ်ထားတခု အထင်အရှားဖြစ်ပေါ်လာပေတော့၏။


ဖုံတထောင်းထောင်း ကတ္တရာလမ်းအဟောင်းကြီးပေါ်တွင် မြင်းအိုကြီး ဆွဲသော မြင်းလှည်းနှင့်အပြိုင် ကျွန်ုပ်ထက် အသက်သုံးပြန်လောက်ကြီးသော ဘီအက်စ်အေ ဆိုင်ကယ်ကြီးထံမှ ဖုန်းဒိုင်းဖုန်းဒိုင်းအသံများက လမ်းအဟောင်းကြီးပေါ်တွင် အောင်ဘာလေ ထီသည်၏ လော်စပီကာသံကိုပင် လွှမ်းမတတ် ဆူညံသွားစေတော့၏။


မြို့လည် ဈေးပါတ်ဝန်းကျင်တွင် စိနတိုင်းမှာ လှိမ့်ဝင်လာသော ဆိုင်ကယ်စဉ်မမီသည့် ဆိုင်ကယ်များ၊ အယုဒ္ဒယတိုင်းမှ မြစ်ကူးလာသော ထမီဝတ်သည့် ဣထိယများနှင့် ပုဆိုးဝတ်သည့် ပုရိဿများ အခက်အခဲမရှိ ခွရန် အဆင်ပြေသည့် ဆိုင်ကယ်များသည်လည်း ပျားပန်းခတ်မျှ တဝှီးဝှီးဖြစ်တော့သကိုး။


ကျွန်ုပ်လည်း လက်ဘက်ရည်ဆိုင်ဘေး ကာကာကွမ်းယာဆိုင်တွင် စီးတော် ဘီအက်စ်အေ မော်တော်ဆိုင်ကယ်ကြီးကို ရပ်၍ သေသေချာချာ ဒေါက်ထောက်ကာ ကွမ်းယာသည် ကာကာကုလားကြီးထံမှ ဆေးပေါ့လိပ် ၂ လိပ်၊ ကွမ်းယာ ၄ ယာ ဝယ်ရုံမက ကွမ်းသီး တခြမ်း အလကားတောင်းယူလိုက်၏။


ယင်းသို့သကာလ မြို့လည် လက်ဘက်ရည်ဆိုင်နှင့်မလှမ်းမကမ်း ဘော်လီဘောကွင်းတွင်ကား မြို့နယ်ချန်ပီယံ ဘော်လီဘောလက်ရွေးစင်ဖြစ်ဖူးသော ကျွနိုပ်၏ ညီတော်မောင်သည် ခါးတောင်းကို ပြောင်အောင်ကျိုက်၍ တယောက်ချင်း ဘောလီဘော စိမ်ခေါ်ပွဲကို ဆင်နွှဲနေသည်မှာ နေမျိုးနွယ်တို့ နိပွန်ပြည်မှ ဆူမိုနပန်းသမားကြီးများကဲ့သို့ ဖြစ်ပေတော့၏။


ကျွန်ုသည် လမ်းထောင့်နှင့် အလွန်တရာ နီးကပ်သော စားပွဲတလုံးတွင် ရောက်နှင့်နေပြီးဖြစ်ကြကုန်သည့် ငယ်ပေါင်းကြီးဖော် သူငယ်ချင်းများရှိရာသို့  ဆေးပေါ့လိပ် ထိပ်ကို ကိုက်ဖွင့်ပြီး မီးညှိရင်း ခွေးခြေတလုံးဆွဲကာ ဝင်ထိုင်လိုက်၏။


အနှီသူငယ်ချင်းတို့သည်ကား လတ်တလော တိုင်းပြည်ရေးရာ ကိစ္စရပ်များကို အာဘောင်အာရင်းသန်သန် ဆွေးနွေးနေကြ၏။

ထိုအထဲတွင် အသံအကျယ်ဆုံးနှင့် အငြင်းအသန်ဆုံးသူကတော့ ၁၉၈၈ အရေးအခင်းပြီးလျှင်ပြီးချင်း စစ်အာဏာရှင်ကို လက်နက်ဆွဲကိုင် တော်လှန်မှဖြစ်မည်ဟု သံဓိဋ္ဌာန်ချလျက် အပေါင်းအသင်းအားလုံးကို နှုတ်ဆက်ကာ သူ့မိခင် ဆန်ကုန်သည်

အဘွားကြီးအား သူသေသည့်သတင်းကြားလျှင် သပိတ်မသွပ်ရန်၊ ကျွန်ုပ်တို့အားလည်း ရဲရင့်ပြောင်မြောက်စွာ စစ်အာဏာရှင်ကို ဆန့်ကျင်သင့်သည်ဖြစ်ကြောင်း တရားဟော၍ ထွက်ခွာသွားခဲ့သည့်သူ ဖြစ်၏။ ထို့နောက် မကြာမတင်ကာလတွင်ပင် လေယာဉ်ပျံကြီးစီးကာ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ၏ ကြောင်နာ ကြွက်ကိုက်မျက်နှာပေးဖြင့်… “သားသား မှားပါတယ်၊ တပ်မတော်ရဲ့ သဘောထားအမှန်တွေ ခုမှသိပါပြီ”ဟု ပြောခဲ့သည့် ထုတ်လွှင့်မှုသည် တနိုင်ငံလုံးတွင် တခုထဲ ရှိဖူးသော တယ်လီဗွီးရှင်းအစီအစဉ်မှ သတင်းကဏ္ဍတခုတွင် ပါခဲ့ဖူးသလို ထိုကာလမှစ၍ သူ့ကိုယ်သူ နိုင်ငံခြားပြန်တယောက် ဖြစ်ကြောင်း ကြုံလျှင်ကြုံသလို ကြွားတတ်သည့်သူ ဖြစ်ပြန်ပေ၏။

တယ်လီဗွီးရှင်းမှ ပါဖူးသူဆို၍ တမြို့လုံးတွင် သူတယောက်တည်းဖြစ်ပြန်သည်ဖြစ်ရာ ထိုကိစ္စကိုလည်း ရံဖန်ရံခါ သူ့ကိုယ်သူ ဆယ်လီဘရစ်တီဆန်ဆန် ပုံဖော်၍ ကြွားတတ်ပြန်ပေ၏။ ကျွန်ုပ်မောင်ပေသီး အနေဖြင့်မူ မည်သည့်အကြောင်းအရာကိုမျှ ဝင်ရောက်ဆွေးနွေးခြင်းမပြုဘဲ ဘိုဆန်ဆန်ပင် ကျောက်ပန်းတောင်းတခွက်ကို မလိုင်များများ ထည့်ပေးရန် အသက်ဆယ့်နှစ်နှစ်အရွယ် စားပွဲထိုးကလေးအား မှာလိုက်၏။


သူငယ်ချင်းများက ၂၀၁၀ ရွေးကောက်ပွဲအကြောင်း၊ ၂၀၀၈ နာဂစ်မုန်တိုင်းကာလတွင် ဗြောင်ကျကျပင် ရပ်ကွက်မီးလောင်ချိန် ဘုရားဌာပနာတိုက် ဝင်ဖောက်မှုနှင့် ထပ်တူညီသော ဆန္ဒခံယူပွဲအကြောင်း၊ ဆက်လက်ဆွေးနွေးနေချိန်တွင်ကား ကျွန်ုပ်တို့တအုပ်လုံးထဲတွင် သိုးဆောင်းဘာသာစကားကို (ကျွန်ုပ် ကိုပေသီးမှလွဲလျှင်) ဂျွန်းပြန်အောင် တတ်သော ရိုမီယိုမောင်မောင်ဆိုသည့် သူငယ်ချင်းသည် သူ၏ ခန့်ညား ပြောင်လက်သော ကားကြီးပေါ်မှ ဆင်းလာတော့၏။


မောင်မောင့် နာမည်အား ရိုမီယိုမောင်မောင်ဟု သူ၏ဖခင်ဖြစ်သော ဗိုလ်မှူးဟောင်း ဦးလှမောင်က ကင်ပွန်းတပ်ခဲ့သည်မှာ ကမ္ဘာကျော်စာရေးဆရာကြီး ဝီလျန် ရှိတ်စပီးယား၏ ဝတ္တုကြီးမှ ကာလနာတိုက်သွားသော ရိုမီယိုနှင့် ဂျူးလိယက်ကို ကြိုက်လွန်းသဖြင့်လည်း ဖြစ်တန်ရာ၏။


သို့မူတကား အထက်တန်းကျောင်းသားဘဝတုန်းက မွန်ပြည်နယ်မှ ကျွန်ုပ်တို့မြို့အား ပြောင်းလာသော ဘူတာရုံပိုင်ကြီး၏သား၊ ဘုန်းကြီး နှစ်ခါထွက်ပြီးသကာလ ရသေ့ ဝတ်ပြီးနောက် အမဲအူသုတ်ရောင်းသော ကုလားမလေးနှင့် ခိုးပြေးကာ ယခုအခါ မြို့ကျက်သရေဆောင် ဗလီလူကြီးထဲမှ တဦးဖြစ်နေသော အီစမန် (ခေါ်) ကျော်သူရက ရိုမီယို ဆိုသည်နှင့် လူမမြင်ဖူးသေးဘဲ ရည်းစားစာ လိုက်ပေးရန် ကြိုးပမ်းခံခဲ့ရသည့်အထိ စွံခဲ့သော မောင်မောင်ဖြစ်ပေတော့၏။ အသို့ဖြစ်ရနည်းဆိုသော် အီစမန် ကျော်သူရက ဂျပန်မကလေးများဆိုလျှင် အသေရရ အရှင်ရရ ကြိုက်နှစ်သက်တော်မူသော စိတ်သဘာဝရှိပြီး ကျွန်ုပ်တို့ခေတ် ပိုစတာများတွင် ‘မိုမိုကို’ ဆိုသော အချောအလှပဂေး ဂျပန်မကလေး၏ ရုပ်ပုံကားချပ်များ အပြည့် သူ၏အိပ်ခန်းတွင် ရှိခဲ့ဖူးသူဆိုပေ၏။ သို့ဖြင့် ရိုမီယို ဆိုသည့်အမည်သညာအား အီစမန်ကျော်သူရအနေနှင့် ဂျပန်မကလေးများ၏ နာမည်နှင့် တူသယောင်ရှိတော်မူသည့်အပြင်၊ ယင်းကာလတွင် ဂျပန်နာမည်လိုလို တိုင်းရင်းသူ နာမည်လိုလိုနှင့် ရေးသားထုတ်ဝေနေသော အပျော်ဖတ် ဘုတ်အုပ်ဆရာမ သို့မဟုတ် ဆရာများကလည်း နာမည်ကြီးလှပေဆိုတော့ကာ ခပ်ဟော့ဟော့ ခပ်ပျံပျံ ကျောင်းသူကလေး တယောက်ဟု အထင်ရှိဟန်ဖြစ်ပုံရပေ၏။


အနှီ ရိုမီယိုမောင်မောင်သည် ကျွန်ုပ်အား မြင်လျှင် သူ၏ အနီရောင် လျှာထိုးဦးထုတ်အား ချွတ်ကာ… “ဟိုင်း ... ဝှပ်စအပ်ပ်”ဟု နှုတ်ဆက်လိုက်လေ၏။


၊အန်ထော်နီ ပေသီး၊

……ဆက်ရန်ရှိသေးသည်……

အပြည့်အစုံသို့...