Welcome to Tenasserim Peninsula

Thursday, November 19, 2009

ကွန်ဖက်ရှင်အော့ဖ် သ ပေသီး (ချပ်ပတာ သရီး)

ကျွန်ုပ်သည် ခါးကြားတွင် ညှပ်လာခဲ့သော သားရေပိုက်ဆံအိတ်ကလေးကို ဟန်ပါပါထုတ်ပြီးသကာလ ဆင်ရုပ်ပါသည့် ငါးထောင်တန်အသစ်စက်စက်ကို ထုတ်ပေးလိုက်၏။

ညှက်စိသည် ခေတ်၏ သရုပ်ကို ထင်ဟပ်စေသော အနာဂတ်ခေါင်းဆောင်တယောက် ဖြစ်ပေသည်မဟုတ်လော။ ညှက်စိသည် လူငယ့်ဘာဝ ခေတ်ရေစီးကြောင်းတွင် တုံကင်းပေါ်မှ စွန့်သွားသော မစင်တုံးကဲ့သို့ မျောနေသော အားကိုးဖွယ် အလားအလာရှိသည့် လူငယ်တဦး မဟုတ်လော။

ကျွန်ုပ် ကိုပေသီးတို့ငယ်စဉ်တုန်းကလည်း ပိုလီယိုဝေဒနာရှင် ဓါတ်လိုက်သလို က,လိုက်မှ လူရာဝင်သည်၊ အရသာရှိသည်၊ လူဖြစ်ကျိုးနပ်သည်ဟု ခံစားကာ အုန်းသီးကက်ဆက်ဟု ခေါ်သော ကက်ဆက်ကို ဘက်ထရီအိုးချိတ်၍ ဈေးထောင့် ဗာဒံပင်အောက်တွင် အကပြိုင်ခဲ့ကြသည်မှာ အမောမဟုတ်ပါလော။

ညှက်စိသည်ကား လိုအပ်သော ငွေအသပြာ ရရှိပြီးသည်နှင့် နောက်ဖေးပေါက်မှ လာဘ်လာဘများ ရွှင်နေသော ပုလိပ်စခန်းမှူးတယောက်၏ မျက်နှာပေးဖြင့် ဆူညံပူညံ မလုပ်တော့ဘဲ ပြုံးဖြဲဖြဲ တရွေ့ရွေ့ကွတကွတ ထွက်ခွာသွားတော့၏။

ထိုအချိန်တွင် ညာဘက်ဝိုင်းတွင်ထိုင်နေသောအုပ်မှ ရခိုင်ပြည်မှ ပြောင်းလာသည့် ကျောင်းဆရာသည် ချဲဒိုင်တယောက်နှင့် စကားလက်စသတ်ပြီးနောက် ကျွန်ုပ်တို့ဝိုင်းဖက်သို့ ကူးလာ၏။

ထိုကျောင်းဆရာကား ကျွန်ုပ် ကိုပေသီးလောက် မတော်သော်လည်း နေရာတကာ သူသိသူတတ်အားကြီး လုပ်၏။ ကျွန်ုပ် ကိုပေသီးက မိမိ၏ ခန့်ညားသော ကျောက်ကျောရေပက်ထားသည်နှင့်တူသည့် ဥပဓိရုပ်ကို အတတ်နိုင်ဆုံးတည်လိုက်ပြီး ရေနွေးကြမ်းတခွက် ငှဲ့လိုက်ချိန်တွင် ကျောင်းဆရာ၏ အင်တာဗျူး ဆန်ဆန် စကားဝိုင်း စတင်ပါတော့၏။ …

“ဒီနေ့တော့ ကိုနောက်တိုးကို စပြီးမေးရဦးမယ်ဗျ...
ဒီလိုဗျာ လက်ရှိ ဆောင်းရာသီရဲ့အနေအထားကို ဘယ်လိုသုံးသပ်ပါသလဲ”

နောက်တိုးက ခွေးခြေပုပေါ်တွင် တင်ပါးကို ပြောင်းထိုင်ကာ တင်ပလွှဲဟန်ဖြင့် မေးစိကို ဘယ်လက်ဖြင့် ထောက်ပြီး မပွင့်တပွင့်ဟန် ဆွေးနွေးလှာသည်မှာ....
“ဒီလိုဗျ ဆရာရဲ့ … မက်ဆိုပိုတေးမီးယားစစ်မြေပြင်မှာတုန်းက ကဒါဖီက ဘာမှမဟုတ်သေးဘူးဗျ။
တပြိုင်နက်ထဲမှာ တရုတ်ပြည်က မော်တို့ကလည်း ချန်ကေရှိတ်နဲ့ ပေါက်စီလုပ်နည်းအပေါ်မှာ သဘောထားမတိုက်ဆိုင်လို့ သူ့အင်အားသူ စုနေတုန်းကာလလည်း ဖြစ်တယ်ဗျ။ အဲ..... လူ ပြိန်းစကားနဲ့ပြောရရရင်တော့ဗျာ ကျုပ်တို့ မြို့မှာတော့ ချဲဒိုင်တွေရှိဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ ဘာမှမရှိတာထက်စာရင်တော့ တခုခုရှိနေတာ ကောင်းတာပေါ့ဗျာ ”

နိုင်ငံခြားပြန်၊ တိုင်းပြည်ခေါင်းဆောင်အလောင်းအလျာ၊ အဖိနှိပ်ခံများ၏ အားကိုးရာ၊ တယ်လီဗွီးရှင်း ဆယ်လစ်ဘရစ်တီ ဆရာသမားက လက်ဘက်ရည်ဆိုင်မှ ဓါတ်စက်သံကိုလွှမ်းသည့် ကျယ်လောင်မှုဖြင့် နောက်တိုး၏ ဆွေးနွေးချက်ကို ဤသို့ထောက်ခံလိုက်ပြန်၏။…
“အမှန်ပဲဗျ၊ ချဲဒိုင်တွေ ရှိနေသင့်တာပေါ့။ ကျုပ် နိုင်ငံခြားရောက်တုန်းကဆို တရားဝင်ပဲ ရေဒီယိုတွေ ရုပ်မြင်သံကြားတွေက ထီဖွင့်ရက်ကို ကြေငြာတာပဲ။ ဥပမာဗျာ… အိုင်ယာလန်ကိစ္စကြည့်ပါလား။ အိုင်းရစ်တွေဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အရက်ကောင်းကောင်းတော့ သောက်နိုင်နေတာက ဘယ်သူမှ ငြင်းမရတဲ့ကိစ္စပဲလေ” ဟု ဖြစ်၏။

ကျောင်းဆရာက နောက်တိုး ဆက်လက်၍ လေလုံးတွေ လွှတ်တော့မည်ကို ကြိုသိသည့်အလား စကားကိုဖြတ်ကာ… ‘ဘေထုတ်အရေး လေ့လာသူ’ ကိုဟန်မောင်ကို အောက်ပါအတိုင်း မေးလိုက်ပြန်၏။
“ကိုဟန်မောင်ရေ ဆရာ့အနေနဲ့ကရော အခုဖြစ်နေတဲ့ ရာသီဥတုအပေါ်မှာ ဘာတွေဖြစ်သင့်သလဲ၊ ဘာတွေလုပ်သင့်သလဲဆိုတာ နည်းနည်း ဆွေးနွေးပေးပါခင်ဗျ”

ကိုဟန်မောင်သည် သောက်လက်စ ရေနွေးခွက်ကို အသာချလိုက်ပြီး သူ၏ ခါးပိုက်ထောင်ထဲမှ ကွမ်းယာထုတ်ကို ထုတ်၏။ ဖြေ၏။ ပါးစောင်သို့ သွင်းလိုက်ပြီး တချက်နှစ်ချက် ဝါးလိုက်၏။ ဝါးနေရင်းက မျက်ကြောက လိုက်သွားသေး၏။ ထို့နောက် စောင်းငန်းစောင်းငန်းဖြင့် ဖြေလိုက်သည်မှာ....
“ ဒီလိုရှိတယ်ဗျ။ ခင်ဗျားတို့ သိထားတဲ့အတိုင်း သမိုင်းဆိုင်ရာသင်္ခန်းစာတွေလည်း ကျနော်တို့မြို့သားတွေမှာ ရှိသင့်သလောက်ရှိပြီးသားပဲ။ အခြေအနေတခုကို လက်ခံပြီး အခွင့်အရေးတခုကို ဖန်တီးယူနိုင်ရမယ်ဗျ။ ဥပမာဗျာ… ကိုလိုနီခေတ် အိန္ဒိယပြည်က ဂန္ဓီရဲ့အတွေးအခေါ်ကိုသာ ကျနော်တို့က ခုချိန်မှာ လက်ကိုင်ထားမယ်ဆိုရင် ဘေထုတ်ဆိုတာ ရှိလာနိုင်ဖို့ မခက်ပေဘူးလားဗျ။ အဲသလိုပဲ အီရတ်ကို အမေရိကန် ဝင်တိုက်ခဲ့သလိုသာ ကျနော်တို့က ရေနံဆီကို အကြောင်းပြုပြီး ဆီဆိုင်ကို ဝင်သိမ်းပြီဆိုပါတော့ဗျာ။ ကျနော်တို့မျှော်မှန်းထားသလို ဘေထုတ်တွေရမယ်လို့ ဘယ်သူက အာမခံနိုင်သလဲဆိုတာပဲ ကျနော့်အနေနဲ့ ပြန်မေးခွန်းထုတ်ချင်ပါတယ်” ဟု ဖြစ်ပေတော့၏။

“ဒါဆိုရင် ဆရာတို့ ဆွေးနွေးချက်အရ တခုတွေးလို့ရတာကတော့ ရေနံဆီဆိုင်မှာ ဘေထုတ်တွေရှိဖို့ မကျိန်းသေဘူး။ ချဲဒိုင်တွေ မရှိတာထက် ရှိနေတာကပိုကောင်းတယ်လို့ပဲ သုံးသပ်ရမှာပေါ့ဗျာ…” ဟု ကျောင်းဆရာက လေသံကိုမြှင့်ကာ စကားဝိုင်းတခုလုံးကို အတင်းအဓမ္မလွှမ်းမိုးဖို့ ကြိုးစားသောအားဖြင့် သူလိုရာသူဆွဲ နိဂုန်းချုပ်ပြန်၏။

ဤသို့ဖြင့် မေးသူကလည်း မေးလိုရာမေး၊ ဖြေသူကလည်း ဖြေလိုရာဖြေရာ၌ ဘာမှ ဆက်စပ်မရသော နိုင်ငံတကာအကိုးအကားများဖြင့် ဖွယ်ဖွယ်ရာရာ သူ့ထက်ငါ အလုအယက်ဖြေရင်း လက်ဖက်ရည်ဆိုင်မှ ခေတ်ပေါ်သီချင်းသံတို့က ပြန်လည်လွှမ်းမိုးသွားပြန်တော့၏။ ။

အန်ထော်နီပေသီး

No comments: