Welcome to Tenasserim Peninsula

Saturday, August 1, 2009

ဗိုလ်မှူးကြီးဗထူး....အပိုင်း(၁)


(ဖက်ဆစ်တော်လှန်ရေးတွင် ကျဆုံးသွားသည့် သူရဲကောင်းအပေါင်းအား ဦးညွှတ်လျက်…..)

“သူသည် အကျင့်သိက္ခာရှိ၏။ ဥာဏ်ရှိ၏။ သတ္တိရှိ၏။ ၀ီရိယရှိ၏။ သူသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ တလွှားတွင်ပါ ကျော်ကြားသော စစ်ခေါင်းဆောင်၊ စစ်သူရဲ ဖြစ်နိုင်၏။ သူ့တွင် နိုင်ငံရေး သန္ဓေဥာဏ်လည်း ရှိ၏။ သူသည် လွတ်လပ်ရေးကို အလိုရှိခဲ့သည်။ ရှိသည့် အတိုင်းလည်း လုပ်ခဲ့၏။ စွန့်ခဲ့၏။ ၀ံ့ခဲ့၏။ သို့သော်…. သူကား ရေတိမ်တွင် နစ်ခဲ့သည်။ ဗိုလ်ဗထူးကား ကျွန်ုပ်တို့နှင့် မရှိတော့ပြီ”

(ဗိုလ်ချုပ်အောင်ဆန်း)

ဗိုလ်မှူးဗထူးစာအုပ် ဥယောဇဉ်မှ….

(က)

၁၉၄၃ ခုနှစ်။

ပျဉ်းမနားမြို့ အရှေ့ဖက်တွင်ရှိသော “ဘိုကိတ်ခြံ”၀င်းအတွင်းသို့ ဗမာ့ တပ်မတော်သားများ အစုလိုက်… အစုလိုက်၊ ချီတတ်၍ ၀င်ရောက်လာကြသည်။ ယခင်က တိတ်ဆိတ်ငြိမ်သက်နေသော ခြံဝင်းကြီးသည် တပ်မတော်သားများ၏ ချီတက်ဝင်ရောက်လာသံနှင့် ညံစည်၍ နေတော့သည်။

တပ်မတော်သားတို့က တပ်ရင်း(၅)နှင့် (၆)တို့မှ ဖြစ်ကြသည်။ ဤရဲဘော်တပ်သားတို့နှင့် ထိုနေ့က….. ထိုနေရာတွင်ပင် ဗမာ့တပ်မတော် စက်မှုလက်မှုတပ်ရင်း အမှတ် (၁)အားဖွဲ့စည်းခဲ့၏။ တပ်ရင်းမှူးက…. ဗိုလ်မှူးဗထူး။ ဗိုလ်မှူးဗထူးသည် တပ်ရင်း စုဖွဲ့မှုအား စုဖွဲ့ပြီး တပ်ရင်းတစ်ရင်းလုံးအား တန်းစီစေ၍ မိန့်ခွန်းပေးလေသည်။ မိန့်ခွန်းက တိုတိုရှင်းရှင်းပင်…..


“ဒီကနေ့ဆိုရင် ငါတို့တတွေဟာ ဗမာ့ရန်သူမှန်သမျှကို တိုက်ခိုက်ချေမှုန်း သုတ်သင်ဖို့အတွက် တပ်ရင်းတစ်ရင်း အနေနဲ့ အင်အားစုတခု တိုးတတ်လာတဲ့နေ့လို့ မှတ်ယူထားကြရမယ်။ ငါတို့တပ်ရင်းရဲ့ တာဝန်ကတော့ ပထမ စက်မှုလက်မှုတာဝန်ရပ်များကို သင်ကြားရမယ်။ အဲဒီပညာရပ်တွေ တတ်မြောက်ပြီးတာနဲ့တပြိုင်နက် စစ်မြေပြင်ကို ချီတက်ထွက်ခွာပြီး ဗမာ့ရန်သူမှန်သမျှ ချေမှုန်းကြရမယ်။ လူရယ်လို့ ဖြစ်လာကြရင် မိမိတို့ရဲ့ လွတ်လပ်မှုကို လူတိုင်း လိုလားအပ်တဲ့ ကိစ္စတစ်ခုဘဲဆိုတာကို ရဲဘော်တို့ သဘောပေါက်နားလည်ပြီး ဖြစ်ကြလိမ့်မယ်လို့ ယူဆတယ်။ ဒီလိုလွတ်လပ်မှု ရရှိရေးအတွက် ထမင်းစားပြီး အလကားနေလို့ မရဘူး။ ကိုယ့်တာဝန်နဲ့ကိုယ် ကြိုးစား ဆောင်ရွက်ကြရမယ်။ ဒို့ရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ရေးကို မရ ရအောင် ယူရမယ်။ ဘယ်သူမှ ဒို့အပေါ်ကို ချုပ်ချယ် အုပ်ထိန်းထားတဲ့ လွတ်လပ်ရေးမျိုး မလိုချင်ဘူး။ တကယ်အချုပ်အချယ် လွတ်ကင်းတဲ့ လွတ်လပ်ရေးမျိုးကို အရ တိုက်ယူရမယ်။ ဒါဟာ ငါတို့ရဲ့ အဓိက တာဝန်ပဲလို့ မှတ်ကြ”

(ခ)

၁၉၄၃ခုနှစ် အောက်တိုဘာလအတွင်း ဗိုလ်ဗထူး၏ စက်မှုလက်မှုတပ်ရင်းသည်။ အာသံ၊ မဏိပူရနယ်စပ်ဆီသို့ နီပွန် တပ်မတော်နှင့်အတူ ချီတတ်ရလေသည်။ နီပွန်တပ်မတော်ကြီးက “ဆူဘတ်ချန်ဒရာဘို့” ၏ အိန္ဒိယ လွတ်မြောက်ရေး တပ်သားတို့နှင့် ပေါင်း၍ “အင်ဖာဂျာရေကား”အား သီဆိုကြွေကြော်ရင်း “အင်ဖာ”စစ်မြေပြင်သို့ ချီတက်၍ နေကြသည်။ ဗိုလ်မှူးဗထူး၏ အမှတ် (၁)စက်မှုလက်မှု တပ်ရင်းက “အင်ဖာဂျာရေးကား” မဟုတ်….။ “အင်ဖာဂျာရေးကား”များအတွက် လမ်းဖောက်၊ တံတားဆောက်၊ လေယာဉ်ပျံ ကွင်းဖောက် ပေးကြရခြင်း ဖြစ်သည်။ ဆောက်ရင်း…. ဖောက်ရင်း…. ချီတတ်ကြရ၏။

မဲဇာတံတားအား ဆောက်ကြရ၏။ “ဟဲဟိုး” တပ်သားတို့လည်း ပါ၏။ “ဟဲဟိုး”တပ်ဟူသည်က ဂျပန်တို့က မြန်မာ့ မြေပေါ်တွင် မြန်မာများနှင့် ဖွဲ့ထားသည့် ဂျပန်တို့ခိုင်းလိုရာ ခိုင်းနိုင်ရန် အတွက်ဖွဲ့ထားသည့် တပ်ဖြစ်သည်။

လက်နက်တော့ မကိုင်ရ….။

မဲဇာတံတားပြီးလျှင်…. လေယာဉ်ပျံကွင်း ဖောက်ရ၏။ လေယာဉ်ပျံကွင်းက “အင်းတော်”မှ အထက်ဖက် “စေတီကုန်း”ရွာအနားတွင် ဖြစ်သည်။ “ဥရုမြစ်”နှင့် နှစ်မိုင်ခန့် ဝေးသည့် တောင်ခြေတွင်ဖြစ်သည်။ လေယာဉ်ပျံကွင်းက ကိုင်းတောင်ကြီးအားရှင်း၍ မြေညှိပြီး ဖောက်ကြရခြင်းဖြစ်၏။ လေယာဉ်ပျံကွင်း ဖောက်ရာတွင်လည်း အေးအေးဆေးဆေး လုံလုံခြုံခြုံနှင့် အလုပ်ကို လုပ်ကြရခြင်းမဟုတ်…..။ တနေ့လျှင်…. လေး ငါးကြိမ်ခန့် ပုံမှန်လာ၍ မဟာမိတ် တိုက်လေယာဉ်တို့က ဗုံးကြဲ၏။ စက်သေနတ်နှင့် ပစ်၏။ လေယာဉ် လာလျှင် အလုပ်ကိုရပ်၍ ကိုင်းတောအတွင်း ပုန်းကြရသည်။ လေယာဉ်ပြန်မှ အလုပ်ကိုလုပ်ကြရ၏။ ပုန်းလိုက်၊ လုပ်လိုက်နှင့် အလုပ်က မတွင်ကျယ်….။ ဤတွင် ဗိုလ်မှူးဗထူးက ရဲဘော်တိုင်းအား ကိုင်းစီးတစ်စီးစီ ခုတ်ခိုင်း၏။ ပြီးလျှင်… အဖျားအား စည်းစေသည်။ လေယာဉ်လာလျှင်…. ကိုယ်လုပ်နေတဲ့ အလုပ်ကိုရပ်ပြီး၊ ကိုယ့်နေရာမှာပင် မတ်မတ်ရပ်၍ ကိုင်းစည်းအား ခေါင်းတွင် စွတ်ထားရန် ညွှန်ကြား၏။ လေယာဉ်ပျံပေါ်က ကြည့်လျှင်…… ကိုင်းပင် အစုလေးများဖြင့်သာ မြင်ရမည်။ အန္တရာယ်မရှိနိုင်။ မျက်ကွယ်ရစေ၏။ ယခင်ကလို ရှောင်လုပ်၊ ပုန်းလိုက်နှင့် အချိန်မကုန်တော့….။ ရဲဘော်အားလုံး ကိုင်းစည်း ကိုယ်စီနှင့်။ ဗိုလ်မှူးဗထူးသည်လည်း ကိုင်းပင်စည်း တစ်စည်းနှင့်….။

(ဂ)

လေယာဉ်ပျံကွင်း ဖောက်ပြီးသည့်နောက်… “ဥရုမြစ်”အား ကူးရန် “ညတံတား”တစ်စင်း ဆောက်ကြရပြန်သည်။ ညတံတားဟူသည်ကား နေ့ဖက်တွင် ဖြုတ်သိမ်းပြီး ညဖက်တွင် တံတားအဖြစ် ပြန်တပ်ဆင်းရသည့် တံတားဖြစ်သည်။ ညတံတားက နေ့တံတားဆောက်သည်ထက် ခက်ခဲ၏။ လက်ဝင်၏။ ဤစစ်ချီရာ ခရီးလမ်းကြောင်း နေရာများတွင်က မဟာမိတ်တို့၏ လေကြောင်းတိုက်ခိုက်မှုက နေ့စဉ်ရှိ၏။ နေ့တံတားထိုးပါက မဟာမိတ်တို့၏ “ဗုံးစာ”အား ချက်ချင်းမိသွားမည် ဖြစ်သည်။ ညတံတားဆောက်၍ ပြီးသည့် နေ့တွင်ပင်….. ဗိုလ်မှူးဗထူး၏ တပ်ရင်းအား “တုန်မဟီး”စခန်းသို့ ပြောင်းရွှေ့ရန် အမိန့်ဝင်လာ၏။ မတတ်နိုင်။ ချက်ချင်းပင် တပ်ထွက်နိုင်ရန် ပြင်ဆင်ရသည်။ “ဥရုမြစ်”အား သူတို့ဆောက်ခဲ့သည့် ညတံတားမှကူး၍ “တုန်မဟီး”သို့ ချီကြရမည်။ နေ၀င်ချိန်အား စောင့်ကြရသည်။ မှောင်မှ ညတံတားခင်းပြီး “ဥရုမြစ်”အား ကူးကြရမည်။ ညနေ လေးနာရီခန့်တွင် မဟာမိတ်လေယာဉ်တို့လာပြီး သူတို့ ဖျက်ကူးကြရမည့် ညတံတားထိုးမည့် နေရာများသို့ ဗုံးများကြဲ၏။ မဟာမိတ်တို့၏ ဗုံးများက ချက်ချင်းပေါက်ကွဲစေသည့် ဗုံးများမဟုတ်….။ အချိန်ကိုက်ဗုံးများ ဖြစ်သည်။ ဗုံးများက ရာချီ၍ ရှိသည်။ တံတား၊ ကမ်းပါးနှင့်….. သူတို့ ချီမည့်လမ်းကြောင်း…..။ ဗုံးကွင်းကြီး ဖြစ်နေသည်။ နှစ်မိုင်ခန့်ကျယ်သည့် သတ်ကွင်းကြီး ဖြစ်နေ၏။ ဘယ်အချိန် ကွဲမည်မှန်း မသိသော ဗုံးများနှင့် ဤသတ်ကွင်းကြီးအား သူတို့တပ်ရင်း ဖြတ်ကျော်ကြရမည်။ မလွယ်….။ ဗိုလ်မှူးဗထူးကမူ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပင်….။ ညမှောင်သည်နှင့် တံတားထိုးပြီး သူတို့တပ်ရင်းတစ်ရင်းလုံး ဖြတ်ကူးကြ၏။ ကူးနေစဉ် တံတားအနီး ဥရုမြစ်အတွင်းမှ ချိန်ကိုက်ဗုံးနှစ်လုံးစကွဲ၏။ တံတားပေါ်တွင်ပင် ရဲဘော်တို့ဝပ်ကြ၏။ ဗိုလ်မှူးဗထူးက… တံတားပေါ်တွင်ပင် မတ်မတ်ရပ်လျက်နှင့် ရဲဘော်များအား ညွှန်ကြား၏။

“ရဲဘော်တွေ ဘာမှမကြောက်နဲ့ ဒီဗုံးတွေဟာ ရေထဲကပေါက်တာ ရေကိုတိုးပြီး ဗုံးဆံတတ်မလာနိုင်ဘူး။ ဘာမှမစိုးရိမ်ကြနဲ့ တံတားအတက်အဆင်း နားတွေကိုသာ သတိထားသွားကြ။ နောက်ပြီး အခု “လ”ကလည်း သာနေလေတော့ လေယာဉ်ပျံအသံကို သတိပြုရမယ်။ ဒါကြောင့် ဖြည်းဖြည်းလမ်းလျှောက်သွားလို့ မဖြစ်တော့ဘူး။ အပြေးသွားကြရမယ်။ တံတားနဲ့ တစ်မိုင်လောက်ကျမှ ဗုံးတွေချထားတဲ့နေရာက လွတ်မယ်။ ဒါကြောင့် အခုအချိန်ကစပြီး အားလုံးအပြေးတက်ကြရမယ်”

တပ်ရင်းတစ်ရင်းလုံး အပြေးချီတက်ကြ၏။ ချိန်ကိုက်ဗုံးများက ပြန့်ကျဲ၍နေသည်။ နှစ်နာရီခန့် အပြေးချီတတ်ခဲ့ပြီးနောက်…. သူတို့ဖြတ်ကျော်ခဲ့သည့် ဥရုမြစ်နားဆီမှ ဗုံးပေါက်ကွဲသံများအား ဆူညံစွာ ကြားကြရ၏။

(ဃ)

မိုးက သည်းသည်းမဲမဲပင်ရွာ၏။ မိုးရေထဲမှာပင် ဗိုလ်မှူးဗထူး၏ စက်မှုလက်မှုတပ်ရင်း (၁)သည် လမ်းဖောက်နေကြရသည်။ လမ်းက…. မြန်မာပြည်မှ မဏိပူရသို့ဖြတ်မည့် လမ်းဖြစ်သည်။ နယ်ခြား ကျောက်တိုင် (BP)အမှတ် (၃)နှင့် (၅)အကြားရှိ တောင်ကုန်းအမှတ်ပွိုင့် ၀၂၄၄အား ဖြတ်ကျော် ဖောက်လုပ်ရမည့် လမ်းဖြစ်သည်။ ပွိုင့် ၀၂၄၄ မှတဆင့် မဏိပူရနယ်အတွင်းရှိ “တန်ကူနာဂ”တောင်တန်းကြီးအား ဖြတ်ကျော်၍ အင်ဖားနှင့် “ကိုဟီးမား”သို့…။ ထိုစဉ်က…. ဂျပန်တို့သည် အင်္ဂလိပ်တို့၏ “ကိုဟီးမား” စစ်စခန်းအား သိမ်းပိုက်ရန် စိတ်စော၍ နေကြသည်။ လမ်းက လူသွားလမ်းအား စစ်သုံးယာဉ်များ သွားနိုင်မည့် လမ်းအဖြစ် ဖောက်ကြရမည်ဖြစ်သည်။ ဤလမ်းအား ဖောက်နေစဉ်မှာပင် ကြေးနန်းက၀င်လာ၏။ ဗိုလ်မှူးဗထူး၏ အမှတ် (၁) စက်မှုလက်မှု တပ်ရင်းအား “စစ်သောင်”စခန်းသို့ အမြန်လာရန် ခေါ်သည့်ကြေးနန်း….။ ချက်ချင်းပင် မဏိပူရ လမ်းဖောက်ရာမှ စစ်သောင်သို့ သွားရန်ပြင်ရပြန်သည်။ စစ်သောင်သို့ သစ်ဖောင်များဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းကြရသည်။ မဟာမိတ်တပ်များ၏ တိုက်လေယာဉ်များက ချင်းတွင်းမြစ်ရိုးတစ်လျှောက်အား နေ့နေ့ညည ဗုံးမိုးရွာနေ၏။ စစ်သေနတ်နှင့် မွှေနေ၏။ ဤအကြားတွင်ပင် အမှတ် (၁)စက်မှုလက်မှုတပ်ရင်းသည် စစ်သောင်သို့ အရောက်ချီခဲ့ကြရ၏။ စစ်သောင်သို့ချီရာ ခရီးက…. ကြမ်း၏။ ရာသီဥတုက ဆိုး၏။ ရိက္ခာက အပြတ်ပြတ် အလှပ်လှပ်….။ ရဲဘော်တို့ ပင်ပန်းဆင်းရဲစွာနှင့် ချီခဲ့ကြရသည်။

စစ်သောင် စခန်းသို့ရောက်သည်နှင့် စခန်းတာဝန်ခံ ဂျပန်ဗိုလ်မှူးကြီးက ဗိုလ်မှူးဗထူးနှင့် တပ်ရင်းအရာရှိများအား ခေါ်တွေ့၏။ ဗိုလ်မှူးဗထူးတို့နှင့်အတူ အမှတ် (၁)စက်မှုလက်မှုတပ်ရင်း ဂျပန်အကြံပေးအရာရှိ အရာခံဗိုလ် တစ်ဦးလည်းပါ၏။ စစ်သောင်စခန်းတာဝန်ခံ ဂျပန်ကာနယ်ကြီးသည် မိုးကာတဲတစ်ခုအတွင်းရှိ ပက်လက် ကုလားထိုင် တစ်လုံးပေါ်၌ အမိန့်သား ထိုင်နေ၏။ “ကူဝါး”ဂျပန် စီးကရက်အား ရှိုက်ဖွာ၍ မှိန်းနေသည်။ ဗိုလ်မှူးဗထူးတို့ဝင်လာသည်ကို သိဟန်မပြု….။ ဗိုလ်မှူးဗထူးသည် သူနှင့်အတူပါလာသည့် ဂျပန် အရာခံဗိုလ်အား…..

“ဟေ့…. မေးလေကွာ… ဘာကိစ္စခေါ်တွေ့ တာလဲဆိုတာ…..” ဟု မေးခိုင်း၏။

ဂျပန်အရာခံဗိုလ်က ဂျပန်ဗိုလ်မှူးကြီးအား မမေးရဲ…..။ ကြောက်ရွံ့ရွံ့ လုပ်နေသည်။ ဗိုလ်မှူးဗထူးသည် စိတ်မရှည်….။

“ဟေ့…. တို့အကြာကြီး ရပ်မနေနိုင်ဘူး။ မေးလေကွာ….” ဟု အသံကျယ်ကျယ်နှင့် အရာခံဗိုလ် နေမျိုးနွယ်အား ပြောလေသည်။ ဗိုလ်မှူးဗထူး၏ အသံကြောင့် ကာနယ်ကြီးသည် မှိန်းနေရာမှ မျက်လုံးဖွင့်ကြည့်၏။ ပြီးလျှင်….. တစ်ယောက်စီအား မုန်တေတေအကြည့်နှင့် ကြည့်ပြီး…..

“ငါဟာ…. စစ်သောင်-အင်ဖားလမ်း ဖောက်လုပ်ရေးရဲ့ တာဝန်ခံဖြစ်တယ်။ အခုခေါ်တဲ့အကြောင်းက လမ်းဖောက်လုပ်ဖို့ အရေးကြီးနေတဲ့အတွက် အမှတ် (၁)စက်မှု လက်မှုတပ်က ရဲဘော်တွေကို အနားမပေးပဲ အခုချက်ချင်း လမ်းဖောက်လုပ်ကြရမယ်”ဟူ၍ ဂျပန်လိုပြော၏။ ဗိုလ်မှူးဗထူးက…..

ရဲဘော်တွေဟာ ခရီးအလွန် ပင်ပန်းလွန်းနေတယ်။ အအိပ်ပျက်၊ အစားပျက်နဲ့ ခရီးဆက်လာခဲ့ရတယ်။ ဒီနေ့လည်း ဆန်မရှိလို့တစ်နေ့လုံး အခုထိ ထမင်းမစားကြရသေးဘူး။ အဲဒီအတွက် အနားပေးဖို့လိုမယ်...” ဟူ၍ စကားပြန်မှတဆင့် ဂျပန်ဗိုလ်မှူးကြီအား ကောင်းမွန်စွာပင် ပြန်ပြော၏။ ဗိုလ်မှူးဗထူး၏ စကားဆုံးသည်နှင့် ဂျပန်ကာနယ်ကြီးသည် ဒေါသတကြီးနှင့်….

“ဒါ.. စစ်မြေပြင်ဖြစ်တယ်။ စစ်မြေပြင်မှာ အထက်က အမိန့်ပေးရင် ဘာမဆိုလုပ်ကြရမယ်။ မလုပ်နိုင်ဘူးဆိုရင်…. အာဏာ ဖီဆန်တဲ့အတွက် သေဒဏ်အထိ ပေးနိုင်တယ်။ ထမင်းမစားရတာ စားရတာဟာ အခု ငါခိုင်းတဲ့အလုပ်နဲ့ ဘာမှ မဆိုင်ဘူး။ ခိုင်းတာကိုသာ လုပ်ရမယ်”ဟူ၍ မာန်မဲပြောဆိုလေသည်။

ဗိုလ်မှူးဗထူး၏ မျက်နှာသည် ဒေါသနှင့် နီမြန်းလာပြီး ဂျပန်စကားပြန် အရာခံဗိုလ်အား……

“ဟေ့…. မင်းအကောင်ကြီးကို ပြောလိုက်ပါ။ ငါတို့လူတွေ တိရစ္ဆာန် မဟုတ်ဘူး။ လူဆိုတာ အိပ်ချိန်၊ စားချိန်၊ နားချိန်ဆိုတာ ရှိရတယ်။ မင်းတို့က လူလို ဆက်ဆံနည်းမျိုးမဟုတ်ပဲ ငါတို့ကို တောထဲက တိရစ္ဆာန်လို သဘောထားလို့သာ ဒီလို မတရားပြောတာ။ မင်းတို့ခိုင်းတိုင်း လုပ်ရမလား။ အခု ငါလူတွေ ပင်ပန်းလာတဲ့အပြင် ထမင်းလည်း လုံးဝမစားကြရသေးဘူး။ ဒါကြောင့် ငါ အနားပေးခိုင်းထားတယ်။ အဲဒီလို နားပြီးလို့ အလုပ် စလုပ်တဲ့နေ့မှာ မင်းတို့ခိုင်းချင်သလို ခိုင်း တို့တာဝန်ကျေအောင်တော့ လုပ်ပေးမှာပဲ။ ဒီနေ့တော့ ဘယ်ကောင် လာခိုင်းခိုင်း လုံးဝ အလုပ်မလုပ်နိုင်ဘူး။ ခိုင်းချင်တဲ့အကောင် လာခိုင်းလှည့် ဗထူးအကြောင်း သိသွားမယ်”

စကားပြန်၏ စကားဆုံးသည်နှင့် ဂျပန်ကာနယ်ကြီးသည် ထိုင်နေရာမှ ၀ုန်းဆို ထရပ်လိုက်ပြီးလျှင် ဗိုလ်မှူးဗထူးအား စားမတတ်၊ ၀ါးမတတ် ကြည့်၏။ ပြီးလျှင်….. ရှေ့သို့ ခြေတစ်လှမ်းတိုးလာ၏။ အားလုံးက ဂျပန်ဗိုလ်မှူးကြီးသည် ဗိုလ်မှူးဗထူးအား ပါးရိုက်လိမ့်မည်ဟု ထင်လိုက်ကြ၏။ ဂျပန်ဗိုလ်မှူးကြီးသာ ဗိုလ်မှူးဗထူးအား ပါးရိုက်လိုက်ပါက ပြဿနာသည် မတွေးရဲစရာ….။ ဗိုလ်မှူးဗထူးသည် ဂျပန်ဗိုလ်မှူးကြီး ရှေ့တစ်လှမ်းတိုးလိုက်သည်နှင့် သူ၏ညာဖက်လက်သည် ဘယ်ဖက်ခါးတွင် ချိတ်ထားသော ဓါးရိုးပေါ်သို့ ဆုတ်ကိုင်လိုက်၏။ အားလုံးက ထိတ်လန့်၍ စိုးရိမ်သွားကြ၏။ ကာနယ်ကြီး နောက်ထပ် ရှေ့တစ်လှမ်း တိုးလိုက်ပါက ဆက်၍ မတွေးရဲကြ။ တိတ်ဆိတ်မှုက မိမိ၏နှလုံးခုန်သံကိုပင် ပြန်၍ကြားနေရ၏။ တဒင်္ဂ အသက်ရှုရန် အားလုံးမေ့နေကြ၏။ သို့သော်…. ဂျပန်ဗိုလ်မှူးကြီးသည် ရှေ့သို့ ဆက်၍မတိုးလာ…..။ ရပ်မြဲရပ်နေ၏။ သူ၏မျက်နှာသည်လည်း ချက်ချင်းပင် အလျင်အမြန် ပြောင်းလဲသွား၏။ နီးမြန်းနေသောမျက်နှာ၊ ဒေါသကြီးနေသော အသွင်အပြင်သည် ရုတ်ချည်းပင် ပြောင်းလဲသွား၏။ အပြုံးသည် ကာနယ်ကြီး၏ မျက်နှာတွင် လျှက်ပြက်ကဲ့သို့ ပေါ်လာ၏။ ပြီးလျှင် ပြုံးချိုသောမျက်နှာ၊ ချိုသောစကားတို့နှင့် မြန်မာလိုပင် ပီပီသသဆိုလာ၏။

အင်ဖာစစ်မျက်နှာရှိ ဂျပန်တပ်တို့၏ အခြေအနေ…. ထောက်ပို့ကိစ္စ အရေးတကြီးလိုအပ်ပုံ….. အချိန်နှင့်အမျှ ထောက်ပို့ လမ်းကြောင်းပေါ်မူတည်၍ စစ်ပွဲသည် အဆုံးအဖြတ်ဖြစ်သွားနိုင်ပုံတို့အား ရှင်းပြ၏။ ဤအတွက် အခုလို ခိုင်းရခြင်းဖြစ်ကြောင်း ဖြောင်းဖြောင်းဖျဖျနှင့် တောင်းပန်လေသည်။

ဗိုလ်မှူးကြီး ဗထူး၏လက်က ဓါးရိုးပေါ်တွင်ပင် ဆက်ကိုင်ထားဆဲ…..။ စစ်သောင်-အင်ဖာလမ်းကြောင်း ဖောက်လုပ်နေစဉ်မှာပင် ရန်ကုန်စစ်ဝန်ကြီးရုံးမှ ဗိုလ်မှူးဗထူးအား ရန်ကုန်သို့ဆင်းလာရန်ခေါ်၏။ ကြေးနန်းနှင့် ခေါ်ခြင်းဖြစ်သည်။ ကြေးနန်းက ဂျပန်ရှေ့တန်းစစ်ဌာနချုပ်မှ တဆင့်တတ်လာသော ကြေးနန်းဖြစ်သည်။

ဂျပန်ဗိုလ်မှူးကြီးနှင့် ဓါးချင်းယှဉ်ခုတ်လုလုနီးနီး ပြဿနာဖြစ်ထားသည့်အတွက် မသင်္ကာဖြစ်ကြရသည်။ ဂျပန်တွေ အကောက်ကြံပြီး တစ်ဖက်လှည့်နဲ့ ဖမ်းဖို့ခေါ်တာလား…..။ ဖြစ်နိုင်ချေတွေက ရှိသည်။ ထိုအချိန်က နေမျိုးနွယ်တို့က သာကီဝင်များအပေါ်တွင် ထင်တိုင်းကြဲ၍ နေစပြုပြီ။ ဖြူးသခင်သန်းဖေတို့အား ဖမ်း၏။ ရက်ရက်စက်စက်စစ်ကြော၏။ တိုင်းချစ်ကိုသိန်းဖေတို့ စစ်ကြောရေးတွင်ပင် အသက်စွန့်သွားရ၏။ ဂျပန်ပြန် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှူးလင်းယုန်၏ ရုံးခန်းသို့ ဂျပန်စစ်ပုလိပ်တစ်ယောက်ဝင်လာပြီး ဗိုလ်လင်းယုန်အား ပါးရိုက်၏။ ဗိုလ်မှူးဗထူးကမူ အေးအေးဆေးဆေးပင်…..။

“ခေါ်လဲသွားတာပေါ့ကွာ၊ ဘာအရေးလဲ။ သူတို့ကတိုင်လို့ တို့စစ်ဝန်ကြီးရုံးက အရေးယူရင်လည်း အကျိုးအကြောင်း ရှင်းပြရုံပေါ့။ အကယ်၍ သူတို့က အကောက်ကြံပြီး ငါကို တဖက်လှည့်နဲ့ ဖမ်းဆီးချင်ရင်တော့ အနည်းဆုံး သူတို့ကြီးကြီးမာစတာ ၄-၅ယောက်နဲ့ ငါ့အသက်လဲသွားမှာပဲ”

ဤသို့ တွေးထင်ထားပုံရ၏။ စိုးရိမ်ကြသကဲ့သို့ မဟုတ်….။ အမှန်ပင် စစ်ဝန်ကြီးရုံးကခေါ်ပြီး ဗိုလ်မှူးဗထူးအား အမှတ် (၁)စက်မှုလက်မှုတပ်ရင်း…. တပ်ရင်းမှူးအဖြစ်မှ အနောက်မြောက်တိုင်း(အထက်ဗမာပြည်တိုင်း) တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခန့်ထားရန် ခေါ်ခြင်းဖြစ်သည်။

(မင်းဆွေသစ်)

No comments: