Welcome to Tenasserim Peninsula

Saturday, August 1, 2009

ဗိုလ်မှူးကြီးဗထူး....အပိုင်း(၂)

(စ)
၁၉၄၅ခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း၌ မြေအောက်ကွန်မြူနစ်ပါတီ၏ ပါတီကွန့်ဖရင့်အား ကျင်းပခဲ့သည်။ မြေအောက် ကွန်မြူနစ်ပါတီသည် ၁၉၄၄ခုနှစ် ဇန်န၀ါရီလအတွင်းက ကျိုက်လတ်မြို့နယ် “ညောင်ချောင်း”ရွာကလေးတွင် ပါတီကွန်ကရက်အား ကျင်းပပြုလုပ်ခဲ့ပြီး တစ်နှစ်အကြာတွင် ပါတီကွန်ဖရင့်အား ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ ကွန်ဖရင့်က…. ပါတီ၏ ရေရှည်လုပ်ငန်းစဉ်များအား ချမှတ်ခြင်း၊ ဗဟိုကော်မတီအား ရွေးချယ်ခြင်းများအား မပြုလုပ်။ မချမှတ်သော်လည်း လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စည်းရုံရေး၊ စစ်ရေး အခြေအနေများအရ လက်ငင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေး ချမှတ်သွားရန်ဖြစ်သည်။
ကွန်ဖရင့်အား ရန်ကုန် (R.E.T) အဆောက်အဦးတွင်ပင် လျို့ဝှက်ကျင်းပ၏။ သခင်စိုးကမူ မတတ်နိုင်။ သခင်သန်းထွန်းက ကွန်ဖရင့်အား ဦးဆောင်၍ကျင်းပသည်။ လက်နက်ကိုင်လုံခြုံရေး အစောင့်များချ၍ ပြုလုပ်ရသော ကွန်ဖရင့်ဖြစ်သည်။ ကွန်ဖရင့်သို့တက်ရောက်သည့် ကိုယ်စားလှယ်များတွင်လည်း သေနတ် တစ်လက်စီနှင့်….။

ထိုကွန်ဖရင့်သို့ ဗိုလ်မှူးဗထူးလည်း တတ်ရောက်၏။ ကွန်ဖရင့်တွင်…. ဗိုလ်မှူးဗထူးက သူတာဝန်ယူ ဆောင်ရွက်ခဲ့သည့် အထက်ဗမာပြည်ဖက်ဆစ် ဆန့်ကျင်ရေး မြေအောက်စည်းရုံးမှု အခြေအနေများနှင့် မဟာမိတ်များနှင့် ဆက်သွယ်ဆောင်ရွက်ထားမှုတို့အား အစီရင်ခံ၏။ ပြီးလျှင် …..
“သူတာဝန်ယူ ဆောင်ရွက်သော အမေရိကန်စစ်တပ်များနှင့် ဆက်သွယ်ရေးကိစ္စတွင် စတင်ဆက်သွယ်မိပြီ ဖြစ်ကြောင်း၊ မြစ်ကြီးနားဖက်ရှိ အမေရိကန်စစ်တပ်ရှိရာသို့ ကိုလှ(တောခိုသေဆုံး)၊ ကိုဝင်းမောင် (စာရေးဆရာကျော်ဝင်းမောင်)၊ ကိုအေးဝင်း(ဒု-ဗိုလ်မှူးကြီးဟောင်းအေးဝင်း) တို့ကို စေလွှတ်ခဲ့ကြောင်း၊ အမေရိကန်တပ်များနှင့် ဆက်သွယ်မိပြီး အမေရိကန်တပ်ဖွဲ့ (၁၀၁)က ဖတပလ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း သူတို့အထဲသို့ အထက်ဗမာပြည် ဖတပလအဖွဲ့မှ ခေါင်းဆောင်တစ်ယောက်ကိုခေါ်ယူခဲ့ရန် ကိုဝင်းမောင်နှင့် ကိုလှကို နှစ်လမ်းခွဲ၍ စေလွှတ်ခဲ့ကြောင်း ရွှေဘိုဖက်မှ ကုန်းလမ်းခရီးအတိုင်း မန္တလေးသို့ လာသော ကိုဝင်းမောင်မှာ မင်းကွန်းတွင် စစ်ကိုင်းကင်ပေ၏ ဖမ်းဆီးခြင်းကိုခံရပြီး ထွက်ပြေး လွတ်မြောက်လာကြောင်း ထိုကိုလှက ရဲဘော်နှစ်ယောက်နှင့် အတူ နောင်ချိုနယ်အတွင်း လေထီးဖြင့် ဆင်းခဲ့ကြပြီး အထက်ဗမာပြည် တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိလာကြကြောင်း၊ ကိုဝင်းမောင်၊ ကိုလှတို့နှင့်အတူ ပျဉ်းမနားမှ သခင်ဖေတင့် (ယခုတောခို ကွန်မြူနစ်ခေါင်းဆောင်)ကို အမေရိကန်တပ်များနှင့် ဆက်သွယ် ဆွေးနွေးရန် စေလွှတ်လိုက်ပြီဖြစ်ကြောင်း တင်ပြဆွေးနွေးပါသည်”
အသီးသီး လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအစီရင်ခံစာများအား ဆွေးနွေးကြပြီးနောက် ကွန်ဖရင့်တွင် အိန္ဒိယမှ ကိုသိန်းဖေ (စာရေးဆရာသိန်းဖေမြင့်) ရေးပို့လိုက်သည့်
“ဖက်ဆစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးသို့” စာတမ်းအား ဆွေးနွေးကြ၏။ စာတမ်း၏ အနှစ်သာရက …..
“ဖတပလအဖွဲ့ဝင်များနှင့် မြန်မာပြည်သူများသည် ဖက်ဆစ်ဂျပန်များကို မြန်မာနိုင်ငံက တိုက်ထုတ်ပြီး မြန်မာနိုင်ငံအား ဖက်ဆစ်ကျွန်ဘ၀မှ လွတ်မြောက်စေရန် မဟာမိတ်တပ်များ ပြန်ရောက်လျှင် ရောက်ချင်း ဥပဒေအတွင်း တိုက်ပွဲများ ဆင်နွှဲရန်အတွက် လူထုအဖွဲ့အစည်းများထူထောင်ရမည်။ ထိုအခါတွင် လက်နက်ကိုင်တော်လှန်ရေးကာလ ကုန်ဆုံးပြီး ဥပဒေအတွင်း ပြန်လည်ထူထောင်ရေးကာလ အစပြုလာမည်။ ထိုကြောင့် လွတ်လပ်ရေးအတွက် ပြည်သူ့ညီညွှတ်ရေး တပ်ပေါင်းစုကြီးကို ကျယ်ပြန့်အောင် တိုးချဲ့ဖွဲ့စည်းပြီး လူတန်းစား အဖွဲ့အစည်းများကိုလည်း တဖက်က ဖွဲ့စည်းရမည်။ လူထုလုပ်ငန်းများ လုပ်ရမည်။ လူထုလုပ်ငန်းများ လူထုတိုက်ပွဲများဖြင့် လူထုအဖွဲ့အစည်းများ၏ နိုင်ငံရေးစည်းရုံးမှု အင်အားဖြင့် လွတ်လပ်ရေးကို အရယူရမည်” ဟူ၍ဖြစ်သည်။ ကိုသိန်းဖေ၏စာတမ်းနှင့် ပတ်သတ်၍ ဗိုလ်မှူးဗထူးက ကွန်ဖရင့်တွင် ဆွေးနွေးခဲ့၏။
“ဤစာတမ်းမှာ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ပြီးမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ယခုလောလောဆယ်ဆယ် ပြဿာနာမှာ ဗမာ့မြေပေါ်တွင်ရှိနေဆဲဖြစ်သော ပြည်သူလူထုကို ညှင်းဆဲ နှိပ်စက်နေဆဲဖြစ်သော ဖက်ဆစ်ဂျပန်တို့ကို မည်သို့တော်လှန်တိုက်ခိုက်ကြမည် တော်လှန်တိုက်ခိုက်ရာတွင် တပြည်လုံး၊ တပြိုင်တည်း ထချကြမည်လော၊ သို့မဟုတ် စစ်မျက်နှာအလိုက် တဆင့်ပြီးတဆင့် တော်လှန် တိုက်ခိုက်ကြမည်လော ဆိုသည်ကို အလေးပေးဆွေးနွေးသင့်ကြောင်း တင်ပြပါသည်” ဗိုလ်မှူးဗထူး၏ ဆွေးနွေးချက်အား ကွန်ဖရင့်သည် အလေးထားစဉ်းစားစရာဖြစ်လာ၏။
ဖက်ဆစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးသို့ စာတမ်းက Day Two လုပ်ငန်းစဉ်များဖြစ်နေပြီး ယခုလတ်တလော ရင်ဆိုင်နေရသည့် ဖက်ဆစ်ဂျပန်တို့အား လက်နက်ကိုင်တော်လှန်ရေးနှင့် လက်ရှိဗမာပြည် စစ်မျက်နှာ အခြေအနေ…. ဤသည်က …. ဒီနေု့လုပ်ငန်း….။ Day One ….။
ကွန်ဖရင့်သို့ ဗိုလ်မှူးဗထူးသည် ဗမာပြည်၏ လက်ရှိစစ်ရေးအခြေအနေများအား ရှင်းပြ၏။ “ဗမာပြည် စစ်မျက်နှာအခြေအနေမှာ ထိုးစစ်ဆင်လာသော မဟာမိတ်တပ်များသည် ယခုအခါ ပခုက္ကူမြို့ကိုသိမ်းယူပြီး မြင်းမူနှင့် ပခုက္ကူအကြား ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံ ဒေသတ၀ိုက်တွင် စုရုံးလျက်ရှိနေလေသည်။ မန္တလေးမြောက်ဖက် စစ်မျက်နှာတွင်လည်း သပိတ်ကျင်းနှင့် မတ္တရာ စကျင်နယ်တ၀ိုက်တွင် တပ်အင်အားစုရုံး၍ မန္တလေးမြို့သို့ ချီတက်တိုက်ခိုက်ရန် တာစူလျက်ရှိနေလေသည်။
ဖက်ဆစ်ဂျပန်တပ်များကလည်း တောင်ဖက်စစ်မျက်နှာဖြစ်သော ရေနံချောင်းမှ မြင်းခြံ၊ စစ်ကိုင်းဒေသများတွင် တပ်အင်အားစုရုံးလျက်ရှိပြီး မဟာမိတ်တပ်များကို ဧရာဝတီမြစ် ဖြတ်မကူးနိုင်ရန် အလုံးအရင်းဖြင့် တွန်းလှန် တိုက်ခိုက်ရန် စီစဉ်လျက်ရှိလေသည်။ မန္တလေးမြို့သို့ရှေ့ရှုတိုက်ခိုက်လာသော သပိတ်ကျင်းဖက်မှ မဟာမိတ် စစ်ကြောင်းကိုလည်း မန္တလေးမြို့မြောက်ဖက်က ခုခံတိုက်ရန် ဂျပန်တို့က ပြင်ဆင်လျက်ရှိလေသည်။
ဤသို့ရှိနေသော စစ်အခြေအနေတွင် ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေးသမားများအနေဖြင့် ဖက်ဆစ်ဂျပန် တော်လှန်ရေးကို မည်သို့ဆင်နွှဲမည်နည်း။ ဤပြဿနာကား အပူတပြင်း ပြဿနာဖြစ်နေပေသည်”
ဗိုလ်မှူးဗထူး၏ တင်ပြဆွေးနွေးသော အချက်များက အရေးကြီးလှ၏။ ကွန်ဖရင့်သည် ထိုကိစ္စအား အချိန်ယူ၍ ဆွေးနွေးကြသည်။ ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်အဖွဲ့များမှ စစ်မျက်နှာအခြေအနေအရ လက်နက်ကိုင် တော်လှန်ရေး …..။ ပြီးလျှင်… ဗမာ့တပ်မတော်မှ လက်နက်ကိုင်တော်လှန်ရေး ……။
(ဆ)
၁၉၄၅ခုနှစ်၊ မတ်လ (၂၄)ရက်။
“ဥရု”မြစ်ရိုးတစ်လျှောက်နှင့် အာသံ-မဏိပူရ နယ်များမှ ရလာသော ငှက်ဖျားရောဂါကြောင့် ဗိုလ်မှူးဗထူးသည် အထက်ဗမာပြည် တိုင်းစစ်ဌာနချုပ်သို့ မပြန်နိုင်သေး….။ ရန်ကုန်မြို့လောင်းဝစ်လမ်းရှိ စစ်ဆေးရုံတွင် တတ်ရောက်၍ ကုသမှုခံယူနေရသည်။ ငှက်ဖျားရောဂါက သက်သာပျောက်ကင်းစပြုပြီး ဖြစ်သော်လည်း သွေးနီဥများ ပျက်စီးသွား၍ အသားအရေးသည် ဖြူဖျော့၍နေသည်။ အင်အား ကုန်ခမ်းနေပုံလည်းရသည်။ လုံးဝရောဂါပျောက်ကင်းပြီး အားအင်ပြည့်ဖြိုးသည်အထိ ဆေးကုသမှုအားခံယူရန် တော်လှန်ရေး၏ အခြေအနေက မပေး….။ မနက်ဖြန်တွင်ပင် အထက်ဗမာပြည်တိုင်းစစ်ဌာနချုပ်သို့ ပြန်ရမည်။ ပြန်ရန်အတွက် ဆေးရုံပေါ်မှာပင် ပြင်ဆင်စရာရှိသည်တို့အား ပြင်ဆင်ရ၏။ သူနှင့်အတူ ယူသွားမည့် စာရွက်စာတမ်းများအား သခင်တင်မြက ဆေးရုံသို့လာ၍ပေးသည်။ ဗိုလ်မှူးဗထူးက သခင်တင်မြအား …..
“အထက်ကို မြန်မြန် ပြန်တတ်မှ။ အင်္ဂလိပ်တပ်တွေ ပခုက္ကူဖက်ကနေ ဧရာဝတီမြစ်ကိုဖြတ်ကူးပြီး အရှေ့ဖက် ရောက်လာပြီ။ မိတ္ထီလာကို ဦးတည်နေတယ်။ ရွှေဘိုဖက်က တပ်တွေလည်း သပိတ်ကျင်းဖက်ကနေ အရှေ့ဖက်ကမ်းကို ဖြတ်ကူးလိမ့်မယ်ထင်တယ်။ ဒါကြောင့်ကျနော်တို့ မန္တလေးမြန်မြန်ပြန်ရောက်ဖို့ လိုတယ်။ မနက်ဖြန် ရန်ကုန်က ကျနော်တို့ ထွက်မယ်။ ဗိုလ်ချုပ်ကလည်း ကျနော်တို့ အမြန်ဆုံး အထက်ပြန်ဖို့ ပြောတယ်။ အင်္ဂလိပ်တပ်တွေနဲ့ ကျနော်တို့ ပထမဆုံးတွေ့ ကြမှာပဲ။ အင်္ဂလိပ်တပ်တွေနဲ့ နီးကပ်လာတာနဲ့ ဂျပန်တွေကို စတင်ချဖို့ ဗိုလ်ချုပ်က မှာလိုက်တယ်။ အင်္ဂလိပ်တပ်နဲ့ အဆက်ရရ၊ မရရ သူတို့ဆီက အကူအညီ ရရ မရရ ဂျပန်ကိုတော့ ရှိတဲ့လက်နက်နဲ့ ထချရမှာဘဲ”
အင်အား ဖျော့တော့သော်လည်း ဗိုလ်မှူးဗထူး၏အသံသည် ယုံကြည်ချက်ကြောင့် “မာ”၍နေသည်။ အထက်ဗမာပြည်၏ စစ်ရေးအခြေအနေကြောင့် ဗိုလ်မှူးဗထူးသည် ဖက်ဆစ်တော်လှန်ရေးအား သီးခြားခွဲ၍ စောစီးစွာပင် စတင်ခဲ့ရသည်။ (B.D.A) တပ်တစ်ဖွဲ့လုံးအား မထိခိုက်စေရန် ဗိုလ်မှူးဗထူးသည် တပ်မတော်မှ ခွဲထွက်၍ ဂျပန်အားတော်လှန်ရသည့် ဟန်နှင့် စတင်ခဲ့ရခြင်းဖြစ်သည်။ ဗိုလ်မှူးဗထူးသည် သူ၏ တိုင်းစစ်ဌာနချုပ်အား မန္တလေးအရှေ့ဖက်၌ အခြေခံလှုပ်ရှားစေခဲ့ပြီး ဗိုလ်ရဲခေါင်၏ မြစ်ငယ်စက် အမြောက်တပ်ရင်းအား ပုလိပ်နှင့် စစ်ကိုင်းဖက်တွင် လှုပ်ရှားစေ၏။ ဗိုလ်သိန်းဦး၏ စစ်ကိုင်းအမြောက်ကြီးတပ်က စစ်ကိုင်းတွင်ပင် အခြေပြုလှုပ်ရှားပြီး ဂျပန်တပ်မတော်အား တိုက်ခိုက်သည်။
မဟာမိတ်တပ်များက ကျောက်ဆည်၊ ကူမဲမြို့များအား သိမ်း၏။ မဟာမိတ်တပ်မှူးများနှင့် ဗိုလ်မှူးဗထူး ညှိနှိုင်းတိုင်ပင်၍ ရှမ်းပြည်နယ်အတွင်းသို့ ဆုတ်ခွာနေသည့် ဂျပန်တပ်များအား ပိတ်ဆို့ဖြတ်တိုက်ရန် ဗိုလ်မှူးဗထူး၏ တိုင်းစစ်ဌာနချုပ်သည် ရှမ်းပြည်နယ်သို့ချီမည်။ ကျောက်ဆည်မှ ကလော….။ ကလောမှ အောင်ပန်း….။ ဗိုလ်မှူးဗထူး၏ တိုင်းစစ်ဌာနချုပ်သည် တစ်မြို့ပြီးတစ်မြို့အားသိမ်း၏။ တစ်ရွာပြီးတစ်ရွာအား သိမ်းပိုက်၏။
“တုတ်ထိုးရေ” ရွာတိုက်ပွဲက ပြင်းထန်သည်။ ဂျပန်တပ်မှူးကြီးတစ်ယောက် အပါအ၀င် ဂျပန်တပ်သား (၃၈)ယောက်ကျသည်။ ဗိုလ်မှူးဗထူး၏ တိုင်းစစ်ဌာနချုပ်သည် “တယ်လူး”စခန်း၌ စခန်းချရင်း “အောင်ပန်း”မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေရသည်။ မုန်သုန်မိုးက တယ်လူးစခန်းပေါ်သို့ သည်းသည်းမဲမဲနှင့် သွန်းချ၍နေသည်။ ရာသီက ဆိုး၏။ တိုက်ပွဲများက ပြင်းထန်၏။ စစ်ချီခရီးက ကြမ်း၏။ ဗိုလ်မှူးဗထူး၏ ငှက်ဖျားရောဂါက အပြင်းအထန်ဆိုးရွား၍ လာသည်။ စိတ်ဓါတ်နှင့် တင်းခံနေသော ခန္ဓာသည် ရောဂါဘယ၏ ဖိစီးမှု့အား အရှုံးပေးရတော့မလို ဖြစ်လာ၏။ ဓာတုဆေးဝါးနှင့် ကျားကန်ရန်ပင် မတတ်သာတော့….။
၁၉၄၅ ခုနှစ် ဇွန်လ (၂)ရက်နေ့တွင်ပင် တယ်လူးစခန်း၌ ဗိုလ်မှူးဗထူး ကွယ်လွန်ခဲ့၏။
ထိုနေ့က…. တယ်လူးတွင် တနေ့လုံး မိုးများစွေခဲ့၏။
“သူသည် ကမ္ဘာအနှံ့အပြားတွင် အရေးလည်းပါ အရာလည်းရောက်လုဆဲဖြစ်သော အလုပ်သမားလူတန်းစားမှ ပေါ်ထွက်လာခဲ့သည်။ သူသည် သူကဲ့သို့ အခွင့်အရေးမရှိသော အလားအလာရှိသူ အများအပြား ပေါ်ထွက်စေနိုင်သော လွတ်လပ်ရေးကို အလိုရှိခဲ့သည်။ ရှိသည့်အတိုင်းလည်း လုပ်ခဲ့၍စွန့် ခဲ့သည်။ ၀ံ့ခဲ့သည်။ သို့သော် သူကား ရေတိမ်တွင်နစ်ခဲ့သည်။” (ဗိုလ်ချုပ်အောင်ဆန်း)
မင်းဆွေသစ်
ကိုးကား-
- မြဟန်၏ ဗိုလ်ချုပ်၏စာပေလက်ရာ
- သခင်တင်မြ၏ ဘုံဘ၀မှာဖြင့် အတွဲ ၅၊၆
- ကျောက်ဆည်မောင်မောင်၏ ကိုယ်တွေ့မှတ်တမ်း
- လေထီးဦးအုန်းမောင်၏ နှစ်ပေါင်း ၅၀ ကြာသော်အခါ
- မိုးဂျာနယ် ၁၉၉၉ ခုနှစ် မေလ

No comments: