Published on January 17, 2012 by webteam · No Comments
ဒီဗွီဘီ သတင်းဌာနမှ ကူးယူဖော်ပြပါသည်။
ဇန်နဝါလီလ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ကျောင်းသားတပ်မတော် ရဲဘော် ၁၃ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီး အကျဉ်းထောင်အသီးသီးမှာ အနည်းဆုံး ၃၀ ကျော် ကျန်သေးတယ်လို့ အေဘီအက်စ်ဒီအက်ဖ် ဒုဥက္ကဌ ကိုမျိုးဝင်း ကပြောပါတယ်။
ကျောင်းသားတပ်မတော်ရဲ့ လက်ရှိ နိုင်ငံရေးဗျူဟာက လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ပေါင်းစပ်ရေးဖြစ်ပြီး ကျောင်းသား တပ်မတော်က ရဲဘော်တော်တော်များများ အဖမ်းခံထားရပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို အကုန်လွှတ်ပေးပြီး တပြည်လုံးအပြစ်ရပ်ဖို့ဟာ အရင်ဆုံးလိုအပ်ချက်ဖြစ်တယ်လို့ ကိုမျိုးဝင်းက ပြောပါတယ်။
`အခု ဇန်နဝါရီလ ၁၃ ရက်နေ့မှာ လွှတ်ပေးတဲ့အသုတ်မှာတော့ ၁၃ ယောက်ပါလာတယ်။ ကျန်တာတော့ လက်လှမ်းမီ သလောက် ပြုစုထားတဲ့အခြေအနေရဆိုရင်တော့ ၃၀ လောက် အကျဉ်းထောင်အသီးသီးမှာ ကျန်ပါသေးတယ်။ အဓိက အခြေခံ အားဖြင့်တော့ နိုင်ငံရေးနည်းလမ်းအရ ပြေလည်အောင် ကြိုးပမ်းတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာပဲ
ဖြစ်ဖြစ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းတဲ့နေရာမှာပဲဖြစ်ဖြစ် ကျနော်တို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ
နေရသူ အားလုံးကို လွှတ်ပေးဖို့လိုတယ်။ ဒီမိုကရေစီ ကူးပြောင်းဖို့ အစီစဉ်ဖော်ဆောင်မယ်ဆိုရင် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ အားလုံးပါဝင်နိုင်တဲ့ အခြေအနေဖြစ်လို့ ဖန်တီးပေးဖို့လိုတယ်။ ကျနော်တို့ အေဘီအက်စ်ဒီအက်ဖ်က ရဲဘော်တွေအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့ လိုအပ်တယ်ဆိုတာတော့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့တော့ သဘောထားရှိပါတယ်။`
အခုအချိန်ထိ မလွတ်မြောက်သေးတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တွေထဲမှာ ထောင်ဒဏ် တသက်တကျွန်း၊ အနှစ် ၆၀ ကျော်အထိ ချမှတ်ခံထားရသူတွေ ပါဝင်ပြီး သူတို့ကို ၁၉၉၀ အလွန်နှစ်တွေကနေ မကြာခင်နှစ်တွေအတွင်း အစိုးရက ဖမ်းဆီး
ထောင်ချခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် အခုလ ၁၀ ရက်နေ့က အစိုးရဘက်ကနေ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားတာကို အပြုသဘော တုံ့ပြန်သွားဖို့ သဘောထားရှိတယ်လို့ ကိုမျိုးဝင်းက ပြောပါတယ်။
`သူတို့ကမ်းလှမ်းလာတဲ့အပေါ်မှာတော့ အပြုသဘောဆောင်တဲ့ ကမ်းလှမ်းမှုလို့ ကျနော်တို့သုံးသပ်တယ်လေ။ ဒီအပေါ်မှာ
ကျနော်တို့ အဖွဲ့အစည်းအနေနဲ့တော့ အပြုသဘောတုံ့ပြန်ဖို့အတွက်တော့ သဘောထားရှိတယ်။ ဒါပေမယ့် အသေးစိတ်တော့ ဒီအချိန်မှာ ပြောဖို့ကတော့ စောသေးတယ်။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အပါအဝင် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး။ ဒါတွေဟာ ကျနော်တို့ ကနဦးအဆင့်မှာ အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုတွေကို ဆောင်ရွက်ဖို့လိုတယ်
လို့ မြင်ပါတယ်။`
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)ဟာ ၁၉၈၈ လူထုအရေးတော်ပုံကို စစ်တပ်က နှိပ်နင်းတဲ့နောက်မှာ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ နယ်စပ်ကိုထွက်လာတဲ့ ကျောင်းသားတွေနဲ့ စတင်ဖွဲ့စည်းခဲ့တာ
ဖြစ်ပါတယ်၊
လွန်ခဲ့တဲ့ နှစ်တွေက အစိုးရက တိုင်းရင်းသားအဖွဲ့တချို့နဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ပေမယ့်
ကျောင်းသားတပ်မတော်ကို တိုက်ရိုက် ကမ်းလှမ်းတာမျိုး မရှိခဲ့ပါဘူး။
Tuesday, January 17, 2012
ကျောင်းသားတပ်မတော်ရဲဘော် ၃၀ ကျော် အဖမ်းခံထားရဆဲ
Thursday, January 20, 2011
Friday, April 2, 2010
ထားဝယ်ပြည်သူပြည်သား၊ ညီကိုမောင်နှမများထံ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မိုးရွှေဂူရွာ (ရပ်) ဘုန်းကြီးပျံပွဲမှာ စစ်တပ်က ၀င်ရောက်နှောက်ယှက် ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။ လက်ဝှေ့ပြိုင်ပွဲမှာ စစ်သားတယောက်နဲ့ ယှဉ်ပြိုင်သူက အနိုင်ရခဲ့တဲ့အပေါ် မကျေမချန်းဖြစ်ပြီး ကျန်စစ်သားများ ၀င်ရိုက်ခဲ့ကြပါတယ်။ ထားဝယ်ပြည်သူအများအပြား ဒဏ်ရာရခဲ့ကြတယ်လို့သိရပါတယ်။
ဒါဟာ ပြည်သူကို လုံးဝ အလေးမထားဘူးဆိုတာ ပြတာပဲ။ ပြည်သူကို အလေးမထားတဲ့သူတွေဟာ တိုင်းပြည်ကို ချစ်တယ်ဆိုတာ ဘယ်လိုလို့ ယုံလို့ရပါ့မလဲ။ ဗမာနိုင်ငံအနှံအပြား ဒီလို ကျူးလွန်မှုတွေ အများကြီးပေါ်ပေါက်လျှက်ရှိပါတယ်။ သန်းရွှေ ဆိုတဲ့ ခွေးသူတောင်းစားကလဲ ၀ဲကုတ်နေရတာကို စည်းစိမ်တမျိုးလို့ထင်နေတယ်။ တိုင်းပြည်နဲ့ လူမျိုးတွေအပေါ်မှာ သစ္စာမရှိ၊ အလေးမထား၊ ဂရုမစိုက်တာ တတိုင်းလုံး တပြည်လုံးအသိပါပဲ။ ဒီလုပ်ရပ်ဟာ ထားဝယ်ပြည်သူတွေကို သက်သက်မဲ့နှိပ်ကွပ်ခြင်းလည်းဖြစ်တယ်။ ဘယ်လိုမှ သီးခံမနိုင်ပါဘူး။ မင်းတို့စစ်တပ်ကို ဘယ်သူမှလည်း မလေးစားဘူး၊ အထင်လည်းမကြီးဘူး။ ခွေးလေး ဂျပိုးလောက်ပဲ မှတ်ယူထားတာ၊ တိုင်းပြည်အတွက်လည်း အကျိုးမရှိ၊ လူမျိုးတွေအတွက်လည်း အကျိုးမရှိ ဆန်ကုန်မြေလေးလို့ သတ်မှတ်ထားတယ်။ တနပ်စားညာဏ်တွေနဲ့ သေနတ်ရှိတယ်ဆိုပြီး ပြည်သူကို အနိုင်ကျင့်နေတာ မင်းတို့ကို ဘယ်သူက ထင်ကြီးမှာတဲ့လဲ။ မင်းတို့ကို လူလို့ကို မသတ်မှတ်ပါဘူးကွာ။ ထားဝယ်သူ ထားဝယ်သားတွေဟာ ကိုယ့်မျိုးကို ကိုယ်သိပ်ချစ်တတ်ပါတယ်။ ကိုယ်မျိုးကိုထိရင် ဆတ်ဆတ်မနိုင်ပါဘူး။
ထားဝယ်သူ၊ ထားဝယ်သားများ ကိုယ့်အမျိုးအပေါ်သစ္စာရှိကြပါ။ စစ်ထဲကို လုံးဝမ၀င်ကြပါနဲ့ သေသာခံလိုက်ပါ၊ မသေချင်ရင် တိုင်းတပါးပြီး ထွက်ပြီး အင်အားစုကြပါ။ အမျိုးသမီးတွေအနေနဲ့ စစ်သားများကို လုံးဝ (လုံးဝ) လက်ထပ်ထိန်းမြားခြင်း မပြုကြပါနဲ့။ အဖက်မလုပ်ပါနဲ့ လှည့်မကြည့်ပါနဲ့၊ ရေမတိုက်နဲ့၊ ထမင်းမကျွေးပါနဲ့။ ခြေဖနှောင့်နဲ့ သာ ပေါက်ပစ်လိုက်ပါ။ ပါးကိုချပစ်လိုက်ပါ။ ငါတို့လူမျိုးဟာ တိုင်းပြည်နဲ့ လူမျိုးတွေအပေါ် သစ္စာရှိကြတယ်။ တခြားလူမျိုးတွေအပေါ် အနိုင်ကျင့်မှုလည်းမရှိဘူး။ ပုတ်ခတ်မှုလည်းမရှိဘူး။ စောင်းမြောင်းပြောဆိုမှုလည်းမရှိဘူး။ အင်မတန် ဖြူစင်မြင့်မြတ်တဲ့၊ ယဉ်ကျေးမှုရှိတဲ့ သိက္ခာရှိတဲ့၊ မြန်မာရှေးလူမျိုးများပါ။ တကယ်တော့ အမျိုးဆက်ခြင်းဖြစ်တဲ့ လက်ထက်ထိမ်းမြားခြင်းမှာ ရှင်းရှင်းလင်းရှိဘို့လိုပါတယ်။ ကပြားဆိုတာ လုံးဝကောင်းတဲ့အမျိုးမဟုတ်ပါဘူး။ ထားဝယ်နဲ့ တခြားလူမျိုးများ ထိမ်းမြားကြတာဟာ ကပြားများကို ပွားစေခြင်းပဲ။ ကျီးမရောက် ကြက်မရောက်၊ အောက်ကလိအာ၊ အာကလိအောက်ဆိုသလိုပဲ။ တနင်္သာရီတိုင်းမှာ စစ်တပ်တွေ၊ စစ်စခန်းတွေ ထားရှိကြတယ်။ ငါတို့ ထားဝယ်သား တယောက်မှမရှိဘူး။ ဒါဟာ ငါတို့နယ်မြေကို ကျူးကျော်တာပဲ။ ငါတို့ဆန်ကိုစား၊ ငါတို့ရေကိုသောက်ပြီး အခုငါတို့ လူမျိုးကို ရက်စက်တယ်၊ အနိုင်ကျင့်တယ်။ ဘာကောင်းတာရှိလဲ။
တနင်္သာတိုင်းထဲမှာရှိတဲ့ စစ်သားမှန်သမျှ တော်လှန်ပါ၊ ပုန်ကန်ပါ။ ရရာလက်နက်နဲ့ချပါ။ ငါတို့ ဘယ်လိုစစ်တပ်မှ မလိုလားဘူး။ ငါတို့ကာကွယ်ဘို့ စစ်တပ်လည်းမလိုဘူး။ စစ်တပ်အကုန်လုံးကန်ထုတ်ပစ်ကြ။ ကိုယ့်နယ်မြေ ကိုယ့်တိုင်း ကိုယ့်မြို့ကို ကာကွယ်ကြ။
အမျိုးသားရေးစိတ်ဓာတ်ဖြင့် နှိုးဆော်သည်။
ထားဝယ်သားတိုင်းကို ဖြန့်ဝေကြပါခင်ဗျား။
Sunday, January 31, 2010
စစ်ခွေးတိုက်မှာ ဇာဂနာ့ တနေ့တာ
ဇာဂနာ
စိတ်ကူးယဉ်တဲ့ အလုပ်ကလွဲလို့ ဘာမှ လုပ်စရာမရှိတဲ့ နေရာပါဗျာ။ မိုးလင်းကနေ မိုးချုပ် ငုတ်တုတ် ထိုင်နေရုံ ကလွဲလို့ ဘာမှလုပ်စရာမရှိ။ စကားပြောဖော် မရှိ။ မိခင်ဘာသာစကားတောင် မေ့သွားမှာစိုးလို့ စမ်းပြီးပြောပြော ကြည့်နေရတာ။ အီအီးပါလို့ကလည်း မဖြောင့်၊ ရှူရှူးပန်းလို့ကလည်း အဆင်မပြေ။ ဒန်ပန်းကန်ပြားသာသာ မိလ္လာခွက်ထဲ အီအီးရော ရှူရှူးရော ပါလည်းပါ ပန်းလည်းပန်း လုပ်ရတာကိုး။ အီးနှစ်တုံးလောက်ဆို ပေါက်ပြီး သား ရှူရှူးတွေက ဖင်ပြန်စင်နေပြီ။ ကိုယ့်ရှူရှူး ကိုယ်ရွံနေလို့ မဖြစ်ပါဖူးလေလို့သာ သဘောပိုက်ရပါတော့ တယ်။ ပါလိုက်ဦးဟ ... ပန်းလိုက်ဦးဟ။
အီအီးနဲ့ ဆန့်ကျင်ဘက် မန်မန်ကျတော့လည်း တော်တော်အဆင်ပြေသားခမျ။ စာထဲပေထဲမှာတော့ ရောင်စုံသူ ပုန်ပဲ ကြားဖူးတာ၊ ခုတော့ ရောင်စုံထမင်းဆိုတာ တွေ့နေပါပြီ။ အမယ် ... ဒါတောင် စိတ်မဆိုးနဲ့နော် စိတ်ဆိုးလို့ များ ထမင်းလုံးနဲ့ ကောက်ပေါက်လိုက်ရင် နဖူးကွဲသွားမှာ ဘာမှတ်နေလဲ။ ကိုယ့်မှာက စားစရာဆိုလို့ ပါးစပ်တခု ပဲ ပါတာဆိုတော့ ထောင်ကကျွေးတဲ့ ဟင်းပဲ အကောင်းအကန်း လုပ်စားရတာပ။
စစ်ခွေးတိုက်မှာ ပိုင်ဆိုင်သမျှ ...
မနက် ပဲဟင်းတဲ့။ ကိုယ်ပျောက်ပဲ။ လူကြီးအငိုတိတ်အောင် အရိပ်အရောင် မမြင်ရတဲ့ ပဲဆိုမှ ပဲဟင်းပါ ခမျ။ ည နေကျတော့ တာလပေါဟင်း။ ထောင်စည်းရိုးနားမှာ သန့်ရှင်းရေးကောင်းနေပုံရတယ်။ ဘာပင် ဘာရွက်မှန်းမ သိတဲ့ အလေ့ကျတွေလည်း ဖြစ်နိုင်ပါရဲ့။ တွေ့ရာအရွက် ထည့်လို့သာ ချက်ထားတဲ့ တာလပေါနဲ့ မကြာမျှောပြီး ရင်ပဲ လာပကောလို့သာ ရေရွတ်လိုက်ပါတော့။ ဂြီ ဂြီ ဂွမ် ဂွမ် အသံတွေပေးလို့ လုပ်သားမောင် ၀မ်းနှုတ်ဆေး အ မလေး အဘလေး တသွားလောက်ပါရဲ့။ အိုဘယ့် ... တာလပေါ။ ကိုယ့်မှာသာ အစားခက် အပေါက်ခက် အပါ ခက် အနေခက်နေတာ၊ အောင်မာ ထောင်ကျတွေကတော့ ပျော်လို့ဗျား။ ဇာဂနာတည်းခိုနေရာ စစ်ခွေးနံဘေး က ကွက်လပ်ထဲမှာ မိန်းမဘော်လီဘောပြိုင်ပွဲနဲ့ ယောင်္ကျားဘောပွဲ လာလို့များတောင် ကျင်းပနေသေးရဲ့။ တရွှီး ရွှီး တဖြောင်းဖြောင်းနဲ့ အာဆီယံမှာ အလံမလွှင့်နိုင်တဲ့ မြန်မာအသင်းတောင် မျက်ရည်ဘူးသီးလောက် ကျသွား လောက်ပါရဲ့။ မှောင်တဲ့အထိ ကန်နေလိုက်ကြတာ။
အော် .. သူတို့တွေခမျာလည်း ဒီလိုမှမနေရင် ဘယ်လိုနေကြမလဲ၊ ထိုင်ငိုနေလို့မှ ထောင်က လွတ်မှာမဟုတ်ဘဲ လို့တွေးပြီး မြန်မာ့အသံကလွှင့်တဲ့ ဘောပွဲလို အသံသာ နားထောင်ပြီး တနေကုန်လိုက်ရပါတော့တယ်။ ကိုင်း .. နေ၀င်ပြီဆိုတာနဲ့ တပ်ထောင်ထာ ခြင်ထု အင်အားစုလို့လာပြန်တော့ တို့တာဝန်အရေးရယ်ကြောင့် ခြင်နှိမ်နှင်း ရေးလုပ်ငန်း စလိုက်ရပါတော့တယ်။ လိုက်သတ်တာတော့ မဟုတ်ပါ။ ပုဆိုးနဲ့ ခါထုတ်ရတာပေါ့။ မရိုသေ့စကား အဲဒီအချိန်မှာတော့ ဇာဂနာ ဖင်တုန်းလုံးလေးနဲ့ခမျ။ ဟီဟိ .. ချစ်စရာလေး။ ဒီလိုခါထုတ်မှ မကိုက်ရတဲ့ ခြင်တွေ ခမျာ တဖြေးဖြေး တပ်ကွဲသွားပြီး ည (၁၁) နာရီလောက်မှာ ပျောက်ဆုံးသွားပါလေရော။ ဒီလိုနဲ့ပဲ ဇာဂနာ့ တ နေ့တာဟာ ပြီးဆုံးခဲ့ရပါတယ်။ သူများတကာ အိပ်ချိန်ရောက်ပြန်လည်း မအိပ်နိုင် နံရံမှီပြီး လုပ်စရာမရှိ ရေပဲ သောက်လို့ ခြင်တပ်ကြီး မပျောက်မချင်း ထိုင်လို့သာ စောင့်နေရပါတော့တယ်။
ရေနွေးနဲ့ဖား ဇာဂနာ
ကြားပေါက်လေးတခု တွေးမိတာလေး ရေးပါရစေ။ ကျနော်တို့ ဆေးကျောင်း ရောက်ခါစက ဖားခွဲရပါတယ်။ ဦးထွန်းမောင်ဆိုတဲ့ ကုလားကြီးဆီကနေ ဖား အရှင် (၃) ကောင်ကို တရာနဲ့ ၀ယ်ရတာပါ။ ပြီးတော့ အဲဒီဖားတွေကို ပုံမပျက် အောင် ကျွက်ကျွက်ဆူနေတဲ့ ရေနွေးအိုးထဲ ထည့်ပြီး သတ်ရပါတယ်။ ကျနော် တို့က ဘာသိမလဲ။ ဖားတွေကို ရေနွေးအိုးကြီးထဲ ပစ်ထဲ့လိုက်တာ ကိုယ်တော် ချောတွေက ဆတ်ကနဲ ရေနွေးကို ခြေထောက်နဲ့ တချက်ပဲထိပြီး ခုန်ထွက် သွားလိုက်တာ (၃) ကောင်လုံး လွတ်သွားရော။
ကုလားကြီးက ရီသလေ့။ ဒီလိုသတ်ရတယ်ကွတဲ့ ဆိုပြီး ရေအေးတွေ ထည့် ပြီး ဖားကို ရေအေးဇလုံထဲ ထည့်လိုက်တာ ရွှေဖားလေးတွေက ရေအေးကန်ထဲ ပျော်လို့ ကူးခတ်နေလိုက်တာ။ ဒီမှာတင် ကုလားကြီးက အပူချိန်ကို ဖြေးဖြေးချင်း တရစ်ချင်း တိုးလာလိုက်တာ (၅) ဒီဂရီလောက် တိုးတော့ လည်း ဖားလေးများ ကူးခတ်ဆဲ နောက်ထပ် (၅) ဒီဂရီ ထပ်တိုးလည်း သကောင့်ဖားတွေက နေသာသေးတယ် ဆိုပြီး ကူးခတ်ဆဲပဲ။ အပူချိန် (၆၀) ဒီဂရီလောက်လည်း ရောက်ရော ဖားတွေ မလှုပ်နိုင်တော့ဘူး။ (၈၀) ဒီဂရီ လောက်လည်း ရောက်ရော အားလုံး ဂန့် ဂန့် ဂန့် ဂန့်။
ကျနော်တို့လည်း ခုတော့ ဒီဝဋ်တွေလည်ပါပြီ။ တရစ်ချင်း တရစ်ချင်း ကျပ်လာပြီ။ ငါတို့တော့ နေလို့ရသေး တယ် ဘာမှမဖြစ်သေးဘူးဆိုပြီး ဆက်ပြီးကူးမှာလား။ ခုန်ထွက်မှာလား။ အပူချိန်မြှင့်နေတဲ့ လက်ကို ပြေးကိုက် ကြမလား။ မျက်နှာကို ခုန်အုပ်ကြမလား။ တခုခုတော့ ဆုံးဖြတ်ရတော့မှာပဲ။ ဆုံးဖြတ်ပြီးရင်လည်း ဖြစ်အောင် လုပ်ရတော့မယ်။ မဟုတ်ရင်တော့ ရေနွေးအိုးထဲ သေရတာ သိပ်မတန်လှပေဘူး။
ပြည်သူ့အချစ်တော် နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၏ (၄၉) နှစ်ပြည့် မွေးနေ့အ မှတ်တရ (ဦးညွတ်ဂုဏ်ပြုခြင်း အစီအစဉ်)
ဇာဂနာ
အငြိမ့်ခန်းရေးနေရင်းက သူများဘလော့ဂ်တွေ လိုက်ဖတ်ရင်း သတိရမိတာလေးရှိလို့ ဖောက်သည်ချချင်လာပါ တယ်။ မှတ်မှတ်ရရ ၁၉၈၈ အောက်တိုဘာလမှာ အဖမ်းခံခဲ့ရတုန်းကပေါ့။ထောင်ထဲမှာ အခန်းဖော်လည်းမရှိ၊ အပြင်လည်း မထွက်ရ၊ လူစကား မေ့သွားမှာစိုးလို့ အခန်းထဲရောက်လာတဲ့ ကြွက်တွေ၊ ပိုးဟပ်တွေ၊ အိမ်မြှောင် တွေ၊ ပုရွက်ဆိတ်တွေနဲ့ စကားလိုက်ပြောနေရတာ။သူတို့က ပြန်မပြောပေမယ့် ကိုယ်ကတော့ ဇွတ် လိုက်ပြော နေရတာ။
တဖြေးဖြေးနေရင်းနဲ့ ပုရွက်ဆိတ်တွေကို ကျွန်တော် ကြည့်မရတော့ဘူး။ ကြည့်ရစရာလည်း တစက်မှ မရှိဘူး။ စဉ်းစားလေ၊ ဘယ့်နဲ့ .. ကိုယ့်မှာ စားစရာ ရှားပါးရတဲ့အထဲ ငါးခြောက်ဖတ်လေးတဖတ်လောက် သိမ်းထားတာ ဒီပုရွက်ဆိတ်တွေက ၀ိုင်းခဲကြတယ်လေ။ ထောင်ကပေးတဲ့ ကြက်သားဖတ်လေး မနက်စာ ညနေစာ တ၀က်စီ ခွဲထားတာ၊ နေ့လည်အိပ်နေတုန်း ဒီအကောင်တွေက ၀ိုင်းအုံပြီး သမကြပြန်ပါရော။ ဒီတော့ ကြည့်မရတာ အ ဆန်းလားဗျာ။ သင်းတို့ကို နှိမ်နှင်းမှ ရမယ်ပေါ့။
ဒါနဲ့ အဆင်သင့်ရှိနေတဲ့ ပရုတ်ဆီနဲ့ အဲဒီပုရွက်ဆိတ်တွေကို စည်းဝိုင်းထားလိုက်တာ၊ အဲဒီကောင်တွေ ပထမ တော့ ငါးခြောက်ဖတ် မဲနေရာကနေ ပြီးလို့ လှည့်ပြန်မယ်လုပ်တော့မှ ပရုတ်ဆီတွေ့ပြီး နောက်ပြန်ဆုတ်၊ အထဲ မှာတင် ပတ်ပြေးနေတော့တာ၊ ပရုတ်ဆီစည်းဝိုင်းထဲက ထွက်ဖို့ကို မစဉ်းစားတော့ဘူး။ နောက်ဆုံး အချင်းချင်း ပြန်ကိုက်ရင်းနဲ့ အကုန်လုံး အမှုန့်လေးတွေ ဖြစ်သွားပါလေရောဗျာ။ တရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ဘယ်နှစ်ရက်ပဲဖြစ်ဖြစ် ကျွန်တော် စမ်းသပ်ခဲ့တာ အကြိမ်တိုင်းအခါတိုင်း ပုရွက်ဆိတ်တွေဟာ ပရုတ်ဆီစက်ဝိုင်း ထဲက ထွက်ဖို့တခါမှ မစဉ်းစားဘဲ အချင်းချင်းကိုက်ရင်း အမှုန့်ဘ၀နဲ့ပဲ ဇာတ်သိမ်းသွားခဲ့တာပါပဲ။
အဲဒါကို အများလည်း စဉ်းစားနိုင်အောင်လို့ တင်ပြလိုက်ရတာပါ။ ကျွန်တော်တို့ဟာ ခု ပရုတ်ဆီ အ၀ိုင်းခံနေရ တာပါ။ သတိပြုမိရင် တော်ပါပြီဗျာ။
Monday, January 18, 2010
အမေ မသိသေးသော အကြောင်းများ http://thisandthat81.blogspot.com/
မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။ မိန်းမနှစ်ယောက် ဈေးက အပြန်လမ်းမှာတွေ့တော့ တစ်ယောက်ကနောက်တစ်ယောက်ကို ပြောနေတာ။
‘ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားက လည်း နိုင်ငံခြားမှာပဲ။ သမီးကတော့ အဲဒီမှာ ပဲကျောင်းတက်နေလေရဲ့’
‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ’
‘အဟင်း ကျွန်မကကြွားခြင်လို့ နေခဲ့တာလေ’ တဲ့။
အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေမသိသေးတာ တွေ အများကြီးရှိပါသေးတယ်။
‘ဟုတ်တယ် နိုင်ငံခြားမှာ လမ်းတွေတအား ကောင်းတာတဲ့။ တစ်မြို့လုံးလည်း သန့်ရှင်းနေတာပဲတဲ့။ လျှပ်စစ် မီးဆိုတာတော့ ပြောစရာကို မရှိဘူးတဲ့’
အမေကတော့ မိတ်ဆွေတွေနဲ့ တွေ့တိုင်း အဲလိုပြောလေရဲ့။ ဒါပေမယ့် အမေပြောပြောနေတဲ့ နိုင်ငံခြားမှာ တစ်အား ကောင်းနေတာတဲ့ ဆိုတာ ကျွန်တော်ကတော့ လက်မခံဘူးအမေ။ တစ်ကယ်တော့ နိုင်ငံခြားက တစ်အားကောင်းဒါမဟုတ်ဘူးဗျ။ ဒါတွေက ပုံမှန်ပဲ။ ကတ္တရာလမ်း ချိင့်ခွက်မရှိတာ ကို တကားကောင်းတယ် လို့ ပြောလို့ရမလား။ လမ်းဘေးတွေမှာ အမှိုက်မရှိတာရော တအားကောင်းနေတာလား။ လျှပ်စစ်မီး ခလုတ်ဖွင့် လိုက်တိုင်း ရှိနေတာကရော။ Bus ကားတွေ မြို့ပတ်ရထားတွေ အချိန်မှန်နေတာကရော အထူး အဆန်းလားပဲလား။ ကျွန်တော်ကတော့ အဲဒါကို အရမ်းကောင်းနေတယ်လို့ မယူဆဘူး အမေ။ ဒါတွေက ပုံမှန်လေ။ တစ်ကယ်တော့ ကျွန်တော်တို့ဆီက ပုံမမှန်ဖြစ်နေတာ။ အဲဒါကြောင့် နိုင်ငံခြား တစ်အား ကောင်းနေတယ်လို့ ပြောရင် သိပ်ဘ၀င် မကျဘူး အမေ။ နိုင်ငံခြားက ပုံမှန် ကျွန်တော်တို့ဆီက ပုံမမှန်။
သူတို့ဆီမှာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု့ကတော့ ထိပ်ပဲလေ။ ဒါပေမယ့် ကျွန်တော်တော့ ဒီမှာ အရမ်းပျော်နေပြီ။ သူတို့ နဲ့ တစ်သားထဲကျနေပြီ။ အင်တာနေရှင်နယ် စတန်းဒက် ဖြစ်နေပြီလို့ အမေထင်ရင်တော့ အမေ မှားသွား ပြီ အမေရေ။ ကျွန်တော်ဆိုတဲ့ ကောင်က အမေ့အိမ်ကို ပြန်လာဖို့ပဲ အမြဲတွေးနေတဲ့သူလေ။ မလာနဲ့ ဒီမှာ နေပူ၊ ဖုန်ထူ၊ ခြင်ကိုက်၊ မီးပျက် လို့တော့ ကျွန်တော့်ကို မပြောပါနဲ့ အမေ။ ကျွန်တော်က အဲယားကွန်းခန်း ကိုမုန်းလို့ နေရောင်ခြည်လေး လိုချင်နေတဲ့သူ၊ လေအဝေ့မှာ ဖုန်နံ့လေးရှူနေရတာကို air fresher နံ့ထက်ပို ကြိုက်တဲ့သူ၊ အမှောင်ထဲမှာ ထိုင်ပြီး ယက်တောင်လေးနဲ့ ခြင်ရိုက်ပြီး စကားပြောရတာကို ပို သဘောကျနေတဲ့ သူဆိုတာ အမေမသိပါဘူးလေ။
တစ်ချို့ကတော့ ပြောကြတယ်။ နိုင်ငံခြားမှာက အရည်အချင်းရှိဖို့ပဲ အရည်အချင်းရှိရင် အားလုံးတန်းတူပဲတဲ့။ အခုကမ္ဘာကြီးက Globalization ဖြစ်နေပြီတဲ့။ နေရာဒေသလေးတစ်ခုကို စွဲလမ်းနေလို့ မဖြစ်ဘူးတဲ့။ ရေကြည် ရာမြက်နုရာမှာ တိုးတက်အောင်နေရမှာပဲတဲ့။ တစ်ခုတော့ မေးပါရစေ။ ကမ္ဘာကြီးက တစ်ကယ့်ကို ကမ္ဘာ့ရွာကြီး ဖြစ်နေပြီလား။ လူမျိုးရေး ခွဲခြားမှု့တွေ မရှိတော့ဘူးလား။ ကျွန်တော့်မေးခွန်းကို သေချာဖြေကြည့်ပါ။ အမေရေ ကျွန်တော်တော့ ကမ္ဘာကြီးက နည်းပညာတစ်ခုကလွဲလို့ ဘယ်နေရာမှ တကယ် Globalize မဖြစ်သးဘူးလို့ ထင်တယ် အမေ။ ကျွန်တောတို့လို နိုင်ငံက လာတဲ့သူတွေကို ရုပ်ဝတ္ထုပစ္စည်း တိုးတက်နေတဲ့ နိုင်ငံတွေက သူတွေက (လူများစုပါ။ လူအားလုံးကို မဆိုလိုပါ) ဘယ်လိုမြင်တယ်ဆိုတာ့ အမေမသိသေးပါဘူးဗျာ။ ဒါတွေထားလိုက်ပါတော့။ အသေးစိတ်တွေ ပြောပြနေရင် အမေစိတ်မကောင်းဖြစ်နေမှာ။
တစ်ခါတစ်လေကြတော့ ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ခုလိုထင်လာမိတယ်။ အလုပ်လုပ်နေတာ တစ်ကယ်ကို ထမင်းစားဖို့အတွက်လိုဖြစ်နေလို့ အမေ။ အရင်တုန်းက အမေ့အိမ်မှာ နေရင်းအလုပ်လုပ်ရတာကု အဓိပ္ပာယ် လေးတစ်ခုခု ရှိနေသလိုပဲ အမေ။ အခုတော့ ဘာမှ အဓိပ္ပယ် မရှိသလိုပဲ။ ကိုယ့်နိုင်ငံမှာ လုပ်တာကမှ ကိုယ့်လူမျိုး ကိုယ့်မွေးရပ်မြေအတွက် ဟုတ်ဟုတ် မဟုတ်ဟုတ် တစ်ခုခုတော့ အကျိုးရှိဦးမယ် အမေ။ ကျွန်တော့် ကိုလူမျိုးရေး အမြင်ကျဉ်းတယ်လို့ ပြောရင်းလည်း ကျေကျေနပ်နပ်ကြီး ခံပါမယ်ဗျာ။ အဲလောက် နိုင်ငံနဲ့ လူမျိုးကို ချစ်နေရင် ဘာလို့ထွက်လာသေးလဲကွာကို အပြစ်တင်မစောပါနဲ့။ လူ့ဘ၀မှာ လူတန်းစေ့ လေးတော့ နေချင်တယ်လေ။ အင်း ခက်တာက အခုလိုနေနိုင်စားနိုင်အောင် အမေ့အိမ်က မှာ နေပြီး ကျွန်တော် မရှာနိုင်ဘူး အမေရေ။ ကျွန်တော်ကပဲ ညံ့လွန်းလို့ပဲလား။ ရေကြည်ရာ မြက်နုရာဆိုရင် ကျွန်တော်တို့ဆီမှာ ရေတွေနောက်နေလို့လား။ မြက်တွေကခြောက်နေလို့လား။ ကျွန်တော် မစဉ်းစား တတ်ဘူးအမေရေ။
အမေမသိသေးတာတွေ အများကြီးရှိပါသေးတယ်ဗျာ။
ဥပမာ ဒစ်ဂျစ်တယ် နိုးစက်သံက ဘယ်လောက်မုန်းစရာကောင်းတယ် ဆိုတာ အမေခံစားဖူးမှ သိလိမ့်မယ် အမေ။ အမေတို့ဆီမှာ လူတွေ ဂုဏ်ယူဝင့်ကြွားစွာကိုင်နေတဲ့ ဟန်းဖုန်းဆိုတာ ကျွန်တော့် အတွက်တော့ နွားခလောက် တစ်လုံးနဲ့ ဘာမှ မထူးဆိုတာ အမေ မသိပါဘူး အမေ။ ဒီမှာ ရုပ်ဝတ္ထုပစ္စည်းအရ အများကြီးကောင်းတယ် ဆိုတာတော့ ကျွန်တော် မငြင်းပါဘူးအမေ။ ဒါပေမယ့်ဗျာ စာရေးဆရာတစ်ယောက် ပြောဖူးသလိုပေါ့။
‘ငှက်လှောင်အိမ်ကြီးကိုပဲ ဆေးသုတ်ပြီး အထဲက ငှက်ကလေးကို အစာမကျွေးရင် ဘာအဓိပ္ပာယ်ရှိမှလဲ’ တဲ့။
ဒီမှာတော့ ရွှေပိန်းချလှောင်အိမ်ကြီးတွေ ထဲက ပိန်လှီနေတဲ့ ငှက်ကလေးတွေ အများကြီး တွေ့ခဲ့ရလို့ အဲလိုတော့ မဖြစ်ချင်ဘူးအမေရေ။
ကျွန်တော်ကတော့ အချိန်တန်ရင် အမေ့အိမ်ကို ပြန်လာနိုင်အောင် ကြိုးစားနေတာ။ အမေရေ။ ငါ့သားက နိုင်ငံခြားမှာ အရမ်းအဆင်ပြေနေတာလို့ မကြွားပါနဲ့တော့ ဗျာ။ ငါ့သားက အမေ့အိမ်ကို တအားခင်တွယ်တာ လို့ပဲ ကြွားလိုက်စမ်းပါ။
အခြေအနေ တစ်ခုရောက်ရင် ကျွန်တော်ပြန်လာမှာပါအမေ။ ဘာအခြေအနေလဲလို့ တော့ မမေးပါနဲ့ အမေ။ အခြေအနေတစ်ခုပေါ့။…....
မိုးတိမ်ညို
ဒီဇင်ဘာ ၂
Tuesday, December 15, 2009
ကိုညီထွဋ္ဋ်နဲ့ကျနော့်တို့ဘော်ဒါတွေနဲ့အတူ
Saturday, November 28, 2009
ဒီမိုပန်းတွေဝေတော့မှပြန်ခဲ့မယ် တနင်္သာရီရယ်....
အိန္ဒိယရောက် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်သူ စာပေးဝါသနာရှင်များ၏ စားပေများကို ထပ်မံဖတ်ရူလို့ပါက အောက်ဖော်ပြပါ ဘလော့တွင်ထပ်မံဖတ်ရူနိုင်ပါသည်။
www.sasodaw.blogspot.com
Thursday, November 19, 2009
ကွန်ဖက်ရှင်အော့ဖ် သ ပေသီး (ချပ်ပတာ သရီး)
ကျွန်ုပ်သည် ခါးကြားတွင် ညှပ်လာခဲ့သော သားရေပိုက်ဆံအိတ်ကလေးကို ဟန်ပါပါထုတ်ပြီးသကာလ ဆင်ရုပ်ပါသည့် ငါးထောင်တန်အသစ်စက်စက်ကို ထုတ်ပေးလိုက်၏။
ညှက်စိသည် ခေတ်၏ သရုပ်ကို ထင်ဟပ်စေသော အနာဂတ်ခေါင်းဆောင်တယောက် ဖြစ်ပေသည်မဟုတ်လော။ ညှက်စိသည် လူငယ့်ဘာဝ ခေတ်ရေစီးကြောင်းတွင် တုံကင်းပေါ်မှ စွန့်သွားသော မစင်တုံးကဲ့သို့ မျောနေသော အားကိုးဖွယ် အလားအလာရှိသည့် လူငယ်တဦး မဟုတ်လော။
ကျွန်ုပ် ကိုပေသီးတို့ငယ်စဉ်တုန်းကလည်း ပိုလီယိုဝေဒနာရှင် ဓါတ်လိုက်သလို က,လိုက်မှ လူရာဝင်သည်၊ အရသာရှိသည်၊ လူဖြစ်ကျိုးနပ်သည်ဟု ခံစားကာ အုန်းသီးကက်ဆက်ဟု ခေါ်သော ကက်ဆက်ကို ဘက်ထရီအိုးချိတ်၍ ဈေးထောင့် ဗာဒံပင်အောက်တွင် အကပြိုင်ခဲ့ကြသည်မှာ အမောမဟုတ်ပါလော။
ညှက်စိသည်ကား လိုအပ်သော ငွေအသပြာ ရရှိပြီးသည်နှင့် နောက်ဖေးပေါက်မှ လာဘ်လာဘများ ရွှင်နေသော ပုလိပ်စခန်းမှူးတယောက်၏ မျက်နှာပေးဖြင့် ဆူညံပူညံ မလုပ်တော့ဘဲ ပြုံးဖြဲဖြဲ တရွေ့ရွေ့ကွတကွတ ထွက်ခွာသွားတော့၏။
ထိုအချိန်တွင် ညာဘက်ဝိုင်းတွင်ထိုင်နေသောအုပ်မှ ရခိုင်ပြည်မှ ပြောင်းလာသည့် ကျောင်းဆရာသည် ချဲဒိုင်တယောက်နှင့် စကားလက်စသတ်ပြီးနောက် ကျွန်ုပ်တို့ဝိုင်းဖက်သို့ ကူးလာ၏။
ထိုကျောင်းဆရာကား ကျွန်ုပ် ကိုပေသီးလောက် မတော်သော်လည်း နေရာတကာ သူသိသူတတ်အားကြီး လုပ်၏။ ကျွန်ုပ် ကိုပေသီးက မိမိ၏ ခန့်ညားသော ကျောက်ကျောရေပက်ထားသည်နှင့်တူသည့် ဥပဓိရုပ်ကို အတတ်နိုင်ဆုံးတည်လိုက်ပြီး ရေနွေးကြမ်းတခွက် ငှဲ့လိုက်ချိန်တွင် ကျောင်းဆရာ၏ အင်တာဗျူး ဆန်ဆန် စကားဝိုင်း စတင်ပါတော့၏။ …
“ဒီနေ့တော့ ကိုနောက်တိုးကို စပြီးမေးရဦးမယ်ဗျ...
ဒီလိုဗျာ လက်ရှိ ဆောင်းရာသီရဲ့အနေအထားကို ဘယ်လိုသုံးသပ်ပါသလဲ”
နောက်တိုးက ခွေးခြေပုပေါ်တွင် တင်ပါးကို ပြောင်းထိုင်ကာ တင်ပလွှဲဟန်ဖြင့် မေးစိကို ဘယ်လက်ဖြင့် ထောက်ပြီး မပွင့်တပွင့်ဟန် ဆွေးနွေးလှာသည်မှာ....
“ဒီလိုဗျ ဆရာရဲ့ … မက်ဆိုပိုတေးမီးယားစစ်မြေပြင်မှာတုန်းက ကဒါဖီက ဘာမှမဟုတ်သေးဘူးဗျ။
တပြိုင်နက်ထဲမှာ တရုတ်ပြည်က မော်တို့ကလည်း ချန်ကေရှိတ်နဲ့ ပေါက်စီလုပ်နည်းအပေါ်မှာ သဘောထားမတိုက်ဆိုင်လို့ သူ့အင်အားသူ စုနေတုန်းကာလလည်း ဖြစ်တယ်ဗျ။ အဲ..... လူ ပြိန်းစကားနဲ့ပြောရရရင်တော့ဗျာ ကျုပ်တို့ မြို့မှာတော့ ချဲဒိုင်တွေရှိဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ ဘာမှမရှိတာထက်စာရင်တော့ တခုခုရှိနေတာ ကောင်းတာပေါ့ဗျာ ”
နိုင်ငံခြားပြန်၊ တိုင်းပြည်ခေါင်းဆောင်အလောင်းအလျာ၊ အဖိနှိပ်ခံများ၏ အားကိုးရာ၊ တယ်လီဗွီးရှင်း ဆယ်လစ်ဘရစ်တီ ဆရာသမားက လက်ဘက်ရည်ဆိုင်မှ ဓါတ်စက်သံကိုလွှမ်းသည့် ကျယ်လောင်မှုဖြင့် နောက်တိုး၏ ဆွေးနွေးချက်ကို ဤသို့ထောက်ခံလိုက်ပြန်၏။…
“အမှန်ပဲဗျ၊ ချဲဒိုင်တွေ ရှိနေသင့်တာပေါ့။ ကျုပ် နိုင်ငံခြားရောက်တုန်းကဆို တရားဝင်ပဲ ရေဒီယိုတွေ ရုပ်မြင်သံကြားတွေက ထီဖွင့်ရက်ကို ကြေငြာတာပဲ။ ဥပမာဗျာ… အိုင်ယာလန်ကိစ္စကြည့်ပါလား။ အိုင်းရစ်တွေဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အရက်ကောင်းကောင်းတော့ သောက်နိုင်နေတာက ဘယ်သူမှ ငြင်းမရတဲ့ကိစ္စပဲလေ” ဟု ဖြစ်၏။
ကျောင်းဆရာက နောက်တိုး ဆက်လက်၍ လေလုံးတွေ လွှတ်တော့မည်ကို ကြိုသိသည့်အလား စကားကိုဖြတ်ကာ… ‘ဘေထုတ်အရေး လေ့လာသူ’ ကိုဟန်မောင်ကို အောက်ပါအတိုင်း မေးလိုက်ပြန်၏။
“ကိုဟန်မောင်ရေ ဆရာ့အနေနဲ့ကရော အခုဖြစ်နေတဲ့ ရာသီဥတုအပေါ်မှာ ဘာတွေဖြစ်သင့်သလဲ၊ ဘာတွေလုပ်သင့်သလဲဆိုတာ နည်းနည်း ဆွေးနွေးပေးပါခင်ဗျ”
ကိုဟန်မောင်သည် သောက်လက်စ ရေနွေးခွက်ကို အသာချလိုက်ပြီး သူ၏ ခါးပိုက်ထောင်ထဲမှ ကွမ်းယာထုတ်ကို ထုတ်၏။ ဖြေ၏။ ပါးစောင်သို့ သွင်းလိုက်ပြီး တချက်နှစ်ချက် ဝါးလိုက်၏။ ဝါးနေရင်းက မျက်ကြောက လိုက်သွားသေး၏။ ထို့နောက် စောင်းငန်းစောင်းငန်းဖြင့် ဖြေလိုက်သည်မှာ....
“ ဒီလိုရှိတယ်ဗျ။ ခင်ဗျားတို့ သိထားတဲ့အတိုင်း သမိုင်းဆိုင်ရာသင်္ခန်းစာတွေလည်း ကျနော်တို့မြို့သားတွေမှာ ရှိသင့်သလောက်ရှိပြီးသားပဲ။ အခြေအနေတခုကို လက်ခံပြီး အခွင့်အရေးတခုကို ဖန်တီးယူနိုင်ရမယ်ဗျ။ ဥပမာဗျာ… ကိုလိုနီခေတ် အိန္ဒိယပြည်က ဂန္ဓီရဲ့အတွေးအခေါ်ကိုသာ ကျနော်တို့က ခုချိန်မှာ လက်ကိုင်ထားမယ်ဆိုရင် ဘေထုတ်ဆိုတာ ရှိလာနိုင်ဖို့ မခက်ပေဘူးလားဗျ။ အဲသလိုပဲ အီရတ်ကို အမေရိကန် ဝင်တိုက်ခဲ့သလိုသာ ကျနော်တို့က ရေနံဆီကို အကြောင်းပြုပြီး ဆီဆိုင်ကို ဝင်သိမ်းပြီဆိုပါတော့ဗျာ။ ကျနော်တို့မျှော်မှန်းထားသလို ဘေထုတ်တွေရမယ်လို့ ဘယ်သူက အာမခံနိုင်သလဲဆိုတာပဲ ကျနော့်အနေနဲ့ ပြန်မေးခွန်းထုတ်ချင်ပါတယ်” ဟု ဖြစ်ပေတော့၏။
“ဒါဆိုရင် ဆရာတို့ ဆွေးနွေးချက်အရ တခုတွေးလို့ရတာကတော့ ရေနံဆီဆိုင်မှာ ဘေထုတ်တွေရှိဖို့ မကျိန်းသေဘူး။ ချဲဒိုင်တွေ မရှိတာထက် ရှိနေတာကပိုကောင်းတယ်လို့ပဲ သုံးသပ်ရမှာပေါ့ဗျာ…” ဟု ကျောင်းဆရာက လေသံကိုမြှင့်ကာ စကားဝိုင်းတခုလုံးကို အတင်းအဓမ္မလွှမ်းမိုးဖို့ ကြိုးစားသောအားဖြင့် သူလိုရာသူဆွဲ နိဂုန်းချုပ်ပြန်၏။
ဤသို့ဖြင့် မေးသူကလည်း မေးလိုရာမေး၊ ဖြေသူကလည်း ဖြေလိုရာဖြေရာ၌ ဘာမှ ဆက်စပ်မရသော နိုင်ငံတကာအကိုးအကားများဖြင့် ဖွယ်ဖွယ်ရာရာ သူ့ထက်ငါ အလုအယက်ဖြေရင်း လက်ဖက်ရည်ဆိုင်မှ ခေတ်ပေါ်သီချင်းသံတို့က ပြန်လည်လွှမ်းမိုးသွားပြန်တော့၏။ ။
အန်ထော်နီပေသီး
Tuesday, November 17, 2009
ဆန်စင်ရာ ကျည်ပွေ့လိုက်နေကြသူများ
ဘွဲ့ဖြူ ၁၆ နိုဝင်ဘာ ၂၀၀၉ ခေတ်ပြိုင်
ကမ္ဘာ့ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်နိုင်ငံက အဖိနှိပ်ခံပြည်သူတွေမှာမဆို အရေအတွက်မနည်းလှတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းအားနည်းချက်တွေ ရှိတတ်ကြတာ ဓမ္မတာဖြစ်တယ်။ အဲဒါတွေထဲက တခုကတော့ အခြေအမြစ်မရှိ၊ ယုတ္တိယုတ္တာကင်းမဲ့၊ သမိုင်းရဲ့ပေးထားချက်တွေ၊ လက်ရှိမှာ အမှန်တကယ်တည်ရှိနေတဲ့ အချက်အလက်တွေနဲ့ ကင်းလွတ်တဲ့၊ကျိုးကြောင်း ဆီလျော်မှုနတ္ထိဖြစ်တဲ့ ကောလာဟလနဲ့ သမ္ဖပ္ပလာပဝါစာတွေအပေါ် အခြေပြုပြီး မျှော်လင့်ချက်တွေကို တည်ဆောက်တဲ့ ဓလေ့ဖြစ်တယ်။ အထူးသဖြင့် အဲဒီအခြင်းအရာမျိုးဟာ ကိုယ်ကျိုးအတ္တကြီးတဲ့ အုပ်စိုးသူတွေရဲ့ဖိနှိပ်မှု အထူးပြင်းထန်နက်ရှိုင်းတဲ့ အခြေအနေမှာ ပေါ်ပေါက်လေ့ရှိတယ်။
အဖိနှိပ်ခံပြည်သူတွေမှာလို့ ယေဘုယျခြုံပြီး ပြောလိုက်ရပေမယ့် တကယ်တော့ အဲဒီလိုမျိုး မျှော်လင့်ချက်တွေ စတင်ပေါက်ဖွားရာနယ်ပယ်က ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အာရုံခံစား နိုင်စွမ်း (Sensitivity) အမြင့်ဆုံး လူပုဂ္ဂိုလ်တွေ စုဝေးရာ နိုင်ငံရေးနယ်ပယ်ဖြစ်တယ်။ ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အာရုံခံစားနိုင်စွမ်း အမြင့်ဆုံးဖြစ်မှုရဲ့ သဘာဝကျတဲ့ အကျိုးဆက်အဖြစ် သူတို့ဟာ ဖိနှိပ်မှုကို တွန်းလှန်ဖယ်ရှားပစ်နိုင်မှ လွတ်လပ်လုံခြုံ ငြိမ်းချမ်းတရားမျှတတဲ့ လူမှုဘ၀တွေ တည်ဆောက်နိုင်မှာ ဖြစ်တယ်ဆိုတဲ့အချက်ကို သဘောပေါက်နားလည်ထားကြသူတွေဖြစ်တယ်။ အဲသလို နားလည်သဘောပေါက်မှုကို အခြေခံပြီး သူတို့ဟာ ဖိနှိပ်အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဖယ်ရှားရေးလုပ်ငန်းကို မိမိတို့မှာရှိတဲ့ စွမ်းအားအလျောက် အကောင်အထည်ဖော် လုပ်ဆောင်ကြတယ်။ အဲဒီလိုလုပ်ဆောင်မှုရဲ့ အကျိုးဆက်အဖြစ် သူတို့ဟာ အဖိနှိပ်ခံပြည်သူတွေရဲ့ အဆင့်ဆင့်သော ခေါင်းဆောင်များဖြစ်လာကြတယ်။ အဖိနှိပ်ခံပြည်သူလူထုကြီးရဲ့ တပ်ဦးနေရာကို ရောက်ရှိလာကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ ကံသုံးပါးအမူအရာတွေဟာ အရေးပါလာတယ်။ ပြည်သူတွေက သူတို့ပြောတဲ့ စကားမှန်သမျှကို အရေးတယူ အလေးမူပြီး နားထောင်လာကြတယ်။ ဒီလိုနဲ့ သူတို့ရဲ့ သြဇာဟာ လူထုကြားမှာ ပျံ့နှံ့နေတယ်။
အဖိနှိပ်ခံပြည်သူလူထုရဲ့ တပ်ဦးမှာရှိနေကြတဲ့ အဲဒီလူတွေ (သူတို့ကို အတိုက်အခံနိုင်ငံရေးသမားလို့ ခေါ်ချင်ခေါ်၊ နိုင်ငံရေးစိတ်ဝင်စားတဲ့သူလို့ ခေါ်ချင်ခေါ်၊ နိုင်ငံရေးနဲ့ နီးစပ်သူလို့ ခေါ်ချင်ခေါ် ကြိုက်သလိုခေါ်ပါ) ဟာ ဖိနှိပ်မှုနဲ့ ပတ်သက်လို့ သာမန်ပြည်သူတွေထက်ပိုပြီး ခံစားချက် ထက်မြက်စူးရှကြသူတွေ ဖြစ်တယ်ဆိုပေမယ့် အဲဒီအဆိုက သူတို့အားလုံးဟာ ဖိနှိပ်သူတွေနဲ့ အဖိနှိပ်ခံတွေကြားမှာရှိနေတဲ့ ပဋိပက္ခရဲ့သမိုင်း၊ ဖိနှိပ်မှုကို ဆန့်ကျင်ခုခံတွန်းလှန်ရာမှာ အထိရောက်ဆုံး
နည်းလမ်း … စတဲ့ အခြင်းအရာတွေနဲ့ ပတ်သက်လို့ ခြေခြေမြစ်မြစ် ပတ်ပတ်နပ်နပ် နှံ့စပ်သိမြင်သဘောပေါက် နားလည်ထားကြပြီးသားဖြစ်တယ်လို့တော့ အဓိပ္ပာယ်မရဘူး။
ဒါကြောင့်လည်း အဲဒီလူတွေထဲကတချို့ (မကြာခဏဆိုသလိုပဲ အဲဒီတချို့ဆိုတဲ့ ပမာဏဟာ အများစုဖြစ်နေတတ်တာကို တွေ့ရလေ့ရှိတယ်။) ဟာ ဒီဆောင်းပါးအစမှာ ဆိုခဲ့သလို ပကတိအရှိတရားနဲ့ ကင်းလွတ်တဲ့ ကောလာဟလတွေနဲ့ ပြည်သူ့အကျိုးစီးပွားအတွက် အကျိုးမဲ့အချည်းနှီးဖြစ်တဲ့ သတင်းစကားတွေအပေါ် အခြေပြုပြီး ပြည်သူတွေအတွက် တံလျှပ်လို မျှော်လင့်ချက်တွေကို တည်ဆောက်ပေးမိတတ်ကြတယ်။ တံလျှပ်ဟာ အတိတ်ဘယ်တုန်းကမှ ရေမဟုတ်ခဲ့ဖူး၊ အခုလက်ရှိ ပစ္စုပ္ပန်မှာလည်း ရေမဟုတ်၊ နောင်လာမယ့် အနာဂတ်မှာလည်း ဘယ်တော့မှ ရေဖြစ်လာမှာ မဟုတ်သလို အဲဒီတံလျှပ်လို မျှော်လင့်ချက်တွေဟာလည်း ဘယ်တုန်းကမှ အကောင်အထည်ပေါ်လာခဲ့ဖူးတာ မရှိတဲ့အတွက် အဲဒီမျှော်လင့်ချက်တွေအပေါ် ရောယောင်မျှော်ကိုးခဲ့ကြတဲ့ အဖိနှိပ်ခံပြည်သူတွေဟာ ကြာတော့ ဘယ်လိုမျှော်လင့်ချက်မျိုးမှ မထားရဲကြတော့ဘဲ စိတ်ပျက်လက်ပျက် မှိုင်တွေချကာ အနာဂတ်ဆိုတာကို မယုံကြည်တော့တဲ့ အနေအထားကို ရောက်ရှိသွားတတ်တယ်။ အဲဒီအနေအထားဟာ အဖိနှိပ်ခံပြည်သူတွေအတွက် ‘တွင်းနက်ကြီး’ ဖြစ်ပြီး ဖိနှိပ်သူတွေအတွက်တော့ ‘ကောင်းကင်ဘုံ’ ဖြစ်တယ်။
မြန်မာ့နိုင်ငံရေးလောကမှာလည်း သမိုင်းတခေတ်ကို အဲဒီလိုအနေအထားမျိုးနဲ့ တခန်းရပ်သွားအောင် ဖိနှိပ်အုပ်စိုးသူတွေက ရည်ရွယ်ချက်ရှိရှိ၊ အစီအစဉ်ရှိရှိ စနစ်တကျ ကြိုးပမ်းလုပ်ဆောင်နေခဲ့ကြပြီး နိုင်ငံရေးသမားတချို့ကလည်း အဲဒီဆိုင်းချက်အတိုင်း သိစိတ်မဲ့ (unwittingly) လိုက်ကမိခဲ့ကြတာကို တွေ့ရတယ်။ အဲဒီအနေအထားကို ထင်ရှားအောင် သာဓကပြရမယ်ဆိုရင် ပြည်တွင်းပြည်ပက အတိုက်အခံ မြန်မာ့နိုင်ငံရေးသမားတချို့ဟာ စစ်အာဏာရှင်ခေတ်တလျှောက်လုံး (အထူးသဖြင့် န၀တ၊ နအဖခေတ်) စစ်ဗိုလ်ချုပ်တွေ ဟိုနေရာ ဒီနေရာမှာ ပြောကြတဲ့စကားတွေကို အဟုတ်ကြီးထင် အတိတ်နိမိတ်ကောက်ပြီး မျှော်လင့်ချက်တွေ တည်ဆောက်လေ့ရှိကြတဲ့ကိစ္စပဲ။
အထူးသဖြင့် အဲဒီနိုင်ငံရေးသမားတွေဟာ နေ့ကြီးရက်ကြီးတွေမှာ နအဖအကြီးအကဲ ဗိုလ်သန်းရွှေပြောဆိုတဲ့ မိန့်ခွန်း၊ ဒါမှမဟုတ် ပေးပို့တဲ့ သ၀ဏ်လွှာထဲမှာပါတတ်တဲ့ (သူတို့အထင်) ထူးထူးခြားခြား စကားလုံးအသုံးအနှုန်းတွေကို ဗေဒင်လေးပုံနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မနက်ဖြန်သဘက်ခါပဲ မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကားလာတော့မယောင် ဟောကိန်းထုတ်လေ့ ရှိကြတယ်။ သူတို့ဟာ အတိတ်ကို မေ့တတ်သူများ (ဒါမှမဟုတ် သမိုင်းကို လိုအပ်သလောက်ကလေးတောင် မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ နားမလည် သဘောမပေါက်သူများလည်း ဖြစ်ချင်ဖြစ်မယ်) ပီပီ မြန်မာ့နိုင်ငံရေးအနာဂတ်ကို ဟောကိန်းထုတ်တဲ့အခါ မြန်မာစစ်အာဏာရှင်စနစ်ရဲ့ တကယ့်အတွင်းသရုပ်မှန်ကို လုံးလုံးထည့်မတွက်တော့ဘဲ စစ်ဗိုလ်ချုပ်တွေရဲ့ အပေါ်ယံပြောစကားတွေအပေါ်မှာသာ လုံးလုံးလျားလျား အာရုံထားပြီး လိုရာဆွဲတွေး ပြောဆိုသုံးသပ် ကောက်ချက်ချလိုက်ကြလေ့ရှိတယ်။
ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံမှာ ဗိုလ်သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး “ရင့်ကျက်သည့် ပါတီစည်းရုံးရေးမူများကို လိုက်နာကျင့်သုံး ထိန်းသိမ်းသူမှန်သမျှ အစိုးရက စောင့်ရှောက်သွားမည်” လို့ ပြောကြားခဲ့တယ်။ အဲဒီစကားကိုပဲ ဆိုခဲ့ပါ အတိတ်ကောက်သူတွေက ၂၀၁၀ ရွေးကောက်ပွဲဟာ တကယ်ပဲ လွတ်လပ်သန့်ရှင်းတရားမျှတတဲ့ ရွေးကောက်ပွဲ သေချာပေါက်ဖြစ်လာတော့မယ့်ပုံမျိုး အူမြူးချိုကြွ ကြိုဆိုကြတာတွေ လုပ်ခဲ့ကြတယ်။
ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း နအဖ၀န်ကြီးချုပ် ဗိုလ်သိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး (NLD အပါအ၀င် အတိုက်အခံနဲ့ တော်လှန်ရေးအင်အားစုတွေ သုံးနှုန်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အသုံးအနှုန်းကို တမင်တကာ သတိထားရှောင်ရှားပြီး သုံးစွဲထားတဲ့ အသုံးအနှုန်း) လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရှိပါလိမ့်မယ်လို့ ပြောဆိုခဲ့ပြန်တယ်။ အဲဒီစကားလုံးအသုံးအနှုန်းနဲ့ ပတ်သက်လို့လည်း (မြန်မာပြည် နိုင်ငံရေးအကြောင်း ဂဃနဏ ရေရေရာရာ မသိကြတဲ့ အာဆီယံခေါင်းဆောင်တွေကဆို ထားပါတော့) ပြည်တွင်းပြည်ပက အတိုက်အခံမြန်မာ့နိုင်ငံရေးသမားတချို့က ၀င်ပြီး ‘ယောင်’ ကြပြန်တယ်။ နအဖနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြိတ်ဝိုင်းဆွေးနွေးပွဲလုပ်ပြီး သဘောတူညီမှုတခုပဲ ရထားသယောင်ယောင်၊ ဒါမှမဟုတ် မကြာခင်ရက်ပိုင်းအတွင်း နအဖနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခု မြေကြီးလက်ခတ်မလွဲ ပေါ်ပေါက်လာတော့မယောင်ယောင် အတိတ်ကောက် နိမိတ်ကောက်ပြီး ဟောကြပြောကြပြန်တယ်။
နောက်တမျိုးရှိသေးတယ်။ အဲဒါကတော့ အဖိနှိပ်ခံပြည်သူတွေ အမြဲတမ်း ထိုင်းမှိုင်းငေးငိုင်တွေဝေနေစေဖို့ ရည်ရွယ်ပြီး စစ်အာဏာရှင်တွေရဲ့ ထောက်လှမ်းရေးဝန်ထမ်းတွေ အခါအားလျော်စွာ ထုတ်လွှတ်တတ်တဲ့ ‘ဖန်လုံအိမ်ဓာတ်ငွေ့’ နဲ့တူတဲ့ ကောလာဟလသတင်းတွေဖြစ်တယ်။ ဥပမာ - ဗိုလ်သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြိတ်ဝိုင်းဆွေးနွေးပွဲ လုပ်နေပြီဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်လွှတ်ပေးတော့မယ်ဆိုတာမျိုး၊ လက်ရှိအစိုးရနဲ့ အတိုက်အခံတွေပေါင်းပြီး ကြားဖြတ်အစိုးရဖွဲ့တော့မယ် ဆိုတာမျိုးတွေပေါ့။ အဲဒါမျိုးတွေကိုလည်း ဆိုခဲ့ပါ အတိတ်ကောက်ဆရာတွေက အမှန်ထင် အဟုတ်မှတ်ပြီး လေထဲတိုက်အိမ်ဆောက်တတ်ကြသေးတယ်။
‘ခက်တော့တာပဲ’ လို့ပဲ ဆိုရတော့မယ်။ တကယ်တော့ ပြည်သူကို အကျိုးပြုလိုတဲ့စိတ်နဲ့ မြန်မာ့နိုင်ငံရေးသမိုင်းကို စူးစူးနစ်နစ် နက်နက်ရှိုင်းရှိုင်း လေ့လာကြသူတွေရဲ့ မျက်စိအောက်မှာ မြန်မာစစ်အာဏာရှင်စနစ်ဟာ အဖုံးအကာအောက်မှာ တိမ်းရှောင်ပုန်းလျှိုးနေနိုင်စွမ်းရှိတဲ့ အရာတခုမဟုတ်ဘူး။ နောက်ပြီး ဒီကနေ့လက်ရှိအချိန်မှာ မြန်မာစစ်အာဏာရှင်စနစ်ဟာ ညီအစ်ကိုမသိတသိအချိန်ရောက်နေတဲ့ အခြေအနေလည်းမဟုတ်ဘူး။ ‘ရှစ်လေးလုံး’ ဂါထာစုပ်ပြီး ‘ရွှေဝါရောင်တော်လှန်ရေး’ ဆေးကြိမ်လုံးနဲ့ သုတ်လိုက်လို့ အယောင်ဆောင်ထားတဲ့ လူသားအသွင်ပျောက်ပြီး အစွယ်ဖွေးဖွေး ဘီလူးရုပ်နဲ့ ငုတ်တုတ်ပေါ်လာရတဲ့အချိန်ဖြစ်တယ်။
မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်တွေက မြန်မာနိုင်ငံရေးသမားတွေဟာ ကလိမ်ကကျစ်တွေ၊ ယုံကြည်လို့မရတဲ့သူတွေဖြစ်တယ်၊ သူတို့သာလျှင် နိုင်ငံ့သစ္စာကို ဖြောင့်မတ်တည်ကြည်စွာ စောင့်ထိန်းတဲ့သူတွေဖြစ်တယ်လို့ ပြောတတ်ကြတယ်။ ဗိုလ်နေ၀င်းအစ၊ ဗိုလ်စောမောင်အလယ်၊ ဗိုလ်သန်းရွှေအဆုံး မြန်မာစစ်အာဏာရှင်အားလုံးဟာ ဘယ်လိုလူမျိုးတွေ ဖြစ်တယ်ဆိုတာ သမိုင်းမှာ အကြိမ်ကြိမ် ပေါ်ထွက်လာခဲ့ပြီးဖြစ်လို့ ဒီနေရာမှာ အသေးစိတ် ဖွင့်ဆိုရှင်းပြဖို့ လိုတော့မယ်မထင်ဘူး။ ဗိုလ်နေ၀င်းက ပါးစပ်ကနေ နိုင်ငံကို ဆိုရှယ်လစ်စနစ်နဲ့ လောကနိဗ္ဗာန်အရောက် ဦးဆောင်ခေါ်ယူသွားမယ်လို့ ပြောပြီး အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအကောင်းဆုံးနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတခုအဖြစ်သို့ ကျရောက်သွားစေခဲ့ပြီးပြီ။ အခုတခါ ဗိုလ်သန်းရွှေကလည်း စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးရင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်အောင် ထူထောင်ပေးမယ်လို့ပြောပြီး ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ လူ့အခွင့်အရေးအဖွဲ့ အပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့ပေါင်းစုံရဲ့ နှစ်စဉ်ပြစ်တင်ရှုတ်ချမှုကို ခံနေရတဲ့၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေ အပါအ၀င် ကမ္ဘာ့ခေါင်းဆောင် အဟောင်းအသစ်များစွာတို့ရဲ့ မကျေနပ် မနှစ်သက်မှုကို ခံယူနေရတဲ့၊ မိမိနိုင်ငံပြည်သူတွေ ကမ္ဘာလှည့်ပြီး ကျွန်ခံနေကြရတဲ့၊ ဘက်ပေါင်းစုံမှာ ချွတ်ခြုံကျပြီး ပျက်သုန်းနေတဲ့နိုင်ငံ (Failed State) တခုဖြစ်သွားအောင် လုပ်ခဲ့ပြီးပြီ။
တကယ်တော့ အဲဒါတွေသာလျှင် ပကတိအရှိတရား (Reality) ဖြစ်တယ်။ အမှန်တကယ်ရှိနေတဲ့ အချက်အလက် (Fact) တွေဖြစ်တယ်။ ဒါတွေသာ သမိုင်းရဲ့ပေးထားချက် (given data) တွေဖြစ်တယ်။ အဲဒါတွေကို လျစ်လျူရှုမျက်ကွယ်ပြုပြီး၊ စစ်ဗိုလ်ချုပ်တွေပြောတဲ့ စကားတွေကိုပဲ ကိုယ်လိုချင်သလို အနက်ကောက် အဓိပ္ပာယ်ဖွင့်ပြီး အနာဂတ်ကို ဟောကိန်းထုတ်နေမယ်ဆိုရင် အဖိနှိပ်ခံပြည်သူတွေဟာ တွင်းနက်ထဲရောက်သွားကြမှာမလွဲဘူး။
သေသေချာချာ ဆန်းစစ်လေ့လာကြည့်မယ်ဆိုရင် ဗိုလ်သန်းရွှေမှသာမဟုတ် စစ်အာဏာရှင်စနစ်ကို ရာသက်ပန် တည်တံ့ခိုင်မြဲစေလိုတဲ့ ဘယ်ဗိုလ်ချုပ်ရဲ့စကားမှ အသစ်အဆန်း မဟုတ်ဘူးဆိုတာကို တွေ့ကြရလိမ့်မယ်။ ဗိုလ်သန်းရွှေ စစ်မှုထမ်းဟောင်းညီလာခံမှာ ပြောတဲ့စကားဟာ သူ အရင့်အရင်နှစ်တွေက ဟိုအခမ်းအနား၊ ဒီအခမ်းအနားတွေမှာပြောတဲ့ စကားတွေနဲ့ အနှစ်သာရအရ တဆံခြည်မှမကွဲဘူးဆိုတာကို သတင်းစာဟောင်းတွေ ပြန်ဖတ်ကြည့်ရင် တွေ့လိမ့်မယ်။ သူ့စကားထဲက ရင့်ကျက်တဲ့ပါတီဆိုတာ သူတို့အလိုကျ ဗောင်းတော်ညိတ် စိတ်တော်သိတဲ့ ပါတီတွေကိုသာ ဆိုလိုတာဖြစ်တယ်။ ပြောရရင် အဲဒီထဲမှာ လွှတ်တော်ထဲရောက်အောင်သွားပြီး ပြည်သူ့အကျိုးအတွက်ဆောင်ရွက်ဖို့ စိတ်ကူးယဉ်နေကြတဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ ပါတီတွေတောင် ပါမှာမဟုတ်ဘူး။ ရင့်ကျက်တဲ့ပါတီဆိုတဲ့ အသုံးအနှုန်းကို ကြည့်ပြီး ဒါမှမဟုတ် စစ်တပ်အလိုကျလုပ်ထားမှ ‘အမျိုးသားနိုင်ငံရေး’ ဆိုတဲ့ အသုံးအနှုန်းကို ပြေးမြင်မိတယ်။ စစ်အာဏာရှင်တွေအလိုအရ စစ်တပ်လုပ်တာမှ အမျိုးသားနိုင်ငံရေး၊ တခြားသူတွေလုပ်တာက ပါတီနိုင်ငံရေး သို့မဟုတ် အာဏာနိုင်ငံရေးမဟုတ်လား။
ဗိုလ်သိန်းစိန်ရဲ့ စကားဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ပေးမယ်ဆိုတာ “ပြည်သူလူထုရဲ့ ထောက်ခံဆန္ဒမဲ (၉၂) ရာခိုင်နှုန်းကျော်နဲ့ တခဲနက် အတည်ပြုထားတဲ့၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ရှေးရှုဦးတည်ရေးဆွဲထားတဲ့ အခြေခံဥပဒေအရ ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ မဲထည့်ခွင့်ပြုမယ်” လို့ ဆိုလိုတာသာဖြစ်တယ်။ ဗိုလ်သိန်းစိန်ရဲ့ စကားမျိုးကို န၀တ၊ နအဖခေတ်မှာ စစ်ဗိုလ်ချုပ်တွေ ဖန်တရာတေအောင် ပြောဖူးခဲ့ကြတယ်။ သုံးဖန်များလွန်းလို့ ဆီသည်မလက်သုတ်ဖတ်လို မည်းညစ်ဟောင်းနွမ်းလှပြီဖြစ်တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပြည်သူတွေ တခဲနက်ဖော်ပြခဲ့ကြတဲ့ ဆန္ဒတွေ၊ လိုလားချက်တွေကို မမေ့မလျော့ရှိနေကြသူတွေအဖို့တော့ ဘာတခုမှ လွမ်းလောက်စရာမရှိတဲ့ စကားတွေသာဖြစ်တယ်။
အဲဒီတော့ သမားကောင်းတို့မည်သည် အခိုင်အမာ အမြစ်တွယ်နေတဲ့ ရောဂါတခုကို ကုသတဲ့နေရာမှာ ရံဖန်ရံခါ ပေါ်လာတတ်တဲ့ လူနာရဲ့မျက်နှာပေါ်က သွင်ပြင်လက္ခဏာတွေအပေါ် အလေးမထားဘဲ ရောဂါရင်းရဲ့ အတွင်းသရုပ်ကိုသာ အသေအချာ လေ့လာစိစစ်ခွဲခြမ်းစိတ်ဖြာပြီး အနာနဲ့ဆေး တည့်အောင်ပေးပြီး ကုသသလိုပဲ မြန်မာပြည်မှာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ်ကင်ဆာရောဂါဆိုးကို ပျောက်ကင်းအောင်ကုသပြီး လောကအကျိုးဆောင်ဖို့ ပိုင်းဖြတ်ထားသူတွေဟာ စစ်ဗိုလ်ချုပ်တွေရဲ့ ရောက်တတ်ရာရာ စကားတွေမှာ ‘နတ်ကရာ ကြည့်မော’ လုပ်မနေကြဘဲ စစ်အာဏာရှင်စနစ်ရဲ့ သဘာဝနဲ့ မျှော်မှန်းချက်ကို ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ်သိအောင် လုပ်ခြင်းဖြင့်သာ အဲဒီရောဂါကို ကုသနိုင်မယ့် ဆေးဝါးကို ရှာဖွေဖော် ထုတ်နိုင်ကြမှာဖြစ်တယ်။
ဆန်ထောင်းတဲ့ ကျည်ပွေ့ဆိုတာ ဆုံထဲရှိတဲ့ ဆန်ကိုသာ ထောင်းရတာဖြစ်တယ်။ ဒီလိုလုပ်မှလည်း ဆန်ထောင်းတဲ့ လုပ်ငန်းဟာ မှန်ကန်ထိရောက်ပြီး အလုပ်တွင်မှာဖြစ်တယ်။ အဲသလိုမှမဟုတ်ဘဲ ဆုံထဲက စင်ထွက်သွားတဲ့ ဆန်တွေနောက်ကို ကျည်ပွေ့က လျှောက်လိုက်ပြီး ထောင်းနေလို့ကတော့ ဆန်ထောင်းတဲ့ အလုပ်ဟာ ဘယ်တော့မှ ပြီးမှာမဟုတ်သလို ဆန်လည်း ဟုတ္တိပတ္တိ ဖြူထွက်လာမှာမဟုတ်ဘူး။
အဲသလိုပဲ ‘ဆန်စင်ရာ ကျည်ပွေ့လိုက်နိုင်ငံရေး’ က ပြည်သူတွေကို ‘တွင်းနက်ကြီး’ ထဲကလွဲပြီး တခြားဘယ်ကိုမှ ဦးဆောင်ခေါ်ယူသွားနိုင်မှာ မဟုတ်ဘူးဆိုတာကို ပမာဒလေခနေကြတဲ့ မြန်မာ့နိုင်ငံရေးသမားတွေ သဘောပေါက်ကြဖို့လိုပြီ။
အရေးတော်ပုံ ရင်ခုန်သူများ (အပိုင်း - ၆)
အောင်ဝေး နိုဝင်ဘာ ၁၅၊ ၂ဝဝ၉ မိုးမခ
ကျွန်တော် ကဗျာဆရာ တစ်ယောက်ပါ။ “မဆလ ခေတ်တုန်းက ကဗျာဆရာ တစ်ယောက်ဟာ စင်ပြိုင်အစိုးရ တစ်ရပ် ဖြစ်တယ်” ဆိုတဲ့ ရုရှားကဗျာဆရာ ယက်ဖ်တူရှင်ကိုရဲ့ စကားနဲ့ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြတယ်။
ရှစ်လေးလုံး အရေးတော်ပုံခေတ်၊ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲခေတ်ကို ရောက်လာတဲ့အခါ ကျတော့ “နိုင်ငံမှာ အရေးရယ်လို့ ကြုံလာရင် ကဗျာဆရာတွေဟာ ဘယ်တော့မဆို ရှေ့ကရောက်လာပြီး ပါဝင် ဆင်နွှဲကြလေ့ရှိပါတယ်။ အဲဒါဟာ ကဗျာဆရာတွေရဲ့ ထူးခြားချက်လို့ ကျွန်မတော့ ထင်မိတယ်” ဆိုတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် စကားဟာ ကျွန်တော်တို့ ကဗျာဆရာတွေ အတွက် အားပါ။
ဒီလိုပါပဲ။ စစ်သားဟောင်းကြီး တစ်ဦးရဲ့ အမြင်ကလည်း “ကဗျာဆရာ စတဲ့ အနုပညာရှင်တွေဟာ အမှန်တရားကို ရှာဖွေသူတွေ အမှန်တရား၊ သစ္စာတရားကို ယုံကြည်ကိုးကွယ်သူတွေ ဖြစ်ကြပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အရေးအခင်း တစ်ခုကြုံရရင် အမှားဘက်၊ အမှန်ဘက်ဆိုတာ ရှိစမြဲပါပဲ။ ဒီအခါမှာ အမှန်တရားဘက်ကနေပြီး ကဗျာဆရာတွေက ရှေ့ဆုံးက ပါဝင်လာကြတယ်လို့ ကျွန်တော်ထင်ပါတယ်” တဲ့။ အဲဒီ မှတ်ချက်ပေးခဲ့သူကတော့ ဗိုလ်ချုပ်ကြီး (ဟောင်း) သူရဦးတင်ဦးပါ။
ရှစ်လေးလုံး အရေးတော်ပုံအတွင်းက ဆရာမောင်သော်က၊ ဆရာဦးဝင်တင်၊ ဆရာမောင်မိုးသူ၊ ဆရာဦးဝင်းခက်တို့ ဦးဆောင် စာနယ်ဇင်း သမဂ္ဂဖွဲ့ခဲ့ကြပါတယ်။ အဲဒီ စာနယ်ဇင်း သမဂ္ဂထဲမှာ ဆရာမောင်ဝံသ တို့ရဲ့ သတင်းစာဆရာများ အဖွဲ့နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ကဗျာဆရာများ အဖွဲ့တွေဟာ အခြား ကာတွန်းဆရာ၊ ပန်းချီဆရာ၊ ဓာတ်ပုံဆရာတွေနဲ့ အတူ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာပဲပေါ့။
ရန်ုကုန်မြို့မှာ ဒီမိုကရေစီဟောပြောပွဲ စင်မြင့်တွေ ဟိုကဒီက အလျှိုအလျှို ထွက်ပေါ်လာပြီ ဆိုတာနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ကဗျာဆရာများ အဖွဲ့ကလည်း ၃၃လမ်း ထိပ်မှာ ဒီမိုကရေစီ ဟောပြောပွဲ စင်တစ်ခု ထိုးလိုက်ကြပါတယ်။
၃၃လမ်းဟာ ကဗျာဆရာတွေရဲ့လမ်းပါ။ ၃၃ လမ်းက လမ်းတိုကလေးပါ။ ဒါပေမဲ့ ကဗျာဆရာတွေရဲ့ ဒုက္ခကတော့ ရှည်လျားလှပါတယ်။ ၃၃လမ်းထိပ်မှာ ရွှေကြည်အေး လက်ဖက်ရည်ဆိုင်ရှိတယ်။ ရွှေကြည်အေးမှာ ထိုင်တဲ့ ကဗျာဆရာတွေအားလုံး ပြည်သူလူထုကြီးနဲ့ အတူ ဒီမိုကရေစီ တိုက်ပွဲထဲရောက်နေကြပြီ။
လေသာ မိုးသာထဲနေ့ တစ်နေ့မှာ ကျွန်တော်တို့ ကဗျာဆရာတွေရဲ့ ပထမဦးဆုံး ၃၃လမ်း ဒီမိုကရေစီ ဟောပြောပွဲကို စတင်လိုက်ကြပါတယ်။ အဲဒီပွဲမှာ ကဗျာဆရာ အစစ်တွေနဲ့အတူ ပါဝင်ဟောပြောသူတစ်ဦးကတော့ ရုပ်ရှင်ထဲက ကဗျာဆရာပါပဲ။
အဲဒီနေ့က နေရောင် ပြည့်ပြည့် မရတဲ့နေ့ပါပဲ။ ၃၃လမ်း ထိပ် ခရေပင်ရိပ်မှာ ချွေးသိပ် အမောဖြေနေတဲ့ တိုက်ပွဲဝင် ကဗျာဆရာတွေနဲ့ အတူ ဒီမိုကရေစီ လူထုပရိသတ်ကြီး။
ကဗျာဆရာ ဇောင်းထက်က စင်ပေါ်ကနေ ဂျာမန်ကဗျာဆရာ ဗားတော့ဘရက်ရဲ့ “အကုန် ရရင်ရ၊ မရရင် ဘာမှ မလိုချင်ဘူး။ အကုန်လွတ်ရင်လွတ်၊ မလွတ်ရင် တစ်ယောက်မှ မလွတ်ချင်ဘူး။ တစ်ယောက်တည်း လွတ်သွားလည်း၊ သူရပ်တည်နိုင်မှာ မဟုတ်ဘူး။ သေနတ်လား၊ အချုပ်အနှောင် သံကြိုးလား၊ ရွေးကြစို့” ဆိုတဲ့ ကဗျာကို ရွတ်တော့ စင်အောက်က ပရိသတ်ကြီးက သံပြိုင် လိုက်ရွတ်ဆိုကြပါတယ်။
အဲဒီတုန်းက ကဗျာဆရာ ဇောင်းထက်က ဆရာတက္ကသိုလ် ဘုန်းနိုင်တို့ နာယက အဖြစ် ပါဝင်တဲ့ တက္ကသိုလ်ဆရာများသမဂ္ဂကိုလည်း သူက ကိုယ်စားပြုထားပါတယ်။ အရေးအခင်း ပြီးတော့ ဇောင်းထက် မြန်မာပြည်မြောက်ဖျား ဖြစ်ကြီးနားတက္ကသိုလ် အပြောင်းခံရပြီး မကြာခင် ငှက်ဖျားရောဂါနဲ့ ကွယ်လွန်သွားခဲ့ရပါတယ်။
အဲဒီနေ့က ဇောင်းထက်ပြီးတော့ စင်ပေါ်ကို တက်လာသူကတော့ ရုပ်ရှင်ဇာတ်ကားထဲက ကဗျာဆရာပါပဲ။ အပြင်မှာတော့ ကဗျာဆရာ မဟုတ်ပါဘူး။ ဗန်းမော်တင်အောင်ရဲ့ ၀တ္ထုကို ရိုက်ကူးတဲ့ “၀မ်းနည်းဝမ်းသာ” ရုပ်ရှင်ထဲမှာ သူက ကဗျာဆရာ ကိုသစ္စာအဖြစ် မြင့်မြင့်ခင်နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့တာပါ။
အခု ကိုသစ္စာက ဟောပြောဖို့ စင်မြင့်ပေါ်ကို ရောက်နေပါပြီ။ သူ မျက်ခုံးတစ်ချက် ပင့်၊ ပခုံးတစ်ချက် တွန့်လိုက်ပါတယ်။ လူထု ပရိတ်သတ်ကြီးဆီက လက်ခုပ်ဩဘာသံတွေ ဆိုတာ တော်တော်နဲ့ မစဲတော့ပါဘူး။ သူဆိုတာ တခြားသူမှ မဟုတ်ဘဲ။ လုထုချစ်တဲ့၊ ပရိသတ်က လေးစားတဲ့ မင်းသားကြီး ဦးမြတ်လေးပါပဲ။ ကျွန်တော်တို့ အားလုံး ဦးမြတ်လေးရဲ့ ဟောပြောမှု ရေအလျဉ်ထဲမှာ တသိမ့်သိမ့် စီးမျောပါသွားကြပါပြီ။
ဦးမြတ်လေး။ ဆရာမြတ်လေး။ ရုပ်ရှင်မှာ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေး။ နိုင်ငံရေးမှာ ထွန်းဝေ၊ မြတ်လေး။ တက္ကသိုလ်မှာ စန္ဒရား ချစ်ဆွေ၊ မြတ်လေး။ ဒီအစဉ်အလာတွေကို ကျွန်တော် ပြန်အမှတ်ရလာပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ် တုန်းက ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး ကြိုးပမ်းမှုထဲမှာ ဆရာမြတ်လေး ရေးခဲ့တဲ့ “စစ်ကိုမလိုပါ၊ ငြိမ်းချမ်းရေးသာ ပေးကြပါ။ စစ်ဆိုသည်မှာ အနုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးသာ အပေါင်းလက္ခဏာ” ဆိုတဲ့ သီချင်းသံကို ပြန်ကြားလာရပါတယ်။
၁၉၆ ၀ အောက်တိုဘာလမှာ ဗကသများအဖွဲချုပ်ရဲ့ ဆဋ္ဌမအကြိမ်မြောက် ညီလာခံကို ကျင်းပပါတယ်။ ဗကသ ဥက္ကဋ္ဌက ကိုခင်မောင်အုန်း။ (အခုကွယ်လွန်သွားပြီ ဖြစ်တဲ့ စာရေးဆရာ မိုးဟိန်းကိုပါ) အဲဒီညီလာခံမှာ “အောင်ပွဲ အဆက်ဆက်ခံဦးမည်” ဆိုတဲ့ ဗကသများအဖွဲချုပ် သီချင်းကို အတည်ပြု ပြဌာန်းလိုက်ကြပါတယ်။ ဒီသီချင်းကို ရေးစပ် သီကုံးသူကတော့ ဆရာမြတ်လေးပါပဲ။ ဆရာစန္ဒရားချစ်ဆွေနဲ့အတူ ပူးတွဲပြီး ကေသီပန်တီးဝိုင်းနဲ့ အသံသွင်းပေးခဲ့တဲ့ သီချင်းပါ။
ဒါဟာ မြတ်လေးပါပဲ။ ကျောင်းသားတွေရဲ့ မြတ်လေး၊ ခွပ်ဒေါင်းတွေရဲ့မြတ်လေး၊ ပြည်သူတွေရဲ့ မြတ်လေးပါပဲ။ အခု ကျောင်းသားတွေရဲ့ မြတ်လေးဟာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီး မှာ ပြည်သူတွေနဲ့အတူ ခွပ်ခေါင်းအလံတော်အောက်မှာ ချီတက်နေပါပြီ။ ဒီမိုကရေစီ ဟောပြောပွဲ စင်မြင့်ပေါ်မှာ ရဲရဲတောက် ဟောပြောနေပါတယ်။
အဲဒီနေ့က ၃၃ လမ်းထိပ် ခရေပင်ရိပ်မှာ နေရောင်ပြည့်ပြည့် မရပေမဲ့၊ ပွဲဖျက်မယ့် ပဉ္စမံမိုးတွေကတော့ တစ်စက်မှ မရွာခဲ့ပါဘူး။
မြန်မာနိုင်ငံ ကဗျာဆရာများ အားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ။
[ မူရင်း - လွတ်လပ်တဲ့ အာရှအသံ / Radio Free Asia ]
ကျနော်နှင့် နိုင်ဘလိ
ဆောင်းပါး ရွှေအိမ်စည် တနင်္လာနေ့၊ နိုဝင်ဘာလ 16 မဇ္ဈိမ
(က)
ဝင်းယော်ချောင်းက ရေတက်ရေကျရှိသည်။ ‘လ’ ၏ ဆုတ်၊ ဆန်း ရက်များအပေါ်တွင် မူတည်၍ ရေတက်သည့် အချိန်သည်လည်း အတိုး၊ အလျော့ရှိ၏။ အပြောင်းအလဲ ရှိတတ်၏။ ရေးတက်ချိန်တွင် ချောင်းရေသည် ကမ်းလုံးပြည့် ဖိတ်လျှံတတ်လာပြီး၊ မိုးမခပင်တို့က တိုးရေအောက်၌ ခေါင်းဖော်ရုံသာ ရှိနေတတ်၏။ ထိုသို့သော အချိန်မျိုးတွင် ဝင်းယော်ချောင်း၏ ရေပြင်သည် …. ဘောလုံးကွင်းတကွင်းစာမျှ ကျယ်၏။ လူသွားလမ်းငယ်သည် ချောင်းရိုးနှင့်ယှဉ်လျက် …. ကမ်းပါးထက် ကပ်၍နေသည်။ တဖက်တွင်က …. နှမ်းခင်းများ၊ ဆေးရွက်ကြီးခင်းများ …..။ ဆေးရွက်ကြီးနှင့် နှမ်းခင်းများ၏ တဖက်တွင်မူ ….. ကြက်ပေါင်းစေးပင်များ တွေ့ရ၏။ အုပ်အုပ်ဆိုင်းဆိုင်း …. မှိုင်းမှိုင်းညို့ညို့ ….။ ရွာကိုက မတွေ့ရသေး….။
ကျနော်တို့က …. ဝင်းယော်ချောင်းကို စုန်၍ လျှောက်၏။ ဝင်းယော်ချောင်းရေက တိုးရေကြောင့် ကျနော်တို့နှင့် ဆန်၍စီးနေ၏။ ရေစီးသည် ခဏငယ်အတွင်း၌ပင် စီးအားသန်၍ အရှိန်အဟုန်နှင့် ဖြစ်လာသည်။ ဒီရေ … တိုးသည်က ချောင်းရိုးငယ်လေးအတွင်း၌ပင် ….. ပြင်းအားထန်၍ နေ၏။ လိမ့်၍ …. လိမ့်၍ တက်လာသည့် လှိုင်းလုံးများ၏ ရိုက်ပုတ်မှုအောက်၌ မိုးမခပင်တို့က ယိမ်းနွဲ့၍ နေသည်။
ရေစီးသည် ပြေးလမ်းထက်၌ ပြေးနေသည့် လေယာဉ်တစီးအလား ….။ တိုး၍၊ တိုး၍ အရှိန်မြင့်ကာ စီး၏။ လေယာဉ်က ပြေးလမ်းအဆုံး …. အမြင့်ဆုံး အရှိန်သို့ ရောက်သည်နှင့် ဦးမော့၍ ဝေဟင်သို့ ကြွကာပျံတက်၏။ ဝင်းယော်ချောင်း၏ တိုးရေကမူ …. ထိုသို့မဟုတ် … အမြင့်ဆုံး အရှိန်နှင့် စီးဆင်းပြီးသည်နှင့် ဦးမော့၍ ခရီးဆက်မနှင်….။ တန့်၍ ရပ်သွား၏။ အီနေ၏။ ရေသေ….။ ပြီးလျှင် …. ပြန်ဆုတ်လေ၏။
ကျနော်တို့ လျှောက်လာခဲ့သည်က ဝင်းယော်ချောင်း၏ အနောက်ဘက်ကမ်းမှ ဖြစ်သည်။ ကျနော်တို့ ဝင်းယော်ချောင်းကို ကူးကြရမည်။ ကူးပြီးမှသာလျှင် …. တောင်ပေါက် နှစ်ဆယ့်လေးရွာသို့ ရောက်မည်။ တောင်ပေါက် နှစ်ဆယ့်လေးရွာက ….. မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်နှင့် KNU ဒူးပလာယား ခရိုင်တို့ …. ပူးတွဲအုပ်ချုပ်သည့်ဒေသ ….။ မွန်၊ ကရင်၊ ဗမာ၊ ရှမ်း လူမျိုးများ နေထိုင်ကြသည်။ နအဖ ၏ ဖွဲ့စည်းအုပ်ချုပ်မှုအရက … ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်များအတွင်း ရှိမည်။
ဝင်းယော်ချောင်းကို ….. မြိုင်ကုန်းရွာအောက်နားမှ ကျနော်တို့ ဖြတ်ကူးကြ၏။ မြိုင်ကုန်းရွာက ဝင်းယော်ချောင်း၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည့် ရွာဖြစ်သည်။ အိမ်ခြေ ၃ဝ မျှသာရှိသည့် ကရင်ရွာငယ်လေး….။ မြိုင်ကုန်းရွာ၏ တဖက် ဝင်းယော်ချောင်း၏ အရှေ့ဘက်ကမ်းတွင်မူ …. လက်ဝါးဆိပ်ရွာ ရှိသည်။ လက်ဝါးဆိပ်ရွာက မြိုင်ကုန်းရွာနှင့် ဓားလွယ်ခုတ်ခန့်တွင် ရှိ၏။ ချောင်း၏ အောက်ဘက်သို့ နည်းနည်းကျမည်။ လက်ဝါးဆိပ်ရွာက ကမ်းနားပိုင်းနှင့် ရွာလယ်ပိုင်းဟူ၍ ၂ ပိုင်း ရှိသည်။ လက်ဝါးဆိပ်ရွာသို့ ကျနော်တို့ ရောက်၏။ ဆက်သွယ်ရမည့် အဆက်အသွယ်နှင့် ဆက်သွယ်သည်။ ဒေသခံအဆက်အသွယ်က …. ကျနော်တို့နေရမည့် နေရာသို့ လိုက်ပို့သည်။ ရွာ၏ အရှေ့ဘက်တွင်က …. တောင်မြောက်တန်းနေသည့် ကျောက်တောင်ကြီး ရှိသည်။ ကျောက်တောင်ကြီးက …. ပျဉ်ပြားတချပ်ကို ထောင်ထားသကဲ့သို့ ပြားပြားမတ်မတ် ….။ ရွာက တောင်မြောက်တန်းနေသည့် ရွာတန်းရှည်။ ရွာနှင့် ကျောက်တောင်က မျဉ်းပြိုင်အလား ပြိုင်၍ တန်းနေသည်။ ကျောက်တောင်တန်း၊ ရွာနှင့် ဝင်းယော်ချောင်းက ….. မျဉ်းပြိုင် ၃ ကြောင်း ဆွဲထားသကဲ့သို့ ….။ ကျနော်တို့က ရွာကို ခါးလယ်မှ ကန့်လန့်ဖောက်ထွက်ကြ၏။ ရွာလွန်သည်နှင့် ကြက်ပေါင်စေးခြံများက …. အုပ်အုပ်ဆိုင်းဆိုင်း….။ ဖြောင့်တန်းစွာ စိုက်ထားသည့် ကြက်ပေါင်စေးပင်များက စီစီရီရီနှင့် အမြင်တွင် လှ၏။ ရွက်ချင်းယှက်နေ၍၊ နေပြောက်ပင် မထိုးနိုင်..။ အေးစိမ့်သော အပွေ့အဖက်က တိုးဝင်လာသည်။ ကျောက်တောင်ခြေရင်းဆီသို့ တရွေ့ရွေ့….။
ကြက်ပေါင်းစေးခြံများ ဆုံးလျှင် …. မြစ်ကျိုးအင်းတခုက …. တောင်ခြေအစပ်နှင့် ကြက်ပေါင်းစေးခြံများအကြား၌ တားဆီး၍ထား၏။ မြစ်ကျိုးအင်းက ကိုက် ၅ဝ ခန့် ကျယ်မည်။ ရေက စိမ်း၍ကြည်သည်။ ရေသားကို ကြည့်ရသည်မှာ ရေစူးနက်မည့်အသွင် …..။ မြစ်ကျိုးအင်း၏ တဖက်တွင် …. တဲငယ်စုစုကို တွေ့ရ၏။ မြစ်ကျိုးအင်း၏ တဖက်ကမ်းရှိ တဲစုစုမှ လူတယောက် … ထွင်းလှေတစီးနှင့် ကျနော်တို့ဘက်ဆီသို့ လှော်လာ၏။ အင်္ကျီမပါ။ လုံချည်ကွင်းကို ခါးတောင်းမျောင်အောင် ကျိုက်ထား၏။ ညိုမောင်းသော အသားအရေသည် နေလောင်ထားသည့်အတွက် ကြေးနီရောင်တောက်၍နေသည်။ ဒူးဆစ်မှ ပေါင်းရင်းအထိ ထိုးကွင်းမင်ကြောင်တို့က အပြည့်…။ ကျနော်တို့ … ထိုလောင်းလှေနှင့် တဖက်ကမ်းသို့ ကူးခဲ့ကြ၏။
(ခ)
“ဒါ … နိုင်ဘလိလေ …”
“မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင်က ထောင်မှူးကြီး ….”
ကျနော်တို့အထဲမှ အရင်ရောက်နှင့်နေသည့် သူတဦးက မိတ်ဆက်ပေး၏။ ဤတွင် …. ကျနော်တို့ကို မြစ်ကျိုးအင်း၏ တဖက်ကမ်းမှ လှေနှင့် လာကြိုခဲ့သည့် သူမှာ …. ထောင်မှူး နိုင်ဘလိမှန်း သိရလေ၏။
နိုင်ဘလိက …. အသက် ၆ဝ ကျော်၍ ၇ဝ ပင် ပြည့်တော့မည်။ သန်မာဆဲ …..။ ကြွက်သားဆိုင်များနှင့် ပြည့်ပြည့်တင်းတင်းပင် …..။ ညိုညိုမောင်းမောင်းအသား….၊ ပုပုပြတ်ပြတ် အရပ်အမောင်းကြောင့် အရွယ်တင်သည်ဟု ပိုထင်ရ၏။ ဆေးတံအိုးက ပါးစပ်တွင် အမြဲခဲထားလျက် ….။ ကွမ်းစားဆေး၊ ဆေးတံဆေးတို့ကြောင့် နိုင်ဘလိ၏ သွားတို့က ညိုညိုညစ်ညစ်…..။
နိုင်ဘလိက မွန်တပ်ဦးခေတ်၊ မွန်လက်နက်ကိုင် တော်လှန်ရေး စတင်ကတည်းက …. လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့သည့် မွန်တော်လှန်ရေး တပ်သားကြီး …..။ ယခု သူနှင့် မြစ်ကျိုးအင်း၏ တဖက် …. တဲစုစုတွင် အတူနေထိုင်ရင်း ….. သူ၏ ရင်ခုန်သံကို နားစွင့်နေမိ၏။
(ဂ)
နိုင်ဘလိ၏ ထောင်က …. ထောင်နှင့်တူသည့် အဆောက်အဦးဟူ၍ …. '၄' '၂' လက်မများနှင့် စိတ်စိတ်ကာရံထားသည့် အဆောက်အဦးတခုသာလျှင် ရှိ၏။ ၁ဝ ပေ၊ ၁၂ ပေ၊ နှစ်ခန်းကို ရင်ကွဲဆောက်ထား၏။ အကျဉ်းသား ၁ဝ ဦးခန့်ထား၍ရမည့် အဆောက်အဦး…..။ အကျဉ်းကျနေကြသည့် အကျဉ်းသားတို့က မွန်ပြည်သစ်ပါတီ၏ တရားစီရင်မှုဖြင့် ပြစ်ဒဏ်ကျခံနေကြရသည့် သူများဖြစ်သည်။ နွားခိုးမှု၊ ဓားမြမှုတို့က များ၏။ လူသတ်မှုနှင့် ပြစ်ဒဏ်ကျခံနေရသည့် နှစ်ကြီးသမားတဦးလည်း ရှိသည်။ နှစ်ကြီးသမားတို့ကိုမူ ….. သံကြိုးနှင့် ခြေကျင်းခတ်ထား၏။
နေ့ဖက်တွင်မူ … မြစ်ကျိုးအင်းနှင့် ကျောက်ကမ်းပါးယံအကြား မြစ်ကျိုးကျွန်းပေါ်တွင် အကျဉ်းသားတို့ လွတ်လွတ်လပ်လပ်ပင် နေထိုင်ခွင့်ရ၏။ အကျဉ်းသားတို့၏ အလုပ်က ….မွန်ပြည်သစ်ပါတီခရိုင် ပညာရေးဌာနလက်အောက်ရှိ အလယ်တန်းကျောင်းဝင်းအတွင်း၌ သီဟိုဋ်ပင်စိုက်ခြင်းနှင့် ပြုစုရခြင်းပင်…။ ပြီးလျှင် …. ကျောင်း၏ ဘော်ဒါဆောင်စားဖိုအတွက် တနှစ်စာ ထပ်စုပေးရ၏။
ညတွင်မူ …. အကျဉ်းသားတို့ကို သစ်သားအချုပ်ဆောင်အတွင်းသို့ သွင်း၏။ အချုပ်သားများက အလှည့်ကျနှင့် ထမင်းချက်ရ၏။ ရိက္ခာကိုမူ နေ့စဉ် နိုင်ဘလိက ထုတ်ပေး၏။ ဆန်နှင့် ငပိ ….။ အပြင်ထွက် အလုပ်လုပ်ရန် အလုပ်ခွဲရာတွင်လည်း နိုင်ဘလိပင် ခွဲပေးရသည်။
ဤအတွက် ….. အချုပ်ထောင်၌ နိုင်ဘလိကား … သူသည်ပင် ထောင်ပိုင်၊ သူသည်ပင် ….ထောင်မှူးကြီး၊ သူသည်ပင် …. ထောင်မှူး၊ သူသည်ပင် ….. ထောင်ကြပ်၊ သူသည်ပင် …. ဝါဒါ ဟူ၍ တာဝန်များ ထမ်းဆောင်နေရသည်။ ဤမျှနှင့် မပြီးသေး …. လောင်းလှေတစီး၊ ပိုက်ကွန်တလက်နှင့် နိုင်ဘလိသည် မြစ်ကျိုးအင်းအတွင်း ငါးရှာပြီး ထောင်သားတွေကို အသားငါးရှာကျွေးသေး၏။
(ဃ)
နိုင်ဘလိ၏ ဇာတိက …. ကတိုး၊ ကော့နှပ်ဘက်က ဖြစ်သည်။ ၁၉၅၅ ခုနှစ်တွင် မွန်လက်နက်ကိုင် တော်လှန်ရေးအတွင်းသို့ နိုင်ဘလိ ဝင်ရောက်ခဲ့၏။ ထိုစဉ်က နိုင်ဘလိ၏ အသက်သည် ၁၇ နှစ်ခန့်မျှသာ ရှိမည်။ “မွန်အမျိုးသားတပ်ဦး” အဖွဲ့က မွန်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်၍ နေသည်။ “မွန်အမျိုးသားတပ်ဦး” ၏ ဥက္ကဋ္ဌက နိုင်အောင်ထွန်းဖြစ်ပြီး၊ အတွင်းရေးမှူးက နိုင်ကွန်ဒစ် ဖြစ်သည်။ နိုင်ရွှေကျင် (ယခုကွယ်လွန်၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ) ၊ နိုင်ငွေသိမ်း (ယခု ဒု-ဥက္ကဋ္ဌ၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့) ၊ နိုင်ဆိတ်နို့ (၁၉၈၉ ခုနှစ် ဘုရားသုံးဆူးစခန်း၊ တနှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနားတွင် မိန့်ခွန်းစကားမြွက်ကြားရင်း ကွယ်လွန်ခဲ့။ မွန်ပြည်သစ်ပါတီတွင် ဒု-ဥက္ကဋ္ဌ)၊ နိုင်ဘိုးစိန်၊ နိုင်ချမ်းမွန်၊ နိုင်ပန်းသာနှင့် ဟင်္သာမယ်ဒေါ်အမာတို့က …. မွန်အမျိုးသားတပ်ဦး၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များဖြစ်၏။
နိုင်ဘလိ မွန်တပ်ဦးသို့ ဝင်ရောက်ခဲ့ပြီးနောက် … နိုင်ရွှေကျင်၏ အဖွဲ့တွင် ရဲဘော်သစ်တဦးအဖြစ် တာဝန်ထမ်းဆောင်ရ၏။ နိုင်ရွှေကျင်သည်လည်း ကော့နှပ်သားပင်ဖြစ်၍ ကတိုးကော့နှပ်သားဖြစ်သည့် သူ့ကို ခေါ်ထားခြင်းဖြစ်သည်။ ထိုစဉ်က …. နိုင်ရွှေကျင်သည် အိမ်ထောင်မကျသေး….။ လူပျိုဘဝနှင့်ပင် ဖြစ်သည်။ ၁၉၅၈ ခုနှစ်၊ ဇူလိုင်လတွင် ဥက္ကဋ္ဌ နိုင်အောင်ထွန်း ဦးဆောင်သည့် မွန်အမျိုးသားတပ်ဦး၊ ‘လက်နက်နှင့် ဒီမိုကရေစီ’ လဲလှယ်လိုက်ကြသည့် အချိန်တွင် နိုင်ဘလိသည် နိုင်ရွှေကျင်နှင့်အတူ ရှိနေခဲ့၏။ ထိုစဉ်က ….. သူတို့အင်အားသည် တစ်ရာမျှပင်မပြည့်ချင်….။ နိုင်အောင်ထွန်းနှင့်အတူ လက်နက်ချသွားခဲ့ကြသည်က …. အင်အား တထောင်ကျော်မည်။ နိုင်ရွှေကျင်နှင့်အတူ ကျန်ခဲ့သည့်အင်အားက နည်းနည်း….။ လက်နက်က မပြည့်မစုံ….။ ဤအခြေအနေများကြားမှပင် မွန်အမျိုးသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းသစ်တခုကို နိုင်ရွှေကျင်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းနိုင်ခဲ့၏။
“မွန်ပြည်သစ်ပါတီ”……။
မွန်ပြည်သစ်ပါတီ ဖွဲ့စည်းပြီးခဲ့သည့်နောက် …. ဗဟိုကို ‘အဖလုံရွာ’ နားတွင် တည်၏။ လှုပ်ရှားမှုနယ်မြေက …. ဇမိမြစ်နှင့် ဝင်းယော်ချောင်းအကြားရှိ တောင်ပေါက်နှစ်ဆယ့်လေးရွာ…..။ လမ်းစဉ်မှန်သည့်အတွက် …. ပါတီက တဖြည်းဖြည်းနှင့် အင်အားကြီးမားခဲ့၏။
နောက်ပိုင်းတွင်မူ …. ဗဟိုကို ‘အဖလုံ’ မှ ‘ကရိန်းကန်း’ ….။ ပြီးလျှင် …. ‘ရေးချောင်းဖျား’ …. အသီးသီး ရွှေ့ပြောင်းခဲ့ကြ၏။ နိုင်ဘလိက …. လက်ရှိ မွန်အမျိုးသားလွတ်မြောက်ရေး လက်နက်ကိုင်တော်လှန်ရေး၏ မှတ်တမ်းစာအုပ်တအုပ်ပမာ ….။ သူ့၏ ရင်ခုန်သံတွင် …. မွန်ပြည်သစ်ပါတီအတွင်း နိုင်ဆိတ်နို့နှင့် နိုင်ရွှေကျင်အုပ်စုအကွဲကိုလည်း ကြားရ၏။ ဘုရားသုံးဆူနှင့် တောင်ပေါက်နှစ်ဆယ့်လေးရွာအတွင်း ဖြစ်ပွားခဲ့ကြသည့် မွန်၊ ကရင် လက်နက်ကိုင် ပဋိပက္ခများကိုလည်း ကြားရ၏။
အပစ်အခတ် မရပ်စဲမီကာလ …. ပွင့်လင်းရာသီရောက်၍ ရန်သူ၏ ထိုးစစ်ဆင်လာပြီဆိုပါက …. နိုင်ဘလိ၏ ထောင်သည် ယခုကဲ့သို့ နေ၍မရတော့….။ မွန်ပြည်သစ်ပါတီ၏ စစ်ကြောင်းနှင့်အတူ လိုက်ရ၏။
“လှုပ်ရှားထောင်”……။
ထိုအခါမျိုးတွင် …. သူ၏ ထောင်သားများနှင့်အတူ မောင်းပြန်ရိုင်ဖယ် ကိုင်ရင်း ထောင်မှူးကြီး နိုင်ဘလိသည် စစ်ပွဲအတွင်း ရောက်၍နေပြန်သည်။ ယမ်းငွေ့များအကြား ဗုံးသံများအလယ်၌ … နိုင်ဘလိသည် ပုဆိုးတိုတို ….. အင်္ကျီဗလာနှင့် ဆေးတံအိုး ခဲလျက် ….။ ညိုမောင်းသော အသားအရည်နှင့် ထိုးကွင်းမင်ကြောင်တို့က နေရောင်အောက်တွင် ကြေးနီရောင်အသွေးဆင်လျက်……။
ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်း ကြုံ၊ ခြအုံလည်း ဖြစ်
ဓားထစ်လည်း ခံ၊ နေလျှံလည်း တိုက်
လေပြင်း ခိုက်လည်း၊ မငိုက် ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်း ညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင် ယောက်ျားကောင်းတကား။ ။
(မင်းသုဝဏ်၏ 'ပျဉ်းမငုတ်တို' ကဗျာမှ)
Monday, November 16, 2009
ကွန်ဖက်ရှင်အော့ဖ် သ ပေသီး (ချက်ပတာ-တူး)
ကျွနိုပ် ကိုပေသီးကလည်း အနောက်တိုင်းသားတို့ ယမကာ မှီဝဲစဉ် တဦးကိုတဦး အသိအမှတ်ပြု နှုတ်ဆက်သလို ပုံဟန်မျိုးဖြင့် ချိုရဲ ပျစ်နှစ်နေသော လက်ဖက်ရည်ခွက်ကို မြှောက်ကာ “ဟိုင်း ယူ ..လောင်းတိုင်း နိုးစီး”ဟု ခွပ်လက်ချပြီးကာစ တိုက်ကြက်ဖ ကဲ့သို့ ရင်ဘတ်ကို မောက်၍ အားကျမခံပြန်၍ နှုတ်ဆက်လိုက်၏။ ထို့နောက်တွင်ကား ရိုမီယိုမောင်မောင်က ခွေးခြေပုကလေးတလုံးကို ဆွဲယူပြီးသကာလ ကျွန်ုပ်တို့အပေါင်းအဖော်များထဲ၌ နှံ့နှံ့စပ်စပ်လည်းရှိ၊ စကားပြောလည်းကောင်း၊ အလုပ်မယ်မယ်ရရ မရှိသော်လည်း သူ့ဟာနှင့်သူ အဆင်ပြေ စိုပြေနေသည့် နောက်တိုး၏ ဘေးတွင် ထိုင်လိုက်၏။
အနှီ နောက်တိုးသည်ကား နှယ်နှယ်ရရ နောက်တိုးမဟုတ်။ ကျွန်ုပ်တို့တမြို့လုံးက ယခုလို မိုးအကုန်ဆောင်းအကူး ကာလဆိုလျှင် လော်စပီကာမှ အော်ဟစ်ပြောဆိုတတ်သော နောက်တိုး၏အသံကို အရေးတယူ လုပ်၍ နားထောင်ရမြဲဖြစ်၏။
အသို့နည်းဟူမူ နောက်တိုးသည်ကား ‘မီးကင်းရေးရာ ကျွမ်းကျင်သူ’ ဖြစ်သောကြောင့်ပေတည်း။ နောက်တိုးနှင့် မျက်နှာချင်းဆိုင်တွင် လက်ဖက်ရည်ကြမ်းပန်းကန်လုံးထဲ လက်ညှိုးထည့်လိုက်၊ စားပွဲပေါ်တွင် ထိုလက်ညှိုးဖြင့် စာရေးလိုက်ဖြင့် အလုပ်များနေသော မောင်လှပုသည်လည်း ခေသူတော့မဟုတ်။
မောင်လှပုတို့က ငွေနှင့်ကြေးနှင့် အလုပ်နှင့်အကိုင်နှင့် တမြို့လုံးတွင် တလုံးတည်းရှိသော စာပုံနှိပ်တိုက်ပိုင်ရှင်ဖြစ်၏။ သူ၏ဖခင်သည်လည်း အီစမန်ကျော်သူရ၏ ဖခင်ကဲ့သို့ပင် မွန်ပြည်နယ်တွင် တာဝန်ကျဖူးသော အရာရှိတဦးဖြစ်၍ ရဲစခန်းမှူးတယောက်ဖြစ်ပေ၏။ ထိုသို့ တာဝန်ကျနေစဉ်သကာလ တခုသော သင်္ကြန်အခါတွင် သူ၏မိခင်ဖြစ်သူက ဒုလ္လဘ ရဟန်းခံပွဲတွင် ရေးမြို့နယ်မှ တက္ကသိုလ်ကျောင်းတိုက်တွင် သာမဏေဘောင်သို့ သွပ်သွင်းပေးခဲ့ဖူးသည်ဟုဆို၏။
မောင်လှပုတို့က ကြုံလျှင်ကြုံသလို သူ၏ လိပ်စာကတ်ကိုလည်း စကားတခါနှစ်ခါ ပြောဖူးသူဖြစ်ယုံမျှနှင့် မရအရ ထိုးပေးလေ့ရှိ၏။ ထို လိပ်စာကတ်ကိုကြည့်လိုက်လျှင် ‘မောင်လှပု (ရေးတက္ကသိုလ်)’ ဟု အဘယ်အကြောင်းကြောင့်မသိ အမြဲထည့်သွင်းလေ့ရှိပြန်ပေ၏။
မောင်လှပု၏ ဘေးတွင် မေးစိကိုပွတ်လျက် ကောင်းကင်ကို မော့ကြည့်ပြီး လေးလေးနက်နက် စဉ်းစားနေဟန်ရှိသော ကိုဟန်မောင်ကတော့ ဆောင်းကာလရောက်လျှင် တမြို့လုံးက အားကိုးနားထောင်ရသော သူတယောက်ဖြစ်ပေ၏။ အဘယ်ကြောင့်ဆိုသော် ကိုဟန်မောင်က ဘေထုတ်အရေးနှင့်ပါတ်သက်လျှင် နှံ့စပ်သူ ဖြစ်သကဲ့သို့ တမြို့လုံးကလည်း ယခုအခါ ကိုဟန်မောင်ဟေ့...ဟု ပြောလိုက်လျှင် ‘သြော် ..ဘေထုတ်အရေးလေ့လာသူပေါ့...’ ဟု ချက်ချင်း သိနေကြတော့၏။
တကယ်တော့ ကိုဟန်မောင်နှင့် နောက်တိုးတို့နှစ်ယောက် ‘ကျွမ်းကျင်သူများ’၊ ‘လေ့လာသူများ’ဘဝသို့ အလိုအလျောက်ရောက်သွားရသည့် အရင်းခံသည်ကား မြို့ပေါ်မှ ထီဆိုင်များ၏ လက်ချက်ဖြစ်တော့ပေ၏။
မြို့နေလူထုကြီးတရပ်လုံး၏ သောတအာရုံကို နည်းပေါင်းစုံဖြင့် ဆွဲယူဖမ်းစားရန်အတွက် ထိုထီဆိုင်များတွင် အင်မတန်ကျယ်လောင်သော လော်စပီကာကြီးများ ရှိကြသည့်ကောင်းမှုဖြင့် ကျွန်ုပ်၏ ငယ်ပေါင်းကြီးဖော် နှစ်ယောက်မှာ မူလ အာဘောင်အာရင်းသန်မှုကလည်းရှိ၊ သူတို့ကိုယ်သူတို့ နှံ့စပ်နားလည်သူများဟုလည်း အတင်းရော အဓမ္မရော လက်ခံအသိအမှတ်ပြုထားသူများလည်းဖြစ်ကြပြန်ပေရာ ယောင်တောင်ပေါင်တောင်ဖြင့် မြို့နေလူထုကြီးတရပ်လုံးကလည်း လော်စပီကာသံကြားလျှင် ထိုနှစ်ယောက်၏ ဟောပြောတွက်ဆချက်များအား အပျင်းပြေ နားထောင်နေကျ ဖြစ်ပေတော့၏။
အနှီအချက်အလက်များအရ ဤလက်ဖက်ရည်ဝိုင်းကလေးကိုကြည့်လျှင်ပင် မြို့နေ ပြည်သူလူထုကြီးတရပ်လုံးက ကျွန်ုပ် ကိုပေသီးသည် မည်ကဲ့သို့သော အထင်ကရပုဂ္ဂိုလ်တဦး ဆိုသည်ကို အော်တိုမစ်တစ် ရိပ်မိလောက်ပြီဖြစ်ပေသည်။
ကျွန်ုပ်မောင်ပေသီး၏ မိမိ၏အဆင့်နေရာနှင့် လူရာဝင်မှုအပေါ် ပီတိအဖြာကြီးဖြစ်လျက် မိန့်မိန့်ကြီး ကျေနပ်နေစဉ်တွင် ကျွန်ုပ်၏ တူတော်မောင်ဖြစ်သော ဂျပ်စတင်ညှက်စိတယောက် လူနှစ်ယောက်ဝင်အိပ်လျှင်ပင် ချောင်ချိနေသေးမည်ဖြစ်သည့် တီရှပ်အကျီ င်္အပွကြီးနှင့် သိုးမွေးခေါင်းစွပ် နက်ပြာကြီး ခေါင်းပေါ်တစောင်းစွပ်ကာ ငယ်ငယ်ရွယ်ရွယ်နှင့် လေဖြတ်နေသောသူတယောက် မစင်ကိုင်မိလာသည့်ပုံစံဖြင့် စောင်းငန်းစောင်းငန်း ကျွန်ုပ်တို့လက်ဖက်ရည်ဝိုင်းသို့ ရောက်လာ၏။ လည်ပင်းတွင်လည်း သော့ခလောက်ကြီး ရွှေချဆွဲထားသေး၏။
ညှက်စိသည် ကျွန်ုပ်၏ ဘေးတွင် လာရပ်လျက် "မိုင်မားသားစ် ဘရားသား ... အကြွေလေး ငါးထောင်လောက် ချွေတာစမ်းပါ" ဟု ပေါင်ရင်း ခါချဉ်ကိုက်သကဲ့သို့ ဟန်ပန်မူရာဖြင့် မုန့်ဖိုးတောင်းလေတော့၏။
၊အန်ထော်နီ ပေသီး၊
ဆက်ရန်
Saturday, November 14, 2009
ကွန်ဖက်ရှင်အော့ဖ် သ ပေသီး (ချပ်ပတာ ဝမ်း)
ကျွန်ုပ်သည် ‘ပေသီး’ဟူသော အမည်သညာဖြင့် လူဖြစ်လာလင့်ကစား အကယ်တန္တုတွင်မူ ခပ်ပျော့ပျော့ လက်လွယ်လွယ် ဂျင်းလတဲမင်းဆိုသော ပုဂ္ဂိုလ်တဦးသာဖြစ်ပေ၏။
တနေ့သားတွင် ကျွန်ုပ် ကိုပေသီးသည် နိစ္စဓူဝ ပြုမူလေ့ရှိသည့်အတိုင်း မြို့လည် လက်ဖက်ရည်ဆိုင်သို့  ကျွန်ုပ်၏ ဘွားအေကို တဖက်သတ် မေတ္တာရှိခဲ့ဖူးသည့် မြို့အုပ်ဟောင်းကြီး မသေခင် သူ့မြေးမနှင့်ကျွန်ုပ် မောင်ပေသီး မေတ္တာမျှခဲ့ဖူးချိန်တွင် အမွေပေးခဲ့သော ဒုတိယကမ္ဘာစစ်လက်ကျန် စီးတော် ဘီအက်စ်အေကြီးကို ဟန်ပါပါခွလျက်
မီးခိုးလုံးများ တဘုန်းဘုန်း ထွက်လာအောင် ဟန်ရေးပြရင်း ကျွန်ုပ်တို့ဇာတိရပ်ရွာတွင် ကျွန်ုပ် ကိုပေသီးလောက် ပေါ်ပြူလာဖြစ်သူ လောကဓါတ်ပညာ တတ်သူ မရှိပါကလားဟု အမှန်ကိုအမှန်အတိုင်း ဆင်ခြင်မိသည့် စိတ်နေစိတ်ထားတခု အထင်အရှားဖြစ်ပေါ်လာပေတော့၏။
ဖုံတထောင်းထောင်း ကတ္တရာလမ်းအဟောင်းကြီးပေါ်တွင် မြင်းအိုကြီး ဆွဲသော မြင်းလှည်းနှင့်အပြိုင် ကျွန်ုပ်ထက် အသက်သုံးပြန်လောက်ကြီးသော ဘီအက်စ်အေ ဆိုင်ကယ်ကြီးထံမှ ဖုန်းဒိုင်းဖုန်းဒိုင်းအသံများက လမ်းအဟောင်းကြီးပေါ်တွင် အောင်ဘာလေ ထီသည်၏ လော်စပီကာသံကိုပင် လွှမ်းမတတ် ဆူညံသွားစေတော့၏။
မြို့လည် ဈေးပါတ်ဝန်းကျင်တွင် စိနတိုင်းမှာ လှိမ့်ဝင်လာသော ဆိုင်ကယ်စဉ်မမီသည့် ဆိုင်ကယ်များ၊ အယုဒ္ဒယတိုင်းမှ မြစ်ကူးလာသော ထမီဝတ်သည့် ဣထိယများနှင့် ပုဆိုးဝတ်သည့် ပုရိဿများ အခက်အခဲမရှိ ခွရန် အဆင်ပြေသည့် ဆိုင်ကယ်များသည်လည်း ပျားပန်းခတ်မျှ တဝှီးဝှီးဖြစ်တော့သကိုး။
ကျွန်ုပ်လည်း လက်ဘက်ရည်ဆိုင်ဘေး ကာကာကွမ်းယာဆိုင်တွင် စီးတော် ဘီအက်စ်အေ မော်တော်ဆိုင်ကယ်ကြီးကို ရပ်၍ သေသေချာချာ ဒေါက်ထောက်ကာ ကွမ်းယာသည် ကာကာကုလားကြီးထံမှ ဆေးပေါ့လိပ် ၂ လိပ်၊ ကွမ်းယာ ၄ ယာ ဝယ်ရုံမက ကွမ်းသီး တခြမ်း အလကားတောင်းယူလိုက်၏။
ယင်းသို့သကာလ မြို့လည် လက်ဘက်ရည်ဆိုင်နှင့်မလှမ်းမကမ်း ဘော်လီဘောကွင်းတွင်ကား မြို့နယ်ချန်ပီယံ ဘော်လီဘောလက်ရွေးစင်ဖြစ်ဖူးသော ကျွနိုပ်၏ ညီတော်မောင်သည် ခါးတောင်းကို ပြောင်အောင်ကျိုက်၍ တယောက်ချင်း ဘောလီဘော စိမ်ခေါ်ပွဲကို ဆင်နွှဲနေသည်မှာ နေမျိုးနွယ်တို့ နိပွန်ပြည်မှ ဆူမိုနပန်းသမားကြီးများကဲ့သို့ ဖြစ်ပေတော့၏။
ကျွန်ုသည် လမ်းထောင့်နှင့် အလွန်တရာ နီးကပ်သော စားပွဲတလုံးတွင် ရောက်နှင့်နေပြီးဖြစ်ကြကုန်သည့် ငယ်ပေါင်းကြီးဖော် သူငယ်ချင်းများရှိရာသို့  ဆေးပေါ့လိပ် ထိပ်ကို ကိုက်ဖွင့်ပြီး မီးညှိရင်း ခွေးခြေတလုံးဆွဲကာ ဝင်ထိုင်လိုက်၏။
အနှီသူငယ်ချင်းတို့သည်ကား လတ်တလော တိုင်းပြည်ရေးရာ ကိစ္စရပ်များကို အာဘောင်အာရင်းသန်သန် ဆွေးနွေးနေကြ၏။
ထိုအထဲတွင် အသံအကျယ်ဆုံးနှင့် အငြင်းအသန်ဆုံးသူကတော့ ၁၉၈၈ အရေးအခင်းပြီးလျှင်ပြီးချင်း စစ်အာဏာရှင်ကို လက်နက်ဆွဲကိုင် တော်လှန်မှဖြစ်မည်ဟု သံဓိဋ္ဌာန်ချလျက် အပေါင်းအသင်းအားလုံးကို နှုတ်ဆက်ကာ သူ့မိခင် ဆန်ကုန်သည်
အဘွားကြီးအား သူသေသည့်သတင်းကြားလျှင် သပိတ်မသွပ်ရန်၊ ကျွန်ုပ်တို့အားလည်း ရဲရင့်ပြောင်မြောက်စွာ စစ်အာဏာရှင်ကို ဆန့်ကျင်သင့်သည်ဖြစ်ကြောင်း တရားဟော၍ ထွက်ခွာသွားခဲ့သည့်သူ ဖြစ်၏။ ထို့နောက် မကြာမတင်ကာလတွင်ပင် လေယာဉ်ပျံကြီးစီးကာ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ၏ ကြောင်နာ ကြွက်ကိုက်မျက်နှာပေးဖြင့်… “သားသား မှားပါတယ်၊ တပ်မတော်ရဲ့ သဘောထားအမှန်တွေ ခုမှသိပါပြီ”ဟု ပြောခဲ့သည့် ထုတ်လွှင့်မှုသည် တနိုင်ငံလုံးတွင် တခုထဲ ရှိဖူးသော တယ်လီဗွီးရှင်းအစီအစဉ်မှ သတင်းကဏ္ဍတခုတွင် ပါခဲ့ဖူးသလို ထိုကာလမှစ၍ သူ့ကိုယ်သူ နိုင်ငံခြားပြန်တယောက် ဖြစ်ကြောင်း ကြုံလျှင်ကြုံသလို ကြွားတတ်သည့်သူ ဖြစ်ပြန်ပေ၏။
တယ်လီဗွီးရှင်းမှ ပါဖူးသူဆို၍ တမြို့လုံးတွင် သူတယောက်တည်းဖြစ်ပြန်သည်ဖြစ်ရာ ထိုကိစ္စကိုလည်း ရံဖန်ရံခါ သူ့ကိုယ်သူ ဆယ်လီဘရစ်တီဆန်ဆန် ပုံဖော်၍ ကြွားတတ်ပြန်ပေ၏။ ကျွန်ုပ်မောင်ပေသီး အနေဖြင့်မူ မည်သည့်အကြောင်းအရာကိုမျှ ဝင်ရောက်ဆွေးနွေးခြင်းမပြုဘဲ ဘိုဆန်ဆန်ပင် ကျောက်ပန်းတောင်းတခွက်ကို မလိုင်များများ ထည့်ပေးရန် အသက်ဆယ့်နှစ်နှစ်အရွယ် စားပွဲထိုးကလေးအား မှာလိုက်၏။
သူငယ်ချင်းများက ၂၀၁၀ ရွေးကောက်ပွဲအကြောင်း၊ ၂၀၀၈ နာဂစ်မုန်တိုင်းကာလတွင် ဗြောင်ကျကျပင် ရပ်ကွက်မီးလောင်ချိန် ဘုရားဌာပနာတိုက် ဝင်ဖောက်မှုနှင့် ထပ်တူညီသော ဆန္ဒခံယူပွဲအကြောင်း၊ ဆက်လက်ဆွေးနွေးနေချိန်တွင်ကား ကျွန်ုပ်တို့တအုပ်လုံးထဲတွင် သိုးဆောင်းဘာသာစကားကို (ကျွန်ုပ် ကိုပေသီးမှလွဲလျှင်) ဂျွန်းပြန်အောင် တတ်သော ရိုမီယိုမောင်မောင်ဆိုသည့် သူငယ်ချင်းသည် သူ၏ ခန့်ညား ပြောင်လက်သော ကားကြီးပေါ်မှ ဆင်းလာတော့၏။
မောင်မောင့် နာမည်အား ရိုမီယိုမောင်မောင်ဟု သူ၏ဖခင်ဖြစ်သော ဗိုလ်မှူးဟောင်း ဦးလှမောင်က ကင်ပွန်းတပ်ခဲ့သည်မှာ ကမ္ဘာကျော်စာရေးဆရာကြီး ဝီလျန် ရှိတ်စပီးယား၏ ဝတ္တုကြီးမှ ကာလနာတိုက်သွားသော ရိုမီယိုနှင့် ဂျူးလိယက်ကို ကြိုက်လွန်းသဖြင့်လည်း ဖြစ်တန်ရာ၏။
သို့မူတကား အထက်တန်းကျောင်းသားဘဝတုန်းက မွန်ပြည်နယ်မှ ကျွန်ုပ်တို့မြို့အား ပြောင်းလာသော ဘူတာရုံပိုင်ကြီး၏သား၊ ဘုန်းကြီး နှစ်ခါထွက်ပြီးသကာလ ရသေ့ ဝတ်ပြီးနောက် အမဲအူသုတ်ရောင်းသော ကုလားမလေးနှင့် ခိုးပြေးကာ ယခုအခါ မြို့ကျက်သရေဆောင် ဗလီလူကြီးထဲမှ တဦးဖြစ်နေသော အီစမန် (ခေါ်) ကျော်သူရက ရိုမီယို ဆိုသည်နှင့် လူမမြင်ဖူးသေးဘဲ ရည်းစားစာ လိုက်ပေးရန် ကြိုးပမ်းခံခဲ့ရသည့်အထိ စွံခဲ့သော မောင်မောင်ဖြစ်ပေတော့၏။ အသို့ဖြစ်ရနည်းဆိုသော် အီစမန် ကျော်သူရက ဂျပန်မကလေးများဆိုလျှင် အသေရရ အရှင်ရရ ကြိုက်နှစ်သက်တော်မူသော စိတ်သဘာဝရှိပြီး ကျွန်ုပ်တို့ခေတ် ပိုစတာများတွင် ‘မိုမိုကို’ ဆိုသော အချောအလှပဂေး ဂျပန်မကလေး၏ ရုပ်ပုံကားချပ်များ အပြည့် သူ၏အိပ်ခန်းတွင် ရှိခဲ့ဖူးသူဆိုပေ၏။ သို့ဖြင့် ရိုမီယို ဆိုသည့်အမည်သညာအား အီစမန်ကျော်သူရအနေနှင့် ဂျပန်မကလေးများ၏ နာမည်နှင့် တူသယောင်ရှိတော်မူသည့်အပြင်၊ ယင်းကာလတွင် ဂျပန်နာမည်လိုလို တိုင်းရင်းသူ နာမည်လိုလိုနှင့် ရေးသားထုတ်ဝေနေသော အပျော်ဖတ် ဘုတ်အုပ်ဆရာမ သို့မဟုတ် ဆရာများကလည်း နာမည်ကြီးလှပေဆိုတော့ကာ ခပ်ဟော့ဟော့ ခပ်ပျံပျံ ကျောင်းသူကလေး တယောက်ဟု အထင်ရှိဟန်ဖြစ်ပုံရပေ၏။
အနှီ ရိုမီယိုမောင်မောင်သည် ကျွန်ုပ်အား မြင်လျှင် သူ၏ အနီရောင် လျှာထိုးဦးထုတ်အား ချွတ်ကာ… “ဟိုင်း ... ဝှပ်စအပ်ပ်”ဟု နှုတ်ဆက်လိုက်လေ၏။
၊အန်ထော်နီ ပေသီး၊
……ဆက်ရန်ရှိသေးသည်……
Wednesday, August 12, 2009
Today AP News From My Protest
Myanmar's Suu Kyi says conviction 'totally unfair'
(AP) – 1 hour ago
YANGON, Myanmar — Myanmar opposition leader Aung San Suu Kyi called the verdict returning her to house arrest "totally unfair," but remains cheerful and alert, her lawyer said Wednesday.
Four of her lawyers were allowed to visit the Nobel Peace Prize laureate at her lakeside home for an hour to discuss an appeal of her conviction Tuesday on charges of violating the terms of her previous house arrest.
A Myanmar court found Suu Kyi, 64, guilty of sheltering an uninvited American visitor. Her sentence of three years in prison with hard labor was reduced to 18 months of house arrest by order of the head of the country's ruling military junta, Senior Gen. Than Shwe.
"Daw Aung San Suu Kyi said the conviction was totally unfair and the court's assessment of the case was not just," lawyer Nyan Win said. "Daw" is a term of respect for older women. Her defense had contended that it was the responsibility of the police guarding her house to keep out intruders.
The conviction, though expected, drew sharp criticism from world leaders and human rights groups, as well as promises of new European Union sanctions against Myanmar. Her detention will keep her from participating in the junta's planned elections next year, the first polls since 1990, when her party won overwhelmingly but was not allowed to take power.
Suu Kyi's defense team will appeal as soon as it receives a certified copy of the judgment from the district court, Nyan Win said.
The pro-democracy leader has been detained for about 14 of the past 20 years for her nonviolent political activities, but this was the first time she faced a criminal trial.
Suu Kyi had been under house arrest since 2003, but was taken to Yangon's Insein Prison in May for trial after American John Yettaw secretly swam to her house and spent two days there.
Yettaw was also convicted of violating the terms of her house arrest, as well as violating immigration laws and a ban on swimming in Inya Lake, on which Suu Kyi's house fronts. He was sentenced to seven years in prison with hard labor.
Suu Kyi was returned to her house Tuesday. Nyan Win said she was well and looked very happy to be home.
"She said she slept well last night," he told reporters. A new barbed-wire fence has been erected at the lakeside entrance to her home, where Yettaw entered.
Suu Kyi also told her lawyers she needed clarification from the authorities regarding the terms of her house arrest, regarding matters such as visitation rights and medical coverage.
Under the court's eight-point stipulation, Suu Kyi and two female companions who stay with her can receive visitors with prior permission from the authorities and have the right to medical treatment by doctors and nurses. Nyan Win said Suu Kyi wanted to know if she could be treated by her personal physician.
Her conviction and continued detention were condemned by world leaders and sparked demonstrations in cities from London to Japan on Tuesday. The European Union began preparing new sanctions against the country's military regime, and a group of 14 Nobel laureates, including the Dalai Lama and Archbishop Desmond Tutu, called on the U.N. Security Council to take strong action against Myanmar.
President Barack Obama called the conviction a violation of the universal principle of human rights and said Suu Kyi should be released immediately.
U.S. Secretary of State Hillary Rodham Clinton called for the release of more than 2,000 political prisoners, including Yettaw.
The country's state-run newspapers, which many in Myanmar normally don't bother to read, were sold out Wednesday with people eager to learn about the verdict.
"I am not surprised that (Suu Kyi) was sentenced to three years because that is what the government wants to do, keep her locked up during the elections," said Soe Nyunt, a 34-year-old grocery shop owner.
"It was at least a relief that Daw Suu is kept in her house. I had thought the government would keep her inside Insein Prison," said Moe Moe, a 45-year-old school teacher.
Copyright © 2009 The Associated Press. All rights reserved.
Saturday, August 1, 2009
ဗိုလ်မှူးကြီးဗထူး....အပိုင်း(၂)
(စ)
၁၉၄၅ခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း၌ မြေအောက်ကွန်မြူနစ်ပါတီ၏ ပါတီကွန့်ဖရင့်အား ကျင်းပခဲ့သည်။ မြေအောက် ကွန်မြူနစ်ပါတီသည် ၁၉၄၄ခုနှစ် ဇန်န၀ါရီလအတွင်းက ကျိုက်လတ်မြို့နယ် “ညောင်ချောင်း”ရွာကလေးတွင် ပါတီကွန်ကရက်အား ကျင်းပပြုလုပ်ခဲ့ပြီး တစ်နှစ်အကြာတွင် ပါတီကွန်ဖရင့်အား ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ ကွန်ဖရင့်က…. ပါတီ၏ ရေရှည်လုပ်ငန်းစဉ်များအား ချမှတ်ခြင်း၊ ဗဟိုကော်မတီအား ရွေးချယ်ခြင်းများအား မပြုလုပ်။ မချမှတ်သော်လည်း လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စည်းရုံရေး၊ စစ်ရေး အခြေအနေများအရ လက်ငင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေး ချမှတ်သွားရန်ဖြစ်သည်။
ကွန်ဖရင့်အား ရန်ကုန် (R.E.T) အဆောက်အဦးတွင်ပင် လျို့ဝှက်ကျင်းပ၏။ သခင်စိုးကမူ မတတ်နိုင်။ သခင်သန်းထွန်းက ကွန်ဖရင့်အား ဦးဆောင်၍ကျင်းပသည်။ လက်နက်ကိုင်လုံခြုံရေး အစောင့်များချ၍ ပြုလုပ်ရသော ကွန်ဖရင့်ဖြစ်သည်။ ကွန်ဖရင့်သို့တက်ရောက်သည့် ကိုယ်စားလှယ်များတွင်လည်း သေနတ် တစ်လက်စီနှင့်….။
ထိုကွန်ဖရင့်သို့ ဗိုလ်မှူးဗထူးလည်း တတ်ရောက်၏။ ကွန်ဖရင့်တွင်…. ဗိုလ်မှူးဗထူးက သူတာဝန်ယူ ဆောင်ရွက်ခဲ့သည့် အထက်ဗမာပြည်ဖက်ဆစ် ဆန့်ကျင်ရေး မြေအောက်စည်းရုံးမှု အခြေအနေများနှင့် မဟာမိတ်များနှင့် ဆက်သွယ်ဆောင်ရွက်ထားမှုတို့အား အစီရင်ခံ၏။ ပြီးလျှင် …..
“သူတာဝန်ယူ ဆောင်ရွက်သော အမေရိကန်စစ်တပ်များနှင့် ဆက်သွယ်ရေးကိစ္စတွင် စတင်ဆက်သွယ်မိပြီ ဖြစ်ကြောင်း၊ မြစ်ကြီးနားဖက်ရှိ အမေရိကန်စစ်တပ်ရှိရာသို့ ကိုလှ(တောခိုသေဆုံး)၊ ကိုဝင်းမောင် (စာရေးဆရာကျော်ဝင်းမောင်)၊ ကိုအေးဝင်း(ဒု-ဗိုလ်မှူးကြီးဟောင်းအေးဝင်း) တို့ကို စေလွှတ်ခဲ့ကြောင်း၊ အမေရိကန်တပ်များနှင့် ဆက်သွယ်မိပြီး အမေရိကန်တပ်ဖွဲ့ (၁၀၁)က ဖတပလ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း သူတို့အထဲသို့ အထက်ဗမာပြည် ဖတပလအဖွဲ့မှ ခေါင်းဆောင်တစ်ယောက်ကိုခေါ်ယူခဲ့ရန် ကိုဝင်းမောင်နှင့် ကိုလှကို နှစ်လမ်းခွဲ၍ စေလွှတ်ခဲ့ကြောင်း ရွှေဘိုဖက်မှ ကုန်းလမ်းခရီးအတိုင်း မန္တလေးသို့ လာသော ကိုဝင်းမောင်မှာ မင်းကွန်းတွင် စစ်ကိုင်းကင်ပေ၏ ဖမ်းဆီးခြင်းကိုခံရပြီး ထွက်ပြေး လွတ်မြောက်လာကြောင်း ထိုကိုလှက ရဲဘော်နှစ်ယောက်နှင့် အတူ နောင်ချိုနယ်အတွင်း လေထီးဖြင့် ဆင်းခဲ့ကြပြီး အထက်ဗမာပြည် တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိလာကြကြောင်း၊ ကိုဝင်းမောင်၊ ကိုလှတို့နှင့်အတူ ပျဉ်းမနားမှ သခင်ဖေတင့် (ယခုတောခို ကွန်မြူနစ်ခေါင်းဆောင်)ကို အမေရိကန်တပ်များနှင့် ဆက်သွယ် ဆွေးနွေးရန် စေလွှတ်လိုက်ပြီဖြစ်ကြောင်း တင်ပြဆွေးနွေးပါသည်”
အသီးသီး လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအစီရင်ခံစာများအား ဆွေးနွေးကြပြီးနောက် ကွန်ဖရင့်တွင် အိန္ဒိယမှ ကိုသိန်းဖေ (စာရေးဆရာသိန်းဖေမြင့်) ရေးပို့လိုက်သည့်
“ဖက်ဆစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးသို့” စာတမ်းအား ဆွေးနွေးကြ၏။ စာတမ်း၏ အနှစ်သာရက …..
“ဖတပလအဖွဲ့ဝင်များနှင့် မြန်မာပြည်သူများသည် ဖက်ဆစ်ဂျပန်များကို မြန်မာနိုင်ငံက တိုက်ထုတ်ပြီး မြန်မာနိုင်ငံအား ဖက်ဆစ်ကျွန်ဘ၀မှ လွတ်မြောက်စေရန် မဟာမိတ်တပ်များ ပြန်ရောက်လျှင် ရောက်ချင်း ဥပဒေအတွင်း တိုက်ပွဲများ ဆင်နွှဲရန်အတွက် လူထုအဖွဲ့အစည်းများထူထောင်ရမည်။ ထိုအခါတွင် လက်နက်ကိုင်တော်လှန်ရေးကာလ ကုန်ဆုံးပြီး ဥပဒေအတွင်း ပြန်လည်ထူထောင်ရေးကာလ အစပြုလာမည်။ ထိုကြောင့် လွတ်လပ်ရေးအတွက် ပြည်သူ့ညီညွှတ်ရေး တပ်ပေါင်းစုကြီးကို ကျယ်ပြန့်အောင် တိုးချဲ့ဖွဲ့စည်းပြီး လူတန်းစား အဖွဲ့အစည်းများကိုလည်း တဖက်က ဖွဲ့စည်းရမည်။ လူထုလုပ်ငန်းများ လုပ်ရမည်။ လူထုလုပ်ငန်းများ လူထုတိုက်ပွဲများဖြင့် လူထုအဖွဲ့အစည်းများ၏ နိုင်ငံရေးစည်းရုံးမှု အင်အားဖြင့် လွတ်လပ်ရေးကို အရယူရမည်” ဟူ၍ဖြစ်သည်။ ကိုသိန်းဖေ၏စာတမ်းနှင့် ပတ်သတ်၍ ဗိုလ်မှူးဗထူးက ကွန်ဖရင့်တွင် ဆွေးနွေးခဲ့၏။
“ဤစာတမ်းမှာ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ပြီးမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ယခုလောလောဆယ်ဆယ် ပြဿာနာမှာ ဗမာ့မြေပေါ်တွင်ရှိနေဆဲဖြစ်သော ပြည်သူလူထုကို ညှင်းဆဲ နှိပ်စက်နေဆဲဖြစ်သော ဖက်ဆစ်ဂျပန်တို့ကို မည်သို့တော်လှန်တိုက်ခိုက်ကြမည် တော်လှန်တိုက်ခိုက်ရာတွင် တပြည်လုံး၊ တပြိုင်တည်း ထချကြမည်လော၊ သို့မဟုတ် စစ်မျက်နှာအလိုက် တဆင့်ပြီးတဆင့် တော်လှန် တိုက်ခိုက်ကြမည်လော ဆိုသည်ကို အလေးပေးဆွေးနွေးသင့်ကြောင်း တင်ပြပါသည်” ဗိုလ်မှူးဗထူး၏ ဆွေးနွေးချက်အား ကွန်ဖရင့်သည် အလေးထားစဉ်းစားစရာဖြစ်လာ၏။
ဖက်ဆစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးသို့ စာတမ်းက Day Two လုပ်ငန်းစဉ်များဖြစ်နေပြီး ယခုလတ်တလော ရင်ဆိုင်နေရသည့် ဖက်ဆစ်ဂျပန်တို့အား လက်နက်ကိုင်တော်လှန်ရေးနှင့် လက်ရှိဗမာပြည် စစ်မျက်နှာ အခြေအနေ…. ဤသည်က …. ဒီနေု့လုပ်ငန်း….။ Day One ….။
ကွန်ဖရင့်သို့ ဗိုလ်မှူးဗထူးသည် ဗမာပြည်၏ လက်ရှိစစ်ရေးအခြေအနေများအား ရှင်းပြ၏။ “ဗမာပြည် စစ်မျက်နှာအခြေအနေမှာ ထိုးစစ်ဆင်လာသော မဟာမိတ်တပ်များသည် ယခုအခါ ပခုက္ကူမြို့ကိုသိမ်းယူပြီး မြင်းမူနှင့် ပခုက္ကူအကြား ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံ ဒေသတ၀ိုက်တွင် စုရုံးလျက်ရှိနေလေသည်။ မန္တလေးမြောက်ဖက် စစ်မျက်နှာတွင်လည်း သပိတ်ကျင်းနှင့် မတ္တရာ စကျင်နယ်တ၀ိုက်တွင် တပ်အင်အားစုရုံး၍ မန္တလေးမြို့သို့ ချီတက်တိုက်ခိုက်ရန် တာစူလျက်ရှိနေလေသည်။
ဖက်ဆစ်ဂျပန်တပ်များကလည်း တောင်ဖက်စစ်မျက်နှာဖြစ်သော ရေနံချောင်းမှ မြင်းခြံ၊ စစ်ကိုင်းဒေသများတွင် တပ်အင်အားစုရုံးလျက်ရှိပြီး မဟာမိတ်တပ်များကို ဧရာဝတီမြစ် ဖြတ်မကူးနိုင်ရန် အလုံးအရင်းဖြင့် တွန်းလှန် တိုက်ခိုက်ရန် စီစဉ်လျက်ရှိလေသည်။ မန္တလေးမြို့သို့ရှေ့ရှုတိုက်ခိုက်လာသော သပိတ်ကျင်းဖက်မှ မဟာမိတ် စစ်ကြောင်းကိုလည်း မန္တလေးမြို့မြောက်ဖက်က ခုခံတိုက်ရန် ဂျပန်တို့က ပြင်ဆင်လျက်ရှိလေသည်။
ဤသို့ရှိနေသော စစ်အခြေအနေတွင် ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေးသမားများအနေဖြင့် ဖက်ဆစ်ဂျပန် တော်လှန်ရေးကို မည်သို့ဆင်နွှဲမည်နည်း။ ဤပြဿနာကား အပူတပြင်း ပြဿနာဖြစ်နေပေသည်”
ဗိုလ်မှူးဗထူး၏ တင်ပြဆွေးနွေးသော အချက်များက အရေးကြီးလှ၏။ ကွန်ဖရင့်သည် ထိုကိစ္စအား အချိန်ယူ၍ ဆွေးနွေးကြသည်။ ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်အဖွဲ့များမှ စစ်မျက်နှာအခြေအနေအရ လက်နက်ကိုင် တော်လှန်ရေး …..။ ပြီးလျှင်… ဗမာ့တပ်မတော်မှ လက်နက်ကိုင်တော်လှန်ရေး ……။
(ဆ)
၁၉၄၅ခုနှစ်၊ မတ်လ (၂၄)ရက်။
“ဥရု”မြစ်ရိုးတစ်လျှောက်နှင့် အာသံ-မဏိပူရ နယ်များမှ ရလာသော ငှက်ဖျားရောဂါကြောင့် ဗိုလ်မှူးဗထူးသည် အထက်ဗမာပြည် တိုင်းစစ်ဌာနချုပ်သို့ မပြန်နိုင်သေး….။ ရန်ကုန်မြို့လောင်းဝစ်လမ်းရှိ စစ်ဆေးရုံတွင် တတ်ရောက်၍ ကုသမှုခံယူနေရသည်။ ငှက်ဖျားရောဂါက သက်သာပျောက်ကင်းစပြုပြီး ဖြစ်သော်လည်း သွေးနီဥများ ပျက်စီးသွား၍ အသားအရေးသည် ဖြူဖျော့၍နေသည်။ အင်အား ကုန်ခမ်းနေပုံလည်းရသည်။ လုံးဝရောဂါပျောက်ကင်းပြီး အားအင်ပြည့်ဖြိုးသည်အထိ ဆေးကုသမှုအားခံယူရန် တော်လှန်ရေး၏ အခြေအနေက မပေး….။ မနက်ဖြန်တွင်ပင် အထက်ဗမာပြည်တိုင်းစစ်ဌာနချုပ်သို့ ပြန်ရမည်။ ပြန်ရန်အတွက် ဆေးရုံပေါ်မှာပင် ပြင်ဆင်စရာရှိသည်တို့အား ပြင်ဆင်ရ၏။ သူနှင့်အတူ ယူသွားမည့် စာရွက်စာတမ်းများအား သခင်တင်မြက ဆေးရုံသို့လာ၍ပေးသည်။ ဗိုလ်မှူးဗထူးက သခင်တင်မြအား …..
“အထက်ကို မြန်မြန် ပြန်တတ်မှ။ အင်္ဂလိပ်တပ်တွေ ပခုက္ကူဖက်ကနေ ဧရာဝတီမြစ်ကိုဖြတ်ကူးပြီး အရှေ့ဖက် ရောက်လာပြီ။ မိတ္ထီလာကို ဦးတည်နေတယ်။ ရွှေဘိုဖက်က တပ်တွေလည်း သပိတ်ကျင်းဖက်ကနေ အရှေ့ဖက်ကမ်းကို ဖြတ်ကူးလိမ့်မယ်ထင်တယ်။ ဒါကြောင့်ကျနော်တို့ မန္တလေးမြန်မြန်ပြန်ရောက်ဖို့ လိုတယ်။ မနက်ဖြန် ရန်ကုန်က ကျနော်တို့ ထွက်မယ်။ ဗိုလ်ချုပ်ကလည်း ကျနော်တို့ အမြန်ဆုံး အထက်ပြန်ဖို့ ပြောတယ်။ အင်္ဂလိပ်တပ်တွေနဲ့ ကျနော်တို့ ပထမဆုံးတွေ့ ကြမှာပဲ။ အင်္ဂလိပ်တပ်တွေနဲ့ နီးကပ်လာတာနဲ့ ဂျပန်တွေကို စတင်ချဖို့ ဗိုလ်ချုပ်က မှာလိုက်တယ်။ အင်္ဂလိပ်တပ်နဲ့ အဆက်ရရ၊ မရရ သူတို့ဆီက အကူအညီ ရရ မရရ ဂျပန်ကိုတော့ ရှိတဲ့လက်နက်နဲ့ ထချရမှာဘဲ”
အင်အား ဖျော့တော့သော်လည်း ဗိုလ်မှူးဗထူး၏အသံသည် ယုံကြည်ချက်ကြောင့် “မာ”၍နေသည်။ အထက်ဗမာပြည်၏ စစ်ရေးအခြေအနေကြောင့် ဗိုလ်မှူးဗထူးသည် ဖက်ဆစ်တော်လှန်ရေးအား သီးခြားခွဲ၍ စောစီးစွာပင် စတင်ခဲ့ရသည်။ (B.D.A) တပ်တစ်ဖွဲ့လုံးအား မထိခိုက်စေရန် ဗိုလ်မှူးဗထူးသည် တပ်မတော်မှ ခွဲထွက်၍ ဂျပန်အားတော်လှန်ရသည့် ဟန်နှင့် စတင်ခဲ့ရခြင်းဖြစ်သည်။ ဗိုလ်မှူးဗထူးသည် သူ၏ တိုင်းစစ်ဌာနချုပ်အား မန္တလေးအရှေ့ဖက်၌ အခြေခံလှုပ်ရှားစေခဲ့ပြီး ဗိုလ်ရဲခေါင်၏ မြစ်ငယ်စက် အမြောက်တပ်ရင်းအား ပုလိပ်နှင့် စစ်ကိုင်းဖက်တွင် လှုပ်ရှားစေ၏။ ဗိုလ်သိန်းဦး၏ စစ်ကိုင်းအမြောက်ကြီးတပ်က စစ်ကိုင်းတွင်ပင် အခြေပြုလှုပ်ရှားပြီး ဂျပန်တပ်မတော်အား တိုက်ခိုက်သည်။
မဟာမိတ်တပ်များက ကျောက်ဆည်၊ ကူမဲမြို့များအား သိမ်း၏။ မဟာမိတ်တပ်မှူးများနှင့် ဗိုလ်မှူးဗထူး ညှိနှိုင်းတိုင်ပင်၍ ရှမ်းပြည်နယ်အတွင်းသို့ ဆုတ်ခွာနေသည့် ဂျပန်တပ်များအား ပိတ်ဆို့ဖြတ်တိုက်ရန် ဗိုလ်မှူးဗထူး၏ တိုင်းစစ်ဌာနချုပ်သည် ရှမ်းပြည်နယ်သို့ချီမည်။ ကျောက်ဆည်မှ ကလော….။ ကလောမှ အောင်ပန်း….။ ဗိုလ်မှူးဗထူး၏ တိုင်းစစ်ဌာနချုပ်သည် တစ်မြို့ပြီးတစ်မြို့အားသိမ်း၏။ တစ်ရွာပြီးတစ်ရွာအား သိမ်းပိုက်၏။
“တုတ်ထိုးရေ” ရွာတိုက်ပွဲက ပြင်းထန်သည်။ ဂျပန်တပ်မှူးကြီးတစ်ယောက် အပါအ၀င် ဂျပန်တပ်သား (၃၈)ယောက်ကျသည်။ ဗိုလ်မှူးဗထူး၏ တိုင်းစစ်ဌာနချုပ်သည် “တယ်လူး”စခန်း၌ စခန်းချရင်း “အောင်ပန်း”မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေရသည်။ မုန်သုန်မိုးက တယ်လူးစခန်းပေါ်သို့ သည်းသည်းမဲမဲနှင့် သွန်းချ၍နေသည်။ ရာသီက ဆိုး၏။ တိုက်ပွဲများက ပြင်းထန်၏။ စစ်ချီခရီးက ကြမ်း၏။ ဗိုလ်မှူးဗထူး၏ ငှက်ဖျားရောဂါက အပြင်းအထန်ဆိုးရွား၍ လာသည်။ စိတ်ဓါတ်နှင့် တင်းခံနေသော ခန္ဓာသည် ရောဂါဘယ၏ ဖိစီးမှု့အား အရှုံးပေးရတော့မလို ဖြစ်လာ၏။ ဓာတုဆေးဝါးနှင့် ကျားကန်ရန်ပင် မတတ်သာတော့….။
၁၉၄၅ ခုနှစ် ဇွန်လ (၂)ရက်နေ့တွင်ပင် တယ်လူးစခန်း၌ ဗိုလ်မှူးဗထူး ကွယ်လွန်ခဲ့၏။
ထိုနေ့က…. တယ်လူးတွင် တနေ့လုံး မိုးများစွေခဲ့၏။
“သူသည် ကမ္ဘာအနှံ့အပြားတွင် အရေးလည်းပါ အရာလည်းရောက်လုဆဲဖြစ်သော အလုပ်သမားလူတန်းစားမှ ပေါ်ထွက်လာခဲ့သည်။ သူသည် သူကဲ့သို့ အခွင့်အရေးမရှိသော အလားအလာရှိသူ အများအပြား ပေါ်ထွက်စေနိုင်သော လွတ်လပ်ရေးကို အလိုရှိခဲ့သည်။ ရှိသည့်အတိုင်းလည်း လုပ်ခဲ့၍စွန့် ခဲ့သည်။ ၀ံ့ခဲ့သည်။ သို့သော် သူကား ရေတိမ်တွင်နစ်ခဲ့သည်။” (ဗိုလ်ချုပ်အောင်ဆန်း)
မင်းဆွေသစ်
ကိုးကား-
- မြဟန်၏ ဗိုလ်ချုပ်၏စာပေလက်ရာ
- သခင်တင်မြ၏ ဘုံဘ၀မှာဖြင့် အတွဲ ၅၊၆
- ကျောက်ဆည်မောင်မောင်၏ ကိုယ်တွေ့မှတ်တမ်း
- လေထီးဦးအုန်းမောင်၏ နှစ်ပေါင်း ၅၀ ကြာသော်အခါ
- မိုးဂျာနယ် ၁၉၉၉ ခုနှစ် မေလ
ဗိုလ်မှူးကြီးဗထူး....အပိုင်း(၁)
(ဖက်ဆစ်တော်လှန်ရေးတွင် ကျဆုံးသွားသည့် သူရဲကောင်းအပေါင်းအား ဦးညွှတ်လျက်…..)
“သူသည် အကျင့်သိက္ခာရှိ၏။ ဥာဏ်ရှိ၏။ သတ္တိရှိ၏။ ၀ီရိယရှိ၏။ သူသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ တလွှားတွင်ပါ ကျော်ကြားသော စစ်ခေါင်းဆောင်၊ စစ်သူရဲ ဖြစ်နိုင်၏။ သူ့တွင် နိုင်ငံရေး သန္ဓေဥာဏ်လည်း ရှိ၏။ သူသည် လွတ်လပ်ရေးကို အလိုရှိခဲ့သည်။ ရှိသည့် အတိုင်းလည်း လုပ်ခဲ့၏။ စွန့်ခဲ့၏။ ၀ံ့ခဲ့၏။ သို့သော်…. သူကား ရေတိမ်တွင် နစ်ခဲ့သည်။ ဗိုလ်ဗထူးကား ကျွန်ုပ်တို့နှင့် မရှိတော့ပြီ”
(ဗိုလ်ချုပ်အောင်ဆန်း)
ဗိုလ်မှူးဗထူးစာအုပ် ဥယောဇဉ်မှ….
(က)
၁၉၄၃ ခုနှစ်။
ပျဉ်းမနားမြို့ အရှေ့ဖက်တွင်ရှိသော “ဘိုကိတ်ခြံ”၀င်းအတွင်းသို့ ဗမာ့ တပ်မတော်သားများ အစုလိုက်… အစုလိုက်၊ ချီတတ်၍ ၀င်ရောက်လာကြသည်။ ယခင်က တိတ်ဆိတ်ငြိမ်သက်နေသော ခြံဝင်းကြီးသည် တပ်မတော်သားများ၏ ချီတက်ဝင်ရောက်လာသံနှင့် ညံစည်၍ နေတော့သည်။
တပ်မတော်သားတို့က တပ်ရင်း(၅)နှင့် (၆)တို့မှ ဖြစ်ကြသည်။ ဤရဲဘော်တပ်သားတို့နှင့် ထိုနေ့က….. ထိုနေရာတွင်ပင် ဗမာ့တပ်မတော် စက်မှုလက်မှုတပ်ရင်း အမှတ် (၁)အားဖွဲ့စည်းခဲ့၏။ တပ်ရင်းမှူးက…. ဗိုလ်မှူးဗထူး။ ဗိုလ်မှူးဗထူးသည် တပ်ရင်း စုဖွဲ့မှုအား စုဖွဲ့ပြီး တပ်ရင်းတစ်ရင်းလုံးအား တန်းစီစေ၍ မိန့်ခွန်းပေးလေသည်။ မိန့်ခွန်းက တိုတိုရှင်းရှင်းပင်…..
“ဒီကနေ့ဆိုရင် ငါတို့တတွေဟာ ဗမာ့ရန်သူမှန်သမျှကို တိုက်ခိုက်ချေမှုန်း သုတ်သင်ဖို့အတွက် တပ်ရင်းတစ်ရင်း အနေနဲ့ အင်အားစုတခု တိုးတတ်လာတဲ့နေ့လို့ မှတ်ယူထားကြရမယ်။ ငါတို့တပ်ရင်းရဲ့ တာဝန်ကတော့ ပထမ စက်မှုလက်မှုတာဝန်ရပ်များကို သင်ကြားရမယ်။ အဲဒီပညာရပ်တွေ တတ်မြောက်ပြီးတာနဲ့တပြိုင်နက် စစ်မြေပြင်ကို ချီတက်ထွက်ခွာပြီး ဗမာ့ရန်သူမှန်သမျှ ချေမှုန်းကြရမယ်။ လူရယ်လို့ ဖြစ်လာကြရင် မိမိတို့ရဲ့ လွတ်လပ်မှုကို လူတိုင်း လိုလားအပ်တဲ့ ကိစ္စတစ်ခုဘဲဆိုတာကို ရဲဘော်တို့ သဘောပေါက်နားလည်ပြီး ဖြစ်ကြလိမ့်မယ်လို့ ယူဆတယ်။ ဒီလိုလွတ်လပ်မှု ရရှိရေးအတွက် ထမင်းစားပြီး အလကားနေလို့ မရဘူး။ ကိုယ့်တာဝန်နဲ့ကိုယ် ကြိုးစား ဆောင်ရွက်ကြရမယ်။ ဒို့ရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ရေးကို မရ ရအောင် ယူရမယ်။ ဘယ်သူမှ ဒို့အပေါ်ကို ချုပ်ချယ် အုပ်ထိန်းထားတဲ့ လွတ်လပ်ရေးမျိုး မလိုချင်ဘူး။ တကယ်အချုပ်အချယ် လွတ်ကင်းတဲ့ လွတ်လပ်ရေးမျိုးကို အရ တိုက်ယူရမယ်။ ဒါဟာ ငါတို့ရဲ့ အဓိက တာဝန်ပဲလို့ မှတ်ကြ”
(ခ)
၁၉၄၃ခုနှစ် အောက်တိုဘာလအတွင်း ဗိုလ်ဗထူး၏ စက်မှုလက်မှုတပ်ရင်းသည်။ အာသံ၊ မဏိပူရနယ်စပ်ဆီသို့ နီပွန် တပ်မတော်နှင့်အတူ ချီတတ်ရလေသည်။ နီပွန်တပ်မတော်ကြီးက “ဆူဘတ်ချန်ဒရာဘို့” ၏ အိန္ဒိယ လွတ်မြောက်ရေး တပ်သားတို့နှင့် ပေါင်း၍ “အင်ဖာဂျာရေကား”အား သီဆိုကြွေကြော်ရင်း “အင်ဖာ”စစ်မြေပြင်သို့ ချီတက်၍ နေကြသည်။ ဗိုလ်မှူးဗထူး၏ အမှတ် (၁)စက်မှုလက်မှု တပ်ရင်းက “အင်ဖာဂျာရေးကား” မဟုတ်….။ “အင်ဖာဂျာရေးကား”များအတွက် လမ်းဖောက်၊ တံတားဆောက်၊ လေယာဉ်ပျံ ကွင်းဖောက် ပေးကြရခြင်း ဖြစ်သည်။ ဆောက်ရင်း…. ဖောက်ရင်း…. ချီတတ်ကြရ၏။
မဲဇာတံတားအား ဆောက်ကြရ၏။ “ဟဲဟိုး” တပ်သားတို့လည်း ပါ၏။ “ဟဲဟိုး”တပ်ဟူသည်က ဂျပန်တို့က မြန်မာ့ မြေပေါ်တွင် မြန်မာများနှင့် ဖွဲ့ထားသည့် ဂျပန်တို့ခိုင်းလိုရာ ခိုင်းနိုင်ရန် အတွက်ဖွဲ့ထားသည့် တပ်ဖြစ်သည်။
လက်နက်တော့ မကိုင်ရ….။
မဲဇာတံတားပြီးလျှင်…. လေယာဉ်ပျံကွင်း ဖောက်ရ၏။ လေယာဉ်ပျံကွင်းက “အင်းတော်”မှ အထက်ဖက် “စေတီကုန်း”ရွာအနားတွင် ဖြစ်သည်။ “ဥရုမြစ်”နှင့် နှစ်မိုင်ခန့် ဝေးသည့် တောင်ခြေတွင်ဖြစ်သည်။ လေယာဉ်ပျံကွင်းက ကိုင်းတောင်ကြီးအားရှင်း၍ မြေညှိပြီး ဖောက်ကြရခြင်းဖြစ်၏။ လေယာဉ်ပျံကွင်း ဖောက်ရာတွင်လည်း အေးအေးဆေးဆေး လုံလုံခြုံခြုံနှင့် အလုပ်ကို လုပ်ကြရခြင်းမဟုတ်…..။ တနေ့လျှင်…. လေး ငါးကြိမ်ခန့် ပုံမှန်လာ၍ မဟာမိတ် တိုက်လေယာဉ်တို့က ဗုံးကြဲ၏။ စက်သေနတ်နှင့် ပစ်၏။ လေယာဉ် လာလျှင် အလုပ်ကိုရပ်၍ ကိုင်းတောအတွင်း ပုန်းကြရသည်။ လေယာဉ်ပြန်မှ အလုပ်ကိုလုပ်ကြရ၏။ ပုန်းလိုက်၊ လုပ်လိုက်နှင့် အလုပ်က မတွင်ကျယ်….။ ဤတွင် ဗိုလ်မှူးဗထူးက ရဲဘော်တိုင်းအား ကိုင်းစီးတစ်စီးစီ ခုတ်ခိုင်း၏။ ပြီးလျှင်… အဖျားအား စည်းစေသည်။ လေယာဉ်လာလျှင်…. ကိုယ်လုပ်နေတဲ့ အလုပ်ကိုရပ်ပြီး၊ ကိုယ့်နေရာမှာပင် မတ်မတ်ရပ်၍ ကိုင်းစည်းအား ခေါင်းတွင် စွတ်ထားရန် ညွှန်ကြား၏။ လေယာဉ်ပျံပေါ်က ကြည့်လျှင်…… ကိုင်းပင် အစုလေးများဖြင့်သာ မြင်ရမည်။ အန္တရာယ်မရှိနိုင်။ မျက်ကွယ်ရစေ၏။ ယခင်ကလို ရှောင်လုပ်၊ ပုန်းလိုက်နှင့် အချိန်မကုန်တော့….။ ရဲဘော်အားလုံး ကိုင်းစည်း ကိုယ်စီနှင့်။ ဗိုလ်မှူးဗထူးသည်လည်း ကိုင်းပင်စည်း တစ်စည်းနှင့်….။
(ဂ)
လေယာဉ်ပျံကွင်း ဖောက်ပြီးသည့်နောက်… “ဥရုမြစ်”အား ကူးရန် “ညတံတား”တစ်စင်း ဆောက်ကြရပြန်သည်။ ညတံတားဟူသည်ကား နေ့ဖက်တွင် ဖြုတ်သိမ်းပြီး ညဖက်တွင် တံတားအဖြစ် ပြန်တပ်ဆင်းရသည့် တံတားဖြစ်သည်။ ညတံတားက နေ့တံတားဆောက်သည်ထက် ခက်ခဲ၏။ လက်ဝင်၏။ ဤစစ်ချီရာ ခရီးလမ်းကြောင်း နေရာများတွင်က မဟာမိတ်တို့၏ လေကြောင်းတိုက်ခိုက်မှုက နေ့စဉ်ရှိ၏။ နေ့တံတားထိုးပါက မဟာမိတ်တို့၏ “ဗုံးစာ”အား ချက်ချင်းမိသွားမည် ဖြစ်သည်။ ညတံတားဆောက်၍ ပြီးသည့် နေ့တွင်ပင်….. ဗိုလ်မှူးဗထူး၏ တပ်ရင်းအား “တုန်မဟီး”စခန်းသို့ ပြောင်းရွှေ့ရန် အမိန့်ဝင်လာ၏။ မတတ်နိုင်။ ချက်ချင်းပင် တပ်ထွက်နိုင်ရန် ပြင်ဆင်ရသည်။ “ဥရုမြစ်”အား သူတို့ဆောက်ခဲ့သည့် ညတံတားမှကူး၍ “တုန်မဟီး”သို့ ချီကြရမည်။ နေ၀င်ချိန်အား စောင့်ကြရသည်။ မှောင်မှ ညတံတားခင်းပြီး “ဥရုမြစ်”အား ကူးကြရမည်။ ညနေ လေးနာရီခန့်တွင် မဟာမိတ်လေယာဉ်တို့လာပြီး သူတို့ ဖျက်ကူးကြရမည့် ညတံတားထိုးမည့် နေရာများသို့ ဗုံးများကြဲ၏။ မဟာမိတ်တို့၏ ဗုံးများက ချက်ချင်းပေါက်ကွဲစေသည့် ဗုံးများမဟုတ်….။ အချိန်ကိုက်ဗုံးများ ဖြစ်သည်။ ဗုံးများက ရာချီ၍ ရှိသည်။ တံတား၊ ကမ်းပါးနှင့်….. သူတို့ ချီမည့်လမ်းကြောင်း…..။ ဗုံးကွင်းကြီး ဖြစ်နေသည်။ နှစ်မိုင်ခန့်ကျယ်သည့် သတ်ကွင်းကြီး ဖြစ်နေ၏။ ဘယ်အချိန် ကွဲမည်မှန်း မသိသော ဗုံးများနှင့် ဤသတ်ကွင်းကြီးအား သူတို့တပ်ရင်း ဖြတ်ကျော်ကြရမည်။ မလွယ်….။ ဗိုလ်မှူးဗထူးကမူ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပင်….။ ညမှောင်သည်နှင့် တံတားထိုးပြီး သူတို့တပ်ရင်းတစ်ရင်းလုံး ဖြတ်ကူးကြ၏။ ကူးနေစဉ် တံတားအနီး ဥရုမြစ်အတွင်းမှ ချိန်ကိုက်ဗုံးနှစ်လုံးစကွဲ၏။ တံတားပေါ်တွင်ပင် ရဲဘော်တို့ဝပ်ကြ၏။ ဗိုလ်မှူးဗထူးက… တံတားပေါ်တွင်ပင် မတ်မတ်ရပ်လျက်နှင့် ရဲဘော်များအား ညွှန်ကြား၏။
“ရဲဘော်တွေ ဘာမှမကြောက်နဲ့ ဒီဗုံးတွေဟာ ရေထဲကပေါက်တာ ရေကိုတိုးပြီး ဗုံးဆံတတ်မလာနိုင်ဘူး။ ဘာမှမစိုးရိမ်ကြနဲ့ တံတားအတက်အဆင်း နားတွေကိုသာ သတိထားသွားကြ။ နောက်ပြီး အခု “လ”ကလည်း သာနေလေတော့ လေယာဉ်ပျံအသံကို သတိပြုရမယ်။ ဒါကြောင့် ဖြည်းဖြည်းလမ်းလျှောက်သွားလို့ မဖြစ်တော့ဘူး။ အပြေးသွားကြရမယ်။ တံတားနဲ့ တစ်မိုင်လောက်ကျမှ ဗုံးတွေချထားတဲ့နေရာက လွတ်မယ်။ ဒါကြောင့် အခုအချိန်ကစပြီး အားလုံးအပြေးတက်ကြရမယ်”
တပ်ရင်းတစ်ရင်းလုံး အပြေးချီတက်ကြ၏။ ချိန်ကိုက်ဗုံးများက ပြန့်ကျဲ၍နေသည်။ နှစ်နာရီခန့် အပြေးချီတတ်ခဲ့ပြီးနောက်…. သူတို့ဖြတ်ကျော်ခဲ့သည့် ဥရုမြစ်နားဆီမှ ဗုံးပေါက်ကွဲသံများအား ဆူညံစွာ ကြားကြရ၏။
(ဃ)
မိုးက သည်းသည်းမဲမဲပင်ရွာ၏။ မိုးရေထဲမှာပင် ဗိုလ်မှူးဗထူး၏ စက်မှုလက်မှုတပ်ရင်း (၁)သည် လမ်းဖောက်နေကြရသည်။ လမ်းက…. မြန်မာပြည်မှ မဏိပူရသို့ဖြတ်မည့် လမ်းဖြစ်သည်။ နယ်ခြား ကျောက်တိုင် (BP)အမှတ် (၃)နှင့် (၅)အကြားရှိ တောင်ကုန်းအမှတ်ပွိုင့် ၀၂၄၄အား ဖြတ်ကျော် ဖောက်လုပ်ရမည့် လမ်းဖြစ်သည်။ ပွိုင့် ၀၂၄၄ မှတဆင့် မဏိပူရနယ်အတွင်းရှိ “တန်ကူနာဂ”တောင်တန်းကြီးအား ဖြတ်ကျော်၍ အင်ဖားနှင့် “ကိုဟီးမား”သို့…။ ထိုစဉ်က…. ဂျပန်တို့သည် အင်္ဂလိပ်တို့၏ “ကိုဟီးမား” စစ်စခန်းအား သိမ်းပိုက်ရန် စိတ်စော၍ နေကြသည်။ လမ်းက လူသွားလမ်းအား စစ်သုံးယာဉ်များ သွားနိုင်မည့် လမ်းအဖြစ် ဖောက်ကြရမည်ဖြစ်သည်။ ဤလမ်းအား ဖောက်နေစဉ်မှာပင် ကြေးနန်းက၀င်လာ၏။ ဗိုလ်မှူးဗထူး၏ အမှတ် (၁) စက်မှုလက်မှု တပ်ရင်းအား “စစ်သောင်”စခန်းသို့ အမြန်လာရန် ခေါ်သည့်ကြေးနန်း….။ ချက်ချင်းပင် မဏိပူရ လမ်းဖောက်ရာမှ စစ်သောင်သို့ သွားရန်ပြင်ရပြန်သည်။ စစ်သောင်သို့ သစ်ဖောင်များဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းကြရသည်။ မဟာမိတ်တပ်များ၏ တိုက်လေယာဉ်များက ချင်းတွင်းမြစ်ရိုးတစ်လျှောက်အား နေ့နေ့ညည ဗုံးမိုးရွာနေ၏။ စစ်သေနတ်နှင့် မွှေနေ၏။ ဤအကြားတွင်ပင် အမှတ် (၁)စက်မှုလက်မှုတပ်ရင်းသည် စစ်သောင်သို့ အရောက်ချီခဲ့ကြရ၏။ စစ်သောင်သို့ချီရာ ခရီးက…. ကြမ်း၏။ ရာသီဥတုက ဆိုး၏။ ရိက္ခာက အပြတ်ပြတ် အလှပ်လှပ်….။ ရဲဘော်တို့ ပင်ပန်းဆင်းရဲစွာနှင့် ချီခဲ့ကြရသည်။
စစ်သောင် စခန်းသို့ရောက်သည်နှင့် စခန်းတာဝန်ခံ ဂျပန်ဗိုလ်မှူးကြီးက ဗိုလ်မှူးဗထူးနှင့် တပ်ရင်းအရာရှိများအား ခေါ်တွေ့၏။ ဗိုလ်မှူးဗထူးတို့နှင့်အတူ အမှတ် (၁)စက်မှုလက်မှုတပ်ရင်း ဂျပန်အကြံပေးအရာရှိ အရာခံဗိုလ် တစ်ဦးလည်းပါ၏။ စစ်သောင်စခန်းတာဝန်ခံ ဂျပန်ကာနယ်ကြီးသည် မိုးကာတဲတစ်ခုအတွင်းရှိ ပက်လက် ကုလားထိုင် တစ်လုံးပေါ်၌ အမိန့်သား ထိုင်နေ၏။ “ကူဝါး”ဂျပန် စီးကရက်အား ရှိုက်ဖွာ၍ မှိန်းနေသည်။ ဗိုလ်မှူးဗထူးတို့ဝင်လာသည်ကို သိဟန်မပြု….။ ဗိုလ်မှူးဗထူးသည် သူနှင့်အတူပါလာသည့် ဂျပန် အရာခံဗိုလ်အား…..
“ဟေ့…. မေးလေကွာ… ဘာကိစ္စခေါ်တွေ့ တာလဲဆိုတာ…..” ဟု မေးခိုင်း၏။
ဂျပန်အရာခံဗိုလ်က ဂျပန်ဗိုလ်မှူးကြီးအား မမေးရဲ…..။ ကြောက်ရွံ့ရွံ့ လုပ်နေသည်။ ဗိုလ်မှူးဗထူးသည် စိတ်မရှည်….။
“ဟေ့…. တို့အကြာကြီး ရပ်မနေနိုင်ဘူး။ မေးလေကွာ….” ဟု အသံကျယ်ကျယ်နှင့် အရာခံဗိုလ် နေမျိုးနွယ်အား ပြောလေသည်။ ဗိုလ်မှူးဗထူး၏ အသံကြောင့် ကာနယ်ကြီးသည် မှိန်းနေရာမှ မျက်လုံးဖွင့်ကြည့်၏။ ပြီးလျှင်….. တစ်ယောက်စီအား မုန်တေတေအကြည့်နှင့် ကြည့်ပြီး…..
“ငါဟာ…. စစ်သောင်-အင်ဖားလမ်း ဖောက်လုပ်ရေးရဲ့ တာဝန်ခံဖြစ်တယ်။ အခုခေါ်တဲ့အကြောင်းက လမ်းဖောက်လုပ်ဖို့ အရေးကြီးနေတဲ့အတွက် အမှတ် (၁)စက်မှု လက်မှုတပ်က ရဲဘော်တွေကို အနားမပေးပဲ အခုချက်ချင်း လမ်းဖောက်လုပ်ကြရမယ်”ဟူ၍ ဂျပန်လိုပြော၏။ ဗိုလ်မှူးဗထူးက…..
ရဲဘော်တွေဟာ ခရီးအလွန် ပင်ပန်းလွန်းနေတယ်။ အအိပ်ပျက်၊ အစားပျက်နဲ့ ခရီးဆက်လာခဲ့ရတယ်။ ဒီနေ့လည်း ဆန်မရှိလို့တစ်နေ့လုံး အခုထိ ထမင်းမစားကြရသေးဘူး။ အဲဒီအတွက် အနားပေးဖို့လိုမယ်...” ဟူ၍ စကားပြန်မှတဆင့် ဂျပန်ဗိုလ်မှူးကြီအား ကောင်းမွန်စွာပင် ပြန်ပြော၏။ ဗိုလ်မှူးဗထူး၏ စကားဆုံးသည်နှင့် ဂျပန်ကာနယ်ကြီးသည် ဒေါသတကြီးနှင့်….
“ဒါ.. စစ်မြေပြင်ဖြစ်တယ်။ စစ်မြေပြင်မှာ အထက်က အမိန့်ပေးရင် ဘာမဆိုလုပ်ကြရမယ်။ မလုပ်နိုင်ဘူးဆိုရင်…. အာဏာ ဖီဆန်တဲ့အတွက် သေဒဏ်အထိ ပေးနိုင်တယ်။ ထမင်းမစားရတာ စားရတာဟာ အခု ငါခိုင်းတဲ့အလုပ်နဲ့ ဘာမှ မဆိုင်ဘူး။ ခိုင်းတာကိုသာ လုပ်ရမယ်”ဟူ၍ မာန်မဲပြောဆိုလေသည်။
ဗိုလ်မှူးဗထူး၏ မျက်နှာသည် ဒေါသနှင့် နီမြန်းလာပြီး ဂျပန်စကားပြန် အရာခံဗိုလ်အား……
“ဟေ့…. မင်းအကောင်ကြီးကို ပြောလိုက်ပါ။ ငါတို့လူတွေ တိရစ္ဆာန် မဟုတ်ဘူး။ လူဆိုတာ အိပ်ချိန်၊ စားချိန်၊ နားချိန်ဆိုတာ ရှိရတယ်။ မင်းတို့က လူလို ဆက်ဆံနည်းမျိုးမဟုတ်ပဲ ငါတို့ကို တောထဲက တိရစ္ဆာန်လို သဘောထားလို့သာ ဒီလို မတရားပြောတာ။ မင်းတို့ခိုင်းတိုင်း လုပ်ရမလား။ အခု ငါလူတွေ ပင်ပန်းလာတဲ့အပြင် ထမင်းလည်း လုံးဝမစားကြရသေးဘူး။ ဒါကြောင့် ငါ အနားပေးခိုင်းထားတယ်။ အဲဒီလို နားပြီးလို့ အလုပ် စလုပ်တဲ့နေ့မှာ မင်းတို့ခိုင်းချင်သလို ခိုင်း တို့တာဝန်ကျေအောင်တော့ လုပ်ပေးမှာပဲ။ ဒီနေ့တော့ ဘယ်ကောင် လာခိုင်းခိုင်း လုံးဝ အလုပ်မလုပ်နိုင်ဘူး။ ခိုင်းချင်တဲ့အကောင် လာခိုင်းလှည့် ဗထူးအကြောင်း သိသွားမယ်”
စကားပြန်၏ စကားဆုံးသည်နှင့် ဂျပန်ကာနယ်ကြီးသည် ထိုင်နေရာမှ ၀ုန်းဆို ထရပ်လိုက်ပြီးလျှင် ဗိုလ်မှူးဗထူးအား စားမတတ်၊ ၀ါးမတတ် ကြည့်၏။ ပြီးလျှင်….. ရှေ့သို့ ခြေတစ်လှမ်းတိုးလာ၏။ အားလုံးက ဂျပန်ဗိုလ်မှူးကြီးသည် ဗိုလ်မှူးဗထူးအား ပါးရိုက်လိမ့်မည်ဟု ထင်လိုက်ကြ၏။ ဂျပန်ဗိုလ်မှူးကြီးသာ ဗိုလ်မှူးဗထူးအား ပါးရိုက်လိုက်ပါက ပြဿနာသည် မတွေးရဲစရာ….။ ဗိုလ်မှူးဗထူးသည် ဂျပန်ဗိုလ်မှူးကြီး ရှေ့တစ်လှမ်းတိုးလိုက်သည်နှင့် သူ၏ညာဖက်လက်သည် ဘယ်ဖက်ခါးတွင် ချိတ်ထားသော ဓါးရိုးပေါ်သို့ ဆုတ်ကိုင်လိုက်၏။ အားလုံးက ထိတ်လန့်၍ စိုးရိမ်သွားကြ၏။ ကာနယ်ကြီး နောက်ထပ် ရှေ့တစ်လှမ်း တိုးလိုက်ပါက ဆက်၍ မတွေးရဲကြ။ တိတ်ဆိတ်မှုက မိမိ၏နှလုံးခုန်သံကိုပင် ပြန်၍ကြားနေရ၏။ တဒင်္ဂ အသက်ရှုရန် အားလုံးမေ့နေကြ၏။ သို့သော်…. ဂျပန်ဗိုလ်မှူးကြီးသည် ရှေ့သို့ ဆက်၍မတိုးလာ…..။ ရပ်မြဲရပ်နေ၏။ သူ၏မျက်နှာသည်လည်း ချက်ချင်းပင် အလျင်အမြန် ပြောင်းလဲသွား၏။ နီးမြန်းနေသောမျက်နှာ၊ ဒေါသကြီးနေသော အသွင်အပြင်သည် ရုတ်ချည်းပင် ပြောင်းလဲသွား၏။ အပြုံးသည် ကာနယ်ကြီး၏ မျက်နှာတွင် လျှက်ပြက်ကဲ့သို့ ပေါ်လာ၏။ ပြီးလျှင် ပြုံးချိုသောမျက်နှာ၊ ချိုသောစကားတို့နှင့် မြန်မာလိုပင် ပီပီသသဆိုလာ၏။
အင်ဖာစစ်မျက်နှာရှိ ဂျပန်တပ်တို့၏ အခြေအနေ…. ထောက်ပို့ကိစ္စ အရေးတကြီးလိုအပ်ပုံ….. အချိန်နှင့်အမျှ ထောက်ပို့ လမ်းကြောင်းပေါ်မူတည်၍ စစ်ပွဲသည် အဆုံးအဖြတ်ဖြစ်သွားနိုင်ပုံတို့အား ရှင်းပြ၏။ ဤအတွက် အခုလို ခိုင်းရခြင်းဖြစ်ကြောင်း ဖြောင်းဖြောင်းဖျဖျနှင့် တောင်းပန်လေသည်။
ဗိုလ်မှူးကြီး ဗထူး၏လက်က ဓါးရိုးပေါ်တွင်ပင် ဆက်ကိုင်ထားဆဲ…..။ စစ်သောင်-အင်ဖာလမ်းကြောင်း ဖောက်လုပ်နေစဉ်မှာပင် ရန်ကုန်စစ်ဝန်ကြီးရုံးမှ ဗိုလ်မှူးဗထူးအား ရန်ကုန်သို့ဆင်းလာရန်ခေါ်၏။ ကြေးနန်းနှင့် ခေါ်ခြင်းဖြစ်သည်။ ကြေးနန်းက ဂျပန်ရှေ့တန်းစစ်ဌာနချုပ်မှ တဆင့်တတ်လာသော ကြေးနန်းဖြစ်သည်။
ဂျပန်ဗိုလ်မှူးကြီးနှင့် ဓါးချင်းယှဉ်ခုတ်လုလုနီးနီး ပြဿနာဖြစ်ထားသည့်အတွက် မသင်္ကာဖြစ်ကြရသည်။ ဂျပန်တွေ အကောက်ကြံပြီး တစ်ဖက်လှည့်နဲ့ ဖမ်းဖို့ခေါ်တာလား…..။ ဖြစ်နိုင်ချေတွေက ရှိသည်။ ထိုအချိန်က နေမျိုးနွယ်တို့က သာကီဝင်များအပေါ်တွင် ထင်တိုင်းကြဲ၍ နေစပြုပြီ။ ဖြူးသခင်သန်းဖေတို့အား ဖမ်း၏။ ရက်ရက်စက်စက်စစ်ကြော၏။ တိုင်းချစ်ကိုသိန်းဖေတို့ စစ်ကြောရေးတွင်ပင် အသက်စွန့်သွားရ၏။ ဂျပန်ပြန် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှူးလင်းယုန်၏ ရုံးခန်းသို့ ဂျပန်စစ်ပုလိပ်တစ်ယောက်ဝင်လာပြီး ဗိုလ်လင်းယုန်အား ပါးရိုက်၏။ ဗိုလ်မှူးဗထူးကမူ အေးအေးဆေးဆေးပင်…..။
“ခေါ်လဲသွားတာပေါ့ကွာ၊ ဘာအရေးလဲ။ သူတို့ကတိုင်လို့ တို့စစ်ဝန်ကြီးရုံးက အရေးယူရင်လည်း အကျိုးအကြောင်း ရှင်းပြရုံပေါ့။ အကယ်၍ သူတို့က အကောက်ကြံပြီး ငါကို တဖက်လှည့်နဲ့ ဖမ်းဆီးချင်ရင်တော့ အနည်းဆုံး သူတို့ကြီးကြီးမာစတာ ၄-၅ယောက်နဲ့ ငါ့အသက်လဲသွားမှာပဲ”
ဤသို့ တွေးထင်ထားပုံရ၏။ စိုးရိမ်ကြသကဲ့သို့ မဟုတ်….။ အမှန်ပင် စစ်ဝန်ကြီးရုံးကခေါ်ပြီး ဗိုလ်မှူးဗထူးအား အမှတ် (၁)စက်မှုလက်မှုတပ်ရင်း…. တပ်ရင်းမှူးအဖြစ်မှ အနောက်မြောက်တိုင်း(အထက်ဗမာပြည်တိုင်း) တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခန့်ထားရန် ခေါ်ခြင်းဖြစ်သည်။
(မင်းဆွေသစ်)
Friday, July 24, 2009
Sunday, June 21, 2009
သိစရာ/မှတ်စရာ/ဖတ်စရာ
အမေရိကန် Stanford University ရဲ့ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip
Marterဟာ လွန်ခဲ့တဲ့ နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။
ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ် ရှိသမျှလူဦးရေကို ၁ဝဝ ယောက်လို့
သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။
၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊
အာဖရိကလူမျိုး ၈ ယောက်
၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်
၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝ ယောက်
၎) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်
၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်
၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက
အမေရိကားသားတွေဖြစ်တယ်။
၇) ထင်သလို ဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ
၈) စာမတတ်သူ ၇ဝ ယောက်
၉) အာဟာရ မပြည့်ဝသူ ၅ဝယောက်
၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်
၁၁) ဘွဲ့ရသူ ၁ယောက်
၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ ယောက်
ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင်
ဒီကမ္ဘာကြီးမှာနားလည်လက်ခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ သင်ကြားမှုတွေ
လိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ပိုပြီး
ရှင်းလင်းစွာ တွေ့နိုင်တာက....
အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင်
သင့်အစားဝမ်းသာပါတယ်။ လူဦးရေ ၁ဝ သိန်းဟာ တစ်ပတ်တောင်
အသက်မရှင်နိုင်ခဲ့လို့ပါပဲ။
အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊
နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင်
သင့်အစားဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝ ထက် သင်ဟာ ကံကောင်းတဲ့သူ
ဖြစ်ခဲ့လို့ပါပဲ။
အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊
အဖမ်းခံမထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ
သန်း ၃ဝဝဝ ထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။
အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊
နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ
၇၅%ထက် ချမ်းသာနေလို့ပါပဲ။
အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊
အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈%
ထဲလူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။
အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့
နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။
အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။
လူဦးရေသန်း ၂ဝဝဝ ဟာ စာမဖတ်တတ်လို့ပါပဲ။