Welcome to Tenasserim Peninsula

Showing posts with label poems. Show all posts
Showing posts with label poems. Show all posts

Sunday, December 14, 2008

ကျနော်အရမ်းကြိုက်နှစ်သက်တဲ့ မေမေစုရဲ့ဘာသာပြန်ကဗျာလေးပါ


အကယ်၍

အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်။

အကယ်၍
အားလုံးက မင်းကိုမယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်

အကယ်၍
မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ခြောက်ဆင်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်

ဒါမှမဟုတ်
မင်းဘ၀တခုလုံးကိုပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံရပြီးနောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတလှည့် ကြက်ခုံပမာ တခါတည်းနဲ့ရှုံးသွားခဲ့ရင်
ပြီးတော့ အစကနေပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တခါ ဆိုးလှတဲ့ကံကြံမ္မာရယ်လို့
ဘယ်သောအခါမှ ငြီးငြူမနေဘူးဆိုရင်

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားလို့
အချိန်အတော်ကြာမှ မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်လက်ကြိုးစားနိုင်မယ်ဆိုရင်

အဲဒီလိုပဲ
မင်းမှာစိတ်ဓါတ်အင်အားကလွဲလို့ ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်ဓါတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်

အကယ်၍
စောင့်သင့်တဲ့အချိန်ကိုစောင့်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်တရား မုသားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်
ဒါမှမဟုတ် မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေနဲ့ ပြန်မပွားဘူးဆိုရင်
ပြီးတော့
မင်းကို မင်းလူတော်တယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင်

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေပဲ စိတ်ကူးယဉ်နိုင်မယ်ဆိုရင်
အတွေးအခေါ်စိတ်ကူးတွေက မျှော်မှန်းချက်သက်သက်
မဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင်

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေရယ်ပါလားလို့
ခံယူထားနိုင်မယ်ဆိုရင်

အကယ်၍
လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိမ်းနိုင်မယ်ဆိုရင်
ဒါမှမဟုတ် မင်းဧကရာဇ်တွေနဲ့ လမ်းလျှောက်နေပေမဲ့
မာန်မာန သွေးမကြွဘူးဆိုရင်

အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမဲ့
စွဲလမ်းမှု သံယောဇဉ်တွေထားမနေဘူးဆိုရင်

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့တမိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို
ဆုပ်ကိုင်လို့
ဘာမဆို မင်းစွမ်းပြီပေါ့။

အဲဒီတော့
မင်းဟာလည်း ယောင်္ကျားကောင်းတယောက်ပဲပေါ့။

(Rudyard Kipling ၏ IF ကဗျာကို ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်။)

အပြည့်အစုံသို့...